Friday, February 18, 2011

Filled Under:

အဂတိလိုက်စားမှုများနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ

၁၉၈၈ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း န၀တ နဲ့ နအဖ စစ်အစိုးရအုပ်ချုပ်တဲ့ ကာလများအတွင်း စီးပွားရေးအရ အချက်အခြာကျတဲ့ နယ်မြေဒေသတွေကိုကိုင်တွယ် အုပ်ချုပ်ရတဲ့စစ်တိုင်းမှူးတွေနဲ့ အခွင့်အလမ်းကောင်း တွေကိုဖန်တီးပေးနိုင်တဲ့ ၀န်ကြီး ဌာနတွေ ကို စီမံအုပ်ချုပ်ရတဲ့ စစ်ဗိုလ်ချုပ်ကြီးများ အားလုံးနီးပါး လာဘ်ပေး၊လာဘ်ယူမှုတွေနဲ့ မကင်းကြပါဘူး။

ဗိုလ်ချုပ်ကြီးခင်ညွန့်က ၀န်ကြီးဌာနအသီးသီးက၀န်ထမ်းတွေ၊ ဥပဒေအရာ ရှိ တွေနဲ့တရားစီရင်ရေးမှာ တာဝန်ရှိတဲ့ တရားသူကြီးတွေကို ဟန်ပြအရေးယူခဲ့တာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့အောက်မှာ တာဝန် ထမ်းဆောင်တဲ့ တိုင်းမှူးတွေ၊ နောက်ပိုင်း ၀န်ကြီးတွေဖြစ်လာတဲ့ ဗိုလ်ချုပ်ထွန်းကြည်တို့ ဗိုလ်ချုပ်ကျော်ဘတို့လို လာဘ်ယူရာမှာ နာမည်ကြီးတဲ့စစ်ဖက်ဆိုင်ရာ အရာရှိတွေကို တော့ ဘာဥပဒေနဲ့မှအရေးယူခဲ့တာမတွေ့ရပါဘူး၊

ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ တပ်မတော်ထောက်လှမ်းရေးဌာနကို ဖျက်သိမ်းပြီး နောက်တက်လာတဲ့ ဗိုလ်ချုပ်ကြီးစိုးဝင်း လက်ထက်မှာလဲ လာဘ်ပေးလာဘ်ယူမှုတွေတိုက်ဖျက်ပြီး တရားဥပဒေစိုးမိုး ရေးကိုဆောင်ရွက်ရမယ်လို့ဆိုပြန်တယ် ဒါပေမဲ့ တပ်မတော်ထိပ်တန်း အရာရှိကြီးများနဲ့ တပ်မ တော်ကနေ အသွင်ပြောင်းလာတဲ့ ဘယ်ဝန်ကြီးကိုမှ အရေးယူခဲ့တာမတွေ့ရပါဘူး။

ဗိုလ်ချုပ်ကြီးသူရ တင်အောင်မြင့်ဦးနဲ့ ရွှေမန်းလက်ထက်ရောက်တော့ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရဘူး လို့ကြွေးကြော်ခဲ့ပေမဲ့လဲ လာဘ်ပေးလာဘ်ယူမှုတွေကို အရေးယူတဲ့ လုပ်ဆောင်မှုတွေကို မတွေ့ရတဲ့အပြင် လယ်ယာမြေ သိမ်းယူမှုတွေ ပိုများလာတာကို တွေ့ရ ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများမှာ မြန်မာနိုင်ငံဟာသယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ ရေနံနဲ့သဘာဝဓါတ်ငွေတွေ၊ အဖိုးတန် ကျောက်မျက်ရတနာတွေ၊ စက်မှုကုန်ကြမ်း တွေအဖြစ် အသုံးပြုတဲ့ ကျွန်းသစ်နဲ့သစ်မာကအစ၊ သစ်တောထွက်ပစ္စည်းတွေ၊ ပင်လယ်ထွက်ကုန် ပစ္စည်းတွေထုတ်လုပ် ရောင်းချပိုင်ခွင့်တွေကို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် တွေနဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် တာဝန်ထမ်းဆောင်နေတဲ့ စစ်တိုင်းမှူးတွေ ကခွင့်ပြုမှ သာလုပ်ကိုင်ဆောင် ရွက်ခွင့်ရ တာပါ။

ဒီလိုလုပ်ကိုင် ဆောင်ရွက်ခွင့်ရဖို့အတွက် လာဘ်ပေးလာဘ်ယူ လုပ်တဲ့အခါမှာလဲ စစ်ခေါင်းဆောင်များရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေက တဆင့် ပေးကမ်းရတာရှိသလို၊ အကျိုးအမြတ်ခံစားနိုင်ဖို့ လုပ်ငန်းတွေထဲမှာ အစုရှယ်ယာထည့်ဝင် ပေးရတာမျိုး၊ ဗိုလ်ချုပ်ကြီးများရဲ့ သားသမီး တွေ တည်ထောင်ထားတဲ့ စီးပွာရေးလုပ်ငန်း တွေနဲ့ပူးပေါင်းလုပ်ကိုင် ရတာတွေလုပ်ပေးရ တာကိုတွေ့ရပါတယ်။

၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာထုတ်ပြန်ပြဌာန်းတဲ့ အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေ၊နဲ့ ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီ ဥပဒေအမှတ် (၁) အများနှင့်သက်ဆိုင် သောပစ္စည်းများကာကွယ် စောင့်ရှောက်ရေးဥပဒေ စတာတွေဟာ စစ်အစိုးရအဖွဲ့ဝင်များနဲ့ မိသားစုအဖွဲ့ဝင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တော့ အလေးထား ဂရုပြုစရာ မလိုတဲ့ အခြေအနေပါ။ ခုတော့ နအဖ စစ်အစိုးရမရှိတော့ပါဘူး။

၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ကစပြီးကျင်းပခဲ့တဲ့ ပြည်သု့လွှတ်တော်က သမ္မတ နဲ့ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်း တည်ထောင်ပြီးပါပြီ။ ပေါ်ပေါက်လာတဲ့အစိုးရအသစ်အနေနဲ့ ဥပဒေပြဌာန်းချက်တွေ အတိုင်းလိုက်နာ ဆောင်ရွက်မလားဆိုတာ ကတော့စောင့်ကြည့်စရာ တောင်မလိုဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရအဖွဲ့သစ်မှာ အများစုပါဝင်တဲ့သူ တွေဟာ ယခင် စစ်အစိုးရလက်ထက်က တပ်မတော်နဲ့ ၀န်ကြီးဌာနအသီးသီးမှာ ရာထူး အမြင့်ဆုံးယူထား ကြတဲ့သူတွေဖြစ်နေလို့ပါပဲ။

ဗိုလ်ချုပ်မှူးကြီး အပါအ၀င်တပ်မတော် ထိပ်ပိုင်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး၊ မြန်မာနိုင်ငံနဲ့အလားတူ အာဏာ ရှင်တွေအုပ်ချုပ်တဲ့နိုင်ငံမှာ အာဏာရှင်တွေရဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ အာဏာရှင်တွေ ပြုတ်ကျတော့မှပဲပြည်သူတွေကသိရတာပါ။ ဗိုလ်ချုပ်မှူးကြီးရဲ့ ချမ်းသာကြွယ်ဝမှုကို သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ တစိပ်တပိုင်းပြည် သူတွေသိမြင်ကြရပြီးပါပြီ ခုတော့ ဗိုလ်ချုပ်မှူးကြီး အပါအ၀င် တပ်မတော်က အနားယူသွား တဲ့ သူတွေ၊ ၀န်ကြီးဟောင်းတွေကို အဂတိလိုက်စားမှုနဲ့အရေးမယူနိုင်သေးပါဘူး နိုင်ငံတကာမှာတော့ ရွေးကောက်ပွဲမကျင်းပခင် ရွေးကောက်ပွဲဝင်မဲ့လွှတ်တော်အမတ်တွေက မိမိတို့ရဲ့ပိုင်ဆိုင်မှုနဲ့စီးပွားရေးလုပ်ငန်းတွေက ရတဲ့ဝင်ငွေတွေကို ဘဏ်စာရင်းနဲ့တကွတင်ပြ လျှောက်ထားပြီးမှသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရွေးချယ်ခွင့်ရတာဖြစ်တယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာအဆင့်အတန်းနဲ့အညီ လိုက်နာဆောင်ရွက်တာမတွေ့ရသေး ပေမဲ့ ယခုကျင်းပနေတဲ့ ၂၀၁၀ ပြည်သူ့လွှတ်တော် ကနေ အတည်ပြုပြဌာန်းတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေမှာတော့ ၀င်ငွေရရှိတဲ့စီးပွားရေး လုပ်ငန်းတွေ၊ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက် လို့တစိပ်တပိုင်းပါလာတာကို တွေ့ရပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၀၀ မှာ နိုင်ငံတ်ာသမ္မတနဲ့ဒုသမ္မတများဟာ မိမိတို့ ဦးစီး တဲ့ တစီးပွားတည်းဖြစ်တဲ့ မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနဲ့ အခြားအဖိုးတန်ပစ္စည်းများကိုတန်ဖိုးနှင့်တကွစာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် နာယက ထံပေးပို့ရမယ် လို့ထည့်သွင်းပြဌာန်းထားတာ ကိုတွေ့ရပါတယ်။ ပြည်ထောင်စု လွှတ်တော်နာယကအဖြစ် တာဝန်ယူထားသူကတော့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဖြစ်ပါတယ်။

ပုဒ်မ ၁၀၁ မှာ လွှတ်တော်၏အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ် များသည် တစီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံပေးပို့ရမည်လို့ပြဌာန်းထားပါတယ်။
ပြဌာန်းထားတဲ့ဥပဒေအတိုင်းလိုက်နာဆောင်ရွက်ခြင်းရှိမရှိ ၊ စာရင်အမှန်တင်းသွင်းခြင်းရှိမရှိ ဆိုတာကိုမသိရသေးပါဘူး၊ ၀င်ငွေရလမ်းမဖေါ်ပြနိုင်တဲ့ကိစ္စရပ်တွေကိုဘယ်လိုအရေးယူ မယ်ဆိုတာကိုလဲထည့်သွင်းပြဌာန်းထားတာမတွေ့ရပါဘူး။

ဒီလိုပေးပို့တဲ့စာရင်းဇယားတွေကို အများပြည်သူသိအောင် နိုင်ငံတော်ပြန်တမ်းမှာ ထည့်သွင်း ထုတ်ပြန်သွားမှာလား ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းသိရအောင် စာရင်း ကောက် ယူခိုင်းတာလား။ နိုင်ငံတကာက မေးမြန်းလာရင် ထုတ်ပြနိုင်ဖို့ပဲရည်ရွယ်ပြဌာန်းတာ လားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

ွှအာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦး အာအက်ဖ်အေသို့ ရေးသားပေးပို့သော ဆောင်းပါးဖြစ်ပါသည်။

0 comments:

Post a Comment