Sunday, March 06, 2011

Filled Under:

တရားရုံးချုပ်က လွတ်လပ်တဲ့တရားစီရင်ရေးကိုမဖေါ်ဆောင်နိုင်

ပြီးခဲ့တဲ့အပတ်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အဖြစ် ရွေးချယ် ခန့်ထားတာ ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါပြဌာန်းချက်ကို သမ္မတကိုယ်တိုင် လိုက် နာဆောင်ရွက်ခြင်း မရှိဘူးဆိုတာကိုတင်ပြခဲ့ပြီးပါပြီ။ ယခု အပတ်မှာတော့ တရားရုံးချုပ် တရားသူကြီးများအဖြစ် ရွေးချယ်ခန့်အပ်တာ ကိုဆက်လက် တင်ပြသွားပါမယ်။ ဆောင်ရွက်ရမဲ့ လုပ်ငန်း သဘောသဘာဝ အရ ထူးခြားတာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လိုအပ်တဲ့အရည်အချင်းတွေကို ထည့်သွင်းရေးဆွဲရတာဖြစ်တယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်က ဒေါက်တာမောင်မောင်က ပြည်သူ တွေရဲ့တရား ကိုပြည်သူတွေကသာ စစ်ဆေးစီရင်မယ် ဆိုပြီး တရားစီရင်ရေး စံနစ်သစ်တခုကို တည်ထောင်ခဲ့ ဖူးပါတယ်။ မြို့နယ်တရားရုံးက အစပြုပြီး တိုင်းတရား ရုံး နဲ့ ဗဟိုတရားရုံး အဆင့်ဆင့်မှာ စစ်တပ်က အနားယူတဲ့တိုင်းမှူးတွေ၊ ဗိုလ်မှူးတွေကို တရားသူကြီးတွေ အဖြစ်ခန့်အပ် ထားပြီးဆောင်ရွက်စေပါတယ်။ စစ်တပ် ကအသွင်ပြောင်းလာတဲ့ သူတွေဖြစ်ပြီး ဥပဒေဘွဲ့ရ သူတွေပါဝင်ပေမဲ့ တရားစီရင်ရေးနဲ့ ကျွမ်းဝင်မှုမရှိ လို့ ဗဟို တရားရုံးက အထူးအယူခံမှုတွေ ဖွင့်လှစ်ပြီးအောက်ရုံး အဆင့်ဆင့်က မှားလာတဲ့အမှား တွေ၊ အဂတိလိုက်စားပြီး စစ်ဆေးစီရင် ခဲ့တဲ့အမိန့် နဲ့စီရင်ချက် တွေကို ပြင်ဆင်ပေးခဲ့ရပါတယ်။

နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံး ဖြစ်တဲ့ ဗဟိုတရားရုံးမှာလဲ စစ်တပ်က အသွင်ပြောင်းလာတဲ့ တိုင်းမှူးတွေနဲ့ ၀န်ကြီးဌာန ကပြောင်းလာတဲ့ ၀န်ကြီးတွေက အများစုဖြစ်တာမို့ ဥပဒေဘွဲ့ရတဲ့သူတွေ အချို့ ပါပေမဲ့ ဥပဒေနဲ့ အကျွမ်း တ၀င်မရှိခဲ့တာကြောင့်ပြည်သူတွေ နစ်နာ ဆုံးရှုံးခဲ့ရပါတယ်။ လေ့လာရင်းသင်ကြားသွားမယ်ဆိုတာ အောက်တရားရုံးဖြစ်တဲ့ မြို့နယ်တရားရုံး အဆင့်မှာ ဆိုဖြစ်နိုင်ပါတယ်။ အမြင့်ဆုံးတရားစီရင်ရေးဖြစ်တဲ့ တရားရုံးချုပ်မှာ တော့ ဒီလိုခန့်အပ် တာ ဟာ ဘယ်လိုမှ မသင့်တော်တဲ့ ကိစ္စဖြစ်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် လက်ထက်က တိုင်းတရားရုံးနဲ့ဗဟိုတရားရုံး တရား ခွင်တွေမှာအမှုတွေတက်လာရင် ဘာလုပ်ရမှန်းမသိလို့ အမှုများကိုလက်ခံကြားနာခြင်း မပြုပဲ အကျဉ်းနည်းနဲ့ပလပ်တာများလွန်းလို့ အချို့တရား သူကြီး တွေဆို SD မြတ်တိုး၊ SDလှဖုန်းဆိုပြီး နာမည်ရကြတဲ့သူတွေဟာ စစ်တပ်က အသွင် ပြောင်း လာတဲ့ သူတွေပါ။

ဒါတောင် မဆလလက်ထက်မှာ တရားရေးအကြံပေးအဆင့်ဆင့် ထားရှိပြီးတရားသူကြီးကို ဥပဒေနဲ့ညီတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ရအောင် ထောက်ကူ ဆောင်ရွက် ပေးရပါတယ်။ ဒါမှမဟုတ်လဲ တရားသူကြီးအနိုင်ပေးလို တဲ့ဖက်ကို ဥပဒေနဲ့ ညီတဲ့ဆုံးဖြတ်ချက် ဖြစ်အောင်ပြင်ဆင်ရေးသား ပေးခဲ့ရပါတယ်။ လူရည်လည်တဲ့အချို့ တိုင်းတရားသူကြီး ဥက္ကဌနဲ့ အဖွဲ့ဝင်များကတော့ တရားပြိုင်တွေနဲ့ညှိနှိုင်းပြီး နိုင်ငံခြားပြန် တိုက်ခန်းတွေကို အခ်ျိုးကျခွဲဝေယူလိုက်တာတွေလဲ ရှိပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းတည်ထောင်လိုက်တဲ့ တရားရုံး အဆင့်ဆင့် ရဲ့ဖွဲ့စည်းပုံတွေကိုပြန်ကြည့်မယ်ဆိုရင် တရားရုံးချုပ် တရားသူကြီး အဖွဲ့ဝင်(၇)ဦးမှာ တရားရုံး ချူပ်တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနဲ့ ဦးသာဌေးက စစ်ဖက်က အနားယူလာတဲ့သူတွေဖြစ် ပါတယ်။ ကျန် (၅) ဦးထဲမှာ ဦးစိုးညွန့်၊ ဦးမြသိန်းနဲ့ ဦးမြင့်အောင်တို့ ၃ ဦး ဟာ တရားရေးနဲ့ ဆိုင်တဲ့ ဌာနတွေမှာ တာဝန်ယူခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

ကျန်တဲ့ ၂ ယောက်မှာ ဦးအောင်ဇော်သိန်းက စာချုပ်စာတမ်းနဲ့ စီမံကိန်းရေးရာ ဌာနခွဲ၊ မြန်မာ့စီးပွားရေး ကော်ပိုရေး ရှင်းမှာ ဒု-အထွေထွေ မန်နေဂျာဖြစ်ပြီး ဦးမြင့်ဟန်ကတော့ သတ္တုတွင်း ဦးစီးဌာနက ဒု-ညွှန်ချုပ်ဖြစ်တယ်ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးထားတဲ့ သူတို့ရဲ့ ကိုယ်ရေး အကျဉ်းထဲမှာ ဖော်ပြထားပါတယ်။ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနဲ့ထိစပ်မှု မရှိတဲ့သူတွေ လို့ပြောနိုင်ပါတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ တရားရုံးချုပ်က၀န်ထမ်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာ တရားသူကြီးတွေအဖြစ်ခန့်ထားတာကိုတွေ့ရပြီး အမှုတွေ ကို အောက်ခြေမှာတင် အပြတ်ရှင်းဖို့ စီစဉ်ထားတာကို တွေ့ရပါတယ်။

နောက်ဆုံးအဆင့် နေပြည်တော်ပြည်ထောင်စု တရားရုံးချုပ်ကို တက်လာမဲ့ အမှုတွေမှာတော့ စစ်ဖက်ကလာတာ မဟုတ် တဲ့ တရားသူကြီး များ က စစ်ဆေးစီရင်ရမှာဖြစ်ပြီး၊ နိုင်ငံရေးဆိုင်ရာပြစ်မှုများနဲ့ ပတ်သက်လာရင် တော့ စစ်ဖက်ကအနားယူလာတဲ့ တရားသူကြီး တွေပါဝင်တဲ့အဖွဲ့က စစ်ဆေးစီရင်မယ်လို့ ခန့်မှန်းရပါတယ်။ ၂၀၀၉ ခုနှစ်မေလ ၁၂ ရက်နေ့ ညနေ ၃ နာရီနေပြည်တော် တရားရုံးချုပ် အစည်းအဝေးခန်းမှာ ကျင်းပတဲ့ တရားရုံးချုပ်နဲ့ပြည် နယ်နှင့်တိုင်းတရားသူကြီးများရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာ အဲဒီတုံးက၀န်ကြီးချုပ်ဖြစ်တဲ့ဦးသန်းစိန်ကတက်ရောက်ပြီး အခုလိုမိန့်ခွန်းပြော ကြားခဲ့ ပါတယ်

တရားစီရင်ရေးမူ တရပ်ဖြစ်တဲ့ ဥပဒေနဲ့အညီ လွတ်လပ်စွာတရားစီရင်ရေးကိုလည်း တရားစီရင် ရေးလုပ်ငန်းတာဝန်ကို ဆောင်ရွက်နေကြတဲ့ တရားသူကြီးများအားလုံးက သိရှိလိုက်နာဆောင် ရွက်ပေးဖို့လိုအပ်မှာဖြစ်တယ် တဆက်တည်းမှာပဲ ဒီလိုဆောင်ရွက်ရာမှာ တရားစီရင်ရေး ရည်မှန်းချက်များကိုထ မြောက်အောင်မြင်နိုင်စေဖို့ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ အတူ ပူးပေါင်းဆောင်ရွက်လုပ် ကိုင်ဖို့လိုအပ်တယ်၊ အုပ်ချုပ်ရေး နဲ့တရားစီရင်ရေးကဏ္ဍ များကို သီးခြားစီခွဲခြား ဆောင်ရွက်ခြင်း မပြုပဲတက်ညီလက်ညီ အတူတကွ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ပြီး ပြည်သူတွေရဲ့ အကျိုးကိုကာကွယ် စောင့်ရှောက် ရမှာဖြစ်တယ် လို့ အတိ အလင်းထုတ်ဖေါ်ပြောကြားခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ် များဆုံးဖြတ်ချက်ချမှတ်ရာမှာ အုပ်ချုပ်ရေးအာဏာပိုင်တွေ အလိုကျ စီရင်ဆုံးဖြတ်ပေး ရမှာ ဖြစ်တယ်လို့ အတိအလင်း ပြောဆိုသွားတာဖြစ်တယ်။

ဒါကြောင့်လွတ်လပ်တဲ့ တရားစီရင်ရေးစံနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမမခံနိုင်၊ ပြဌာန်းထားတဲ့ပြဌာန်းချက်တွေနဲ့အညီ တရားရုံးတရားသူကြီးများက လွတ်လပ်စွာစစ်ဆေး စီရင်ခြင်းမပြုနိုင်တဲ့အတွက် မျှတမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မပေါ်ပေါက်နိုင်ပါဘူး။ ဥပဒေရဲ့အထက်မှာ အာဏာပိုင်တွေရှိနေသမျှ၊ တရားစီရင်ရေးမှာ အုပ်ချုပ်ရေးအာဏာပိုင် တွေဝင်ရောက် စွက်ဖက်နေသမျှ လွတ်လပ်တဲ့တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးမှုကို မြန်မာနိုင်ငံမှာ မဖေါ် ဆောင်နိုင်ဘူးဆိုတာ တင်ပြလိုက် ရပါတယ်ခင်ဗျား။
အာရှလူ့အခွင့်အရေးကော်မရှင်မှရှေ့နေ ဦးမင်းလွင်ဦး အာအက်ဖ်အေသို့ရေးသားပေးပို့သော ဆောင်းပါးဖြစ်သည်။

0 comments:

Post a Comment