Wednesday, March 16, 2011

Filled Under:

မြန်မာလူ့အခွင့်အရေးအစီရင်ခံစာသုံးသပ်ချက်

(အာအက်ဖ်အေ ၁၆.၃.၂၀၁၁)မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်ကင်တားနားရဲ့ မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာတဲ့ အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေးမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုတွေ တိုးတက်လာဖို့အတွက် အဓိကတိုက်တွန်းထားတာ တွေ့ရပါတယ်။ ဒီတိုက်တွန်းချက်တွေအပေါ်မှာ အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေဦးမင်းလွင်ဦးက အခုတကြိမ် လူ့အခွင့်အရေးကောင်စီအစည်းအဝေး ကိုတက်ရောက်လာတဲ့ မြန်မာနိုင်ငံကရှေ့နေချုပ်ရဲ့တင်ပြချက်ကို အခြေခံပြီး မစ္စတာ ကင်တားနားက အခုလိုပြောဆိုတိုက်တွန်းတာ ဖြစ်တယ်လို့ ယူဆပါတယ်။

ဦးမင်းလွင်ဦး… ၂၀၀၈ ခုဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးလို့ အစိုးရသစ်တရပ် ဖွဲ့စည်းနေပါပြီ။ အဲဒီ့ အချိန်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးနဲ့ပတ်သက်လို့ နစ်နာတဲ့အချက်တွေရှိရင် တိုင်တန်းနိုင်တဲ့ ပြဌာန်းချက်တွေရှိပါတယ်။ အဲဒါတွေကြောင့် ဒီလိုတိုင်တန်းမယ်ဆိုရင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကိစ္စရပ်မျိုးကို ဒေါက်တာ ထွန်းရှင်တို့ကိုယ်တိုင်ကိုက ပြောသွားတာရှိပါတယ်။ ဒါကြောင့်လည်း မစ္စတာကင်တားနားက အစိုးရအသစ်တရပ်အနေနဲ့ ပေါ်ပေါက်လာတယ်ဆိုရင် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးမဲ့ အမိန့်စာချွန်တော်တွေပေးမဲ့ ဆင့်ဆိုနိုင်တဲ့ အာဏာကို တရားရုံးချုပ်ကို တောင်းဆိုတာဖြစ်တယ်။

အခုလိုမစ္စတာကင်တားနားရဲ့တိုက်တွန်းချက်နဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ တိုက်တွန်းချက် အကြံပြုချက်ဖြစ်မဖြစ်ဆိုတာကတော့ မေးစရာပါ။

ဦးမင်းလွင်ဦး…. ဒါကတော့ ပြောရတာခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားတွေရဲ့အခွင့်အရေး ကာကွယ်ကုစားနိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၉၇၄ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ထည့်ရေးထားတာပဲ။ တကယ်လက်တွေ့ကျတော့ အသုံးပြုနိုင်တာ မရှိဘူး။ အခု၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံမှာလည်းထည့်ရေးထားတာပဲ။ သို့သော်လည်းဒီတခေါက်တော့ ရှေ့နေချုပ်ကိုယ်တိုင်ကိုက တိုင်တန်းနိုင်တယ်ဆိုတာကို ပြောထားတဲ့အတွက် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မစ္စတာကင်တားနားရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေပြန်ပြီးလွတ်လာဖို့လည်း တောင်းဆိုထားတာတွေ့ရပါတယ်။ ဒီလိုတောင်းဆိုတာ အခုတကြိမ်ဟာပထမဆုံးတကြိမ်မဟုတ်ပါဘူး။ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ စစ်အစိုးရကတော့ ဂရုတစိုက်နဲ့ တုံ့ပြန်ခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကျဉ်းသားမရှိဘူး ဆိုတာမျိုးဖြေခဲ့တာမျိုးတော့ ရှိပါတယ်။ ဒါ့ကြောင့် မစ္စတာ ကင်တားနားရဲ့တောင်းဆိုချက်ဟာ အကျိုးရလာဒ် တခုခု ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေရှိပါသလား။

ကိုတိတ်နိုင်… နိုင်ငံရေး အကျဉ်းသားမရှိဘူး၊ လွှတ်ပေးစရာမလိုဘူးဆိုပြီး တင်းခံနေပေမဲ့ သူအခုလိုတောင်းဆိုခြင်းဟာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ဖြစ်ပေါ်တိုးတက်မှုတွေကို နှောင့်နှေးနေရတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေက အမြဲတစေ ထောက်ပြနေသလိုဖြစ်ပါတယ်။

မစ္စတာကင်တားနားရဲ့တောင်းဆိုချက်ဟာ မြန်မာနိုင်ငံရဲ့အခြေအနေကို ကမ္ဘာကိုမျက်ဝါးထင်ထင်သိမြင်စေဖို့၊ကမ္ဘာကြီးက မြန်မာနိုင်ငံကို မေ့လျော့မသွားစေဖို့ သတိပေးနေတာမျိုး ဖြစ်တယ်လို့ ကိုတိတ်နိုင်ကယူဆပါတယ်။ ဒါပေမဲ့အခုလို တောင်းဆိုနေယုံ သက်သက်ကရော အလုပ်ဖြစ်နိုင်ပါ့မလား။

ကိုတိတ်နိုင်… လွှတ်ပေးပါ၊ လွှတ်ပေးပါလို့တောင်းဆိုနေယုံနဲ့ မပြီးပါဘူး။ ဒီနအဖစစ်အစိုးရ ကလည်းဒီတောင်းဆိုမှုကို ဂရုတစိုက်နားထောင်လိမ့်မယ် မဟုတ်ဘူးလို့ ကျနော်တို့မြင်ပါတယ်။ ကျနော်တို့အမြင်ကတော့ ကုလသမဂ္ဂကနေပြီးတော့ သူတို့ရဲ့ အဓိကက အထွေထွေ အတွင်းရေးမှူးချုပ်ပေါ့လေ။ သူကသူ့ရဲ့လုပ်ပိုင်ခွင့်ဘောင်ထဲက နေပြီးတော့ ရသမျှနည်းနဲ့ အာရုံစူးစိုက်ပြီး လုပ်မယ်ဆိုရင် ဒါဟာဖြစ်လာနိုင်ခြေရှိတယ်။ နအဖကအရေးယူ ဆောင်ရွက်ပေးလာစရာ အကြောင်းရှိတယ်လို့မြင်ပါတယ်။

0 comments:

Post a Comment