Monday, February 28, 2011

Filled Under:

အမိန့်အာဏာနဲ့ချတဲ့ စီးပွားရေးပေါ်လစီနဲ့ တောင်သူလယ်သမားအခွင့်အရေး

(BBC 25.Feb. 2011)မတ်လ၂ရက်နေ့ဟာ တောင်သူလယ်သမားနေ့ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေဟာ အများပြည်သူတွေအတွက် ဆန်စပါးစိုက်ပျိုးရေးသာမက ၊စက်မှုလယ်ယာကုန်ကြမ်းတွေ၊ ပြည်ပပို့ကုန်တွေကိုလည်း ပြည်ပဝင်ငွေရအောင် ဆောင်ကျင်းပေးနေတဲ့ အခြေခံလူတန်းစားကြီးတရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အခြေခံ အခွင့်အရေးတွေ၊ ဘဝအာမခံချက်တွေ ဘယ်လောက်ရှိပါသလဲ နောက်တခါ အခု အိုင်အယ်လ်အို ခရီးစဉ်အတွင်းမှာပြောနေကြတဲ့ အလုပ်သမားသမဂ္ဂ၊လယ်သမားသမဂ္ဂ တွေဖွဲ့စည်းခွင့်ကော အလားအလာဘယ်လောက်ရှိပါသလဲ။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့ မင်္ဂလာမြန်မာမှ ဒေါက်တာ ဖုန်းဝင်းနဲ့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးတို့ ဖြစ်ပါတယ်။ ပထမ ပဲခူးတိုင်းအရှေ့ခြမ်းကလယ်သမားကြီး ဦးရဲအောင်ရဲ့ သူတို့ဘာတွေရင်ဆိုင်နေရလဲ ဆိုတာကိုနားဆင်ကြရမှာပါ။

ဦးရဲအောင်..နဂိုတည်းကရှိနေတဲ့ ၅ဧက၊ ၁၀ဧကရှိတဲ့ လယ်တွေအသိမ်းခံရတယ်။ တကယ်တမ်းကုမဏီတွေက စပါးဖြစ်မြောက်အောင်စိုက်တာမဟုတ်ဘူး၊ သူတို့လယ်စိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကိုပေးပြီး နိုင်ငံခြားကယန္တရားကြီးတွေကိုတင်သွင်းတယ်။ အဲဒီ့ ယန္တရားကြီးတွေကို ဌားစားတယ်၊ ပြန်ရောင်းလို့ရတဲ့ အခွင့်အရေးတွေရယူတယ်။ နောက်ပြီး အသုံးဆီတွေထုတ်ရတယ်။

လယ်သမားရဲ့နစ်နာချက်တွေကိုဒေါက်တာဖုန်းဝင်းတို့ဘက်ကဘာများပြောချင်ပါသလဲ။

ဒေါက်တာဖုန်းဝင်း… မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက လယ်ယာလုပ်ငန်းတွေဝင်ရောက်လုပ်ကိုင်တဲ့အခါမှာ တခါတလေကျရင်တောင်သူလယ်သမားတွေရဲ့မြေယာတွေကိုအတင်းယူလိုက်တာတွေရှိတယ်။ ဒါမှမဟုတ်စက်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ လယ်မြေတွေကို အတင်းယူလိုက်တာလည်းရှိတယ်။ အဲဒီ့အခက်အခဲတွေကို တောင်သူလယ်သမားတွေ နေ့စဉ်နဲ့ အမျှကြုံတွေ့နေရတယ်။

ကြုံတွေ့ရတာတွေ တော်တော်များများက လယ်ယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့ စာရွက်စာတမ်းတွေသူတို့လက်ထဲမှာ ခိုင်ခိုင်မာမာမရှိတာလည်းပါတယ်။ တခါတလေကျတော့လည်းစာရွက်စာတမ်းတွေရှိရဲ့သားနဲ့လည်း စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဖိအားတွေကြောင့် သူတို့လယ်မြေတွေကို မဆုံးရှုံးသင့်ဘဲနဲ့ ဆုံးရှုံးလိုက်ရတာလည်းပါတယ်။စာရွက်စာတမ်း မပြည့်စုံတာနဲ့ ပတ်သက်လို့ သူတို့ကို အကြံဥာဏ်တွေ၊ အကူအညီတွေပေးဖို့အတွက် ကျနော်တို့မင်္ဂလာမြန်မာအနေနဲ့ကတော့ လယ်သမားတွေစွမ်းဆောင်ရည် တိုးတက်ဖို့အတွက် ကျနော်တို့ ကျေးရွာတွေအထိ သင်တန်းတွေသွားရောက်ပေးတာတွေရှိတယ်။

အဲဒီလိုပေးတဲ့အခါမှာ လိုအပ်တဲ့နည်းပညာသင်တန်းတွေကိုပေးသလို မြေယာပိုင်ဆိုင်မှုအထောက်အထားတွေကို သေသေချာချာ သူတို့လက်ဝယ် ထားရှိဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ စီစဉ်ပြီးရယူထားဖို့အတွက်လည်း ကျနော်တို့ သင်တန်းပေးတာတွေရှိတယ်။ သူတို့လယ်ယာမြေဆုံးရှုံးရတဲ့ ကိစ္စတွေကြုံလာလို့ရှိရင်လည်း အဖွဲ့လိုက်တုံ့ပြန်တတ်တဲ့ အလေ့အကျင့်တွေရလာအောင်လို့လည်း သင်တန်းပေးတယ်။

သူတို့ထပ်ပြီးဒုက္ခတွေဘယ်လိုရှိတယ်ဆိုတာကို လယ်သမားဦးရဲအောင်က ရှင်းပြပါတယ်.

ဦးရဲအောင်…… စပါးဈေးကို သတ်သတ်မှတ်မှတ် မသတ်မှတ်ပေးတဲ့အတွက် လယ်သမားတွေမှာ နစ်နာရတယ်။ ရာသီဥတု ဒါဏ်ကြောင့် ပျက်စီးသွားတဲ့ စပါးတွေအတွက် အစိုးရက ဘာမှ ထုတ်မပေးတဲ့အတွက် လယ်သမားတွေကအရှုံးပေါ်တယ်။ အစိုးရကလည်းကုန်ကျစရိတ်တွေဘာညာကိုလည်းဘာမှထုတ်မပေးတော့ ငွေချေးရင်လည်း အတိုးနှုန်းကြီးကြီးနဲ့ ချေးရတယ်။ အဲဒီ့အတိုးတွေကို ပြန်မဆပ်နိုင်တဲ့ အခါကျတော့ သူတို့မြေတွေကို မြေရှင်တွေကနေသိမ်းယူတာခံရတယ်။ ဒီကြားထဲမှာမှ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့သူတွေက ဘာစီမံကိန်းလုပ်နေတယ်။ နအဖကနေပြီးတော့ တူးမြောင်းဖောက်မယ်ဆိုပြီးတော့ လယ်တွေသိမ်းလိုက်တာတွေလည်းရှိပါတယ်။

ဒီလိုလယ်တွေကိုသိမ်းတဲ့အခါမှာ ဘာတွေဆက်လုပ်နိုင်မလဲ၊နောက်ပြီးတော့ မြန်မာအစိုးရရဲ့ လယ်ယာမြေပေါ်လစီကကော တကယ်တမ်းလယ်သမားတွေအတွက် ဘာတွေအကာအကွယ်ပေးထားသလဲ။

ဦးမင်းလွင်ဦး…. တောင်သူလယ်သမားတွေရဲ့လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ယခင်အစိုးရအဆက်ဆက်မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေရှိတယ်။ ဒါကတော့ ၁၉၆၃ခုနှစ် သီးစားချထားရေးဥပဒေ၊ တောင်သူလယ်သမားကာကွယ်ရေးဥပဒေ ၊ စသဖြင့်ပေါ့ ။ မဆလခောတ်မှာ လယ်ယာမြေနဲ့ ပတ်သက်တဲ့ မှုခင်းတွေရှိသော်ငြားလည်း ဒီလောက်ကြီးကြီးမားမား တရားရုံးကိုရောက်ခဲ့တာ မတွေ့ခဲ့ရဘူး။

၁၉၈၈နောက်ပိုင်းမှာ ဒေသဆိုင်ရာအာဏာပိုင်တွေရယ်၊ တိုးချဲ့လာတဲ့ စစ်ဒေသတွေရယ်၊ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေရယ်ပေါင်းပြီးတော့ တောင်သူလယ်သမားတွေရဲ့လယ်ယာမြေတွေသိမ်းယူမှုတွေရှိတယ်၊ ဥပမာ ဧရာဝတီတိုင်းမှာဆိုရင် ဧရာရွှေမြေက ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့သား အောင်သက်မန်းဦးစီးတဲ့ ကုမဏီကနေပြီး ဘိုကလေးမြို့နယ်တဝိုက်မှာ သိမ်းယူ ခဲ့တဲ့ လယ်ယာမြေတွေ တော်တော်များများရှိတယ်ဆိုတာကျနော်တို့သိရတယ်။ အဲဒီလိုသိမ်းယူတာတွေက ဥပဒေပြဌာန်းချက်တွေနဲ့အညီသိမ်းယူတဲ့ ကိစ္စရပ်တွေ မဟုတ်ဘဲနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရယ်၊ စစ်တပ်ရယ်ပေါင်းပြီးတော့ သိမ်းယူတယ်ဆိုတာတွေကိုသိရတယ်။ အထောက်အထားမခိုင်လုံတာကလည်းပြဿနာဖြစ်တယ်။ တချို့တောင်သူတွေက စားကျက်မြေတွေကိုရှင်းလင်းပြီး လယ်ယာမြေစိုက်ပျိုးထားတာရှိတယ်။

အဲဒီမှာ ကျတော့ မြေခွန်ဆောင်ထားတာမရှိဘူး၊ ဂရံမြေလား၊ ဦးပိုင်မြေလားဆိုတာတွေကို သူတို့အနေနဲ့ မတင်ပြနိုင်ဘူး၊ သို့သော်လည်း အထောက်အထားအခိုင်အမာရှိတဲ့လူတွေကျပြန်တော့လည်း စစ်တပ်ကအဓမ္မသိမ်းယူတာတွေကို ခံခဲ့ရတာကိုတွေ့ရတယ်။ တောင်သူလယ်သမားတွေအနေနဲ့ ဘယ်လောက်အထိဒုက္ခရောက်ရသလဲဆိုရင် မိမိပိုင်တဲ့ လယ်ယာမြေကိုလည်းအသိမ်းခံရတယ်။ အဲဒီ့လယ်ယာမြေကို စစ်တပ်ပိုင်မြေဆိုပြီး ခြံခတ်ဖို့အတွက် မြေတိုင်တွေ ခုတ်ပေးရတဲ့အဆင့်အထိလည်းရောက်တယ်။ နောက်ပြီး မိမိလယ်ယာမြေထဲကထွက်တဲ့ အသီးအနှံကို စစ်တပ်ကို သီးစားခသဘောမျိုးနဲ့ ပေးဆောင်နေရတဲ့အခြေအနေမျိုးလည်း တောင်သူလယ်သမားတွေရင်ဆိုင်နေရတယ်။ အဲ့ဒါတွေကို ဥပဒေအရဘာမှ အကာအကွယ်ပေးထားတာ မတွေ့ရဘူး၊

ဦးမင်းလွင်ဦးပြောတာတွေဟာပြည်တွင်းမှာ အခြေအနေဘယ်လောက်ဆိုးလဲ။

ဦးဖုန်းဝင်း….. ဆိုးတဲ့နေရာတွေမှာလည်းလုပ်ရသလို မဆိုးသေးတဲ့ နေရာမှာလည်းကြိုတင်ပြီး လုပ်ရပါတယ်။ လုပ်တဲ့အခါ၊ အသိပညာပေးတဲ့အခါမှာ အဖွဲ့လိုက်ရပ်တည်ပြီးတော့ စုပေါင်းလုပ်နိုင်အောင်ကူညီပေးပါတယ်။ တောင်သူလယ်သမား အဖွဲ့အစည်းတွေဖွဲ့စည်းခွင့်ရရေးဆိုတာတရားဝင်ရပါမယ်။အခုကတော့ နားလည်မှုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကနေ တရားဝင်အဖွဲ့အစည်းတွေအဖြစ်ရပ်တည်နိုင်ခွင့်ရဖို့ကတော့ တော်တော်လေးအရေးကြီးပါတယ်။

အဲဒီလို့လုပ်ခွင့်ရပြီဆိုရင် အခုလိုမတရားလုပ်ခံရတာတွေကို အခုလိုရပ်တည်ပြီး အတူတကွ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒေါက်တာဖုန်းဝင်းတို့လည်းတစ်သီးပုဂ္ဂလပြိုင်ကြတာတွေရှိတယ်။အဲဒီလိုဥပဒေပြုပြီးတော့ကော အလုပ်သမား ၊လယ်သမားအခွင့်အရေးတွေကို လွှတ်တော်ကတဆင့်ပေါ်ပေါက်လာမယ်လို့မှန်းဆလို့ရသလား။

ဒေါက်တာဖုန်းဝင်း…. မှန်းဆပြီးစောင့်နေတာမဟုတ်ဘဲနဲ့ အခုအချိန်တည်းကအဖွဲ့တွေ ဖွဲ့ထားပါတယ်။ ပြီးတော့ အဖွဲ့လိုက်မြေယာ ပိုင်ဆိုင်မှုကိစ္စကော၊ နည်းပညာအထောက်အပံ့ရရှိနိုင်ဖို့ကိစ္စကော၊ ချေးငွေရရှိရေးကိစ္စ၊ ဈေးကွက်ရရှိရေးကိစ္စ၊ ဒီလိုဟာမျိုးတွေကို အခုအချိန်တည်းကစလုပ်ပါတယ်။ တရားဝင်လုပ်ကိုင်ခွင့်ရလာတဲ့အချိန်ကျရင်တော့ ပိုပြီးတော့ ဒီ့ထက်လုပ်နိုင်မှာပေါ့လေ။ လွှတ်တော်အတွင်းကပြဌာန်းတဲ့ ဥပဒေတခုတည်းကိုမစောင့်ဘဲ လွှတ်တော်ပြင်ပကနေပြီးတော့ ကြိုတင်ပြင်ဆင်လုပ်ထားပါတယ်။

ဦးရဲအောင်… လွှတ်တော်သတင်းတွေကိုလည်းကျနော်တို့စောင့်ဆိုင်းနားထောင်နေတယ်။ ဒီအတိုင်းဆိုရင်တော့ အလုပ်သမား သမဂ္ဂကို တရားဝင်ဖွဲ့စည်းဖို့ဆိုတာ စာရွက်ထဲမှာပဲဖြစ်ပါလိမ့်မယ်။ အခုဆိုရင် အစိုးရက တိုင်းဒေသကြီးအဖြစ်လုပ်လိုက်တာဟာ သူတို့ဒေသကြီးပဲဖြစ်နေတာကိုး ။

အဲတော့ အခြေခံဥပဒေကလယ်သမားတွေအတွက် ဘယ်လောက်လုပ်ပိုင်ခွင့်တွေပေးထားသလဲ။

ဦးမင်းလွင်ဦး… ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံ ပုဒ်မ၂၃(က) မှာတော့ တောင်သူလယ်သမားတွေအတွက်ကာကွယ်ပေးနိုင်မဲ့ ဥပဒေတွေပြဌာန်းဆောင်ရွက်မယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ ကောက်ပဲသီးနှံတွေကို သင့်တင့်မျှတတဲ့ တန်ဖိုးရရှိအောင် ဆောင်ရွက်ပေးမယ်။ ဒါတွေကိုတော့ ဖွဲ့စည်းပုံအခြေခံ

ဥပဒေမှာရေးထားတာကိုတွေ့ရပါတယ်။၁၉၇၄ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းအဲဒီလိုရေးခဲ့တာပါဘဲ။ ဒါပေမဲ့ နိုင်ငံတော်ကနေဦးစီးတဲ့ တောင်သူလယ်သမားအစည်းအရုံးဆိုတာ မျိုးနဲ့ပဲပြီးသွားတာဖြစ်တယ်။ တောင်သူလယ်သမားတွေရဲ့အကျိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ အသင်းအဖွဲ့တွေ၊ သမဂ္ဂတွေပေါ်ပေါက်ရေး ဆိုတာကို သူတို့ခွင့်မပြုခဲ့ဘူးဆိုတာကိုတွေ့ရတယ်။ နောင်လည်းသမဂ္ဂတွေဖွဲ့စည်းတည်ထောင်လိမ့်မယ်လို့လည်းမယူဆပါဘူး။ ဦးရဲအောင်ကလည်း နိုင်ငံတော်ကမကူညီရင် နိုင်ငံတကာက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကိုယ်စားလှယ်ရုံးတွေရှိတယ်။ အဲဒီ့မှာလည်း အကူအညီ မတောင်းဘူးလား ဆိုတဲ့အခါမှာ သူကအခုလိုကျနော့်ကို ပြောပါတယ်။

ဦးရဲအောင်….အိုင်အယ်လ်အိုအနေနဲ့လည်းပဲ ကာယကံရှင်ကတိုင်ကြားမှလုပ်ဆောင်နိုင်မှာဖြစ်တယ်။ ကျေးရွာကလူကြီးတွေက အဲဒီလိုတိုင်ကြားရင်အရေးယူမယ်ဆိုတော့လည်း စိုးရိမ်စိတ်နဲ့ မတိုင်တန်းရဲတာတွေရှိတယ်။

ဒေါက်တာဖုန်းဝင်းတို့ကကောဒီလိုမျိုးကြုံဖူးလား။

ဒေါက်တာဖုန်းဝင်း…. ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ မြေတွေသိမ်းယူတဲ့အခါ တဦးချင်းတောင်းဆိုတဲ့အခါ မထိရောက်ဘူး၊ စုပေါင်းသွားမှ ရပ်ကွက်အဆင့်လောက်ကနားလည်ပြီးမြို့နယ်ကိုပြောပေးတယ်။ ဒီလိုကိစ္စတွေ အဆင်ပြေတာတွေ ဘိုကလေးမြို့နယ် ဘက်မှာရှိဘူးတယ်။

အိုင်အယ်လ်အိုကိုတိုင်တဲ့ အခါကြောက်ရတာတွေရှိတယ်၊ အဲတော့ ဥပဒေကြောင်းအရ ဘာဆက်လုပ်လို့ရမလဲ။

ဦးမင်းလွင်ဦး…မိမိရဲ့အခွင့်အရေးနစ်နာဆုံးရှုံးတဲ့ ကိစ္စကိုတော့ မိမိကိုယ်တိုင်ကတိုင်တန်းရဲဖို့ ပထမသတ္တိရှိဖို့လိုတယ်။ အဲဒါကိုရဖို့ လိုက်လံကူညီပေးတဲ့လူတွေ အဖမ်းခံရတာတွေရှိပါတယ်။ အောင်လံမြို့နယ်မှာဆိုရင်ကိုဇော်ဌေး နှစ်ရှည် ထောင်ဒါဏ်တွေ ကျခံခဲ့ရတယ်။ အိုင်အယ်လ်အိုနဲ့ဆက်သွယ်ပေးမှုပါ။ ရွာတရွာမှာအတင်းအဓမ္မ လယ်ယာမြေ အသိမ်းခံရတာတွေ အထိုက် အလျောက်တော့ တောင်သူလယ်သမားတွေ အကျိုးခံစားခွင့်ရတာတွေရှိတယ်။

ဆက်လက်ကျူးကျော်မှုတွေ ရပ်ဆိုင်းသွားတာတွေ တွေ့ရတယ်။ ဒါကြောင့် အိုင်အယ်လ်အိုအနေနဲ့ လုပ်ပေးနိုင်တယ်။ တိုင်တဲ့လူရှိမှလည်း အိုင်အယ်လ်အိုကလုပ်ပေးနိုင်မှာဖြစ်တယ်။ တိုင်ဖို့တော့သတ္တိရှိဖို့လိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်ဖို့ဖွဲ့စည်းထားတဲ့ ဥပဒေပြုအဖွဲ့ကွန်ယက်ကနေတဆင့် အကူအညီတောင်းပြီးတော့ ဆက်လက်တိုင်ကြားနိုင်တယ်။

အစိုးရရဲ့စီမံကိန်းတွေမှာ တောနဲ့မြို့ကွာဟမှုနည်းအောင်လုပ်ရမယ်။ နှစ်စဉ်စပါးတွေကိုလည်း နိုင်ငံခြားကိုရောင်းတဲ့အတွက် ပြည်ပကဝင်ငွေရတယ်၊ ပြည်တွင်းစားသုံးမှုကို ဖူလုံအောင်လုပ်မယ်လို့ ပြောတယ်။ တဖက်ကစပါးဈေးအရ ကြည့်ရင်လည်း လယ်သမားတွေက အရင်းမကိုက်လို့ အရှုံးပေါ်နေတာလည်းရှိတယ်။ လယ်ယာမြေပေါ်လစီဟာ ဘယ်လိုလုပ်မှ လယ်သမားတွေအတွက် ထိရောက်မှုရှိမှာလဲ။

ဦးမင်းလွင်ဦး…. မိမိရဲ့လယ်ယာမြေအသိမ်းခံရတာ၊ သီးစားခတွေ အဆမတန်ထမ်းဆောင်နေရတာ ကိုကျုးလွန်တာက အစိုးရကိုယ်တိုင်ဖြစ်နေတဲ့အတွက် အစိုးရကိုယ်တိုင်ပြုပြင်ပြောင်းလဲမှ မြန်မာနိုင်ငံတောင်သူ လယ်သမားဘဝဟာ ဆက်လက်တိုးတက်လာမယ်လို့ပြောချင်ပါတယ်။

ဒေါက်တာဖုန်းမော်…မူဝါဒပိုင်းနဲ့ ဆိုင်ရင် အစိုးရနဲ့ နိုင်ငံရေးပါတီတွေမှာအဓိကတာဝန်ရှိတာပေါ့။ တောင်သူ လယ်သမားတွေရဲ့ ဆန္ဒတွေကို သေသေချာချာမေးမြန်းပြီးတော့မှ မူဝါဒတွေ ချမှတ်သင့်ပါတယ်။ အပေါ်ကနေပြီးအမိန့်အာဏာနဲ့ချတဲ့ စီးပွားရေး ပေါ်လစီတွေနဲ့ဆိုရင်တော့ တောင်သူလယ်သမားတွေအကျိုးရှိမှာ မဟုတ်ပါဘူး။

0 comments:

Post a Comment