(အာအက်ဖ်အေ၂၀မတ်၂၀၁၁)မစ္စတာသောမတ်ကင်တားနားက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်တာတွေကို အခြေပြုဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
အာရှလူ့အခွင့်အရေးကော်မရှင်ကမြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ရှေ့နေဦးမင်းလွင်ဦး၊ မြန်မာသတင်းသမဂ္ဂအတွင်းရေးမှူးဦးစံမိုးဝေတို့နဲ့ ထိုင်းနိုင်ငံအခြေဆိုက် မြန်မာ့အရေးလေ့လာသူဦးအောင်နိုင်တို့ဖြစ်ကြပါတယ်။
ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာကင်တားနားက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ တော်တော်ပဲပြည့်ပြည့်စုံစုံ ရှည်ရှည်ဝေးဝေး ချိုးဖောက်မှုတွေ မြန်မာနိုင်ငံမှာ ဆက်လက်ပြီးတော့ ရှိနေတာကို စုံစမ်းဖော်ထုတ်ပေးဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးရဲ့အမြင် ဘယ်လိုရှိလဲဆိုတာ ကြားပါရစေခင်ဗျာ။
ဦးမင်းလွင်ဦး…. ဒီတခေါက်မစ္စတာကင်တာနား တင်သွင်းတဲ့ အစီရင်ခံစာတွေဟာ အရင်တခေါက်တင်သွင်းတဲ့အစီရင်ခံစာတွေနဲ့ မတူဘဲနဲ့ ဘက်ပေါင်းစုံကနေလူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို မီးမောင်းထိုးတင်ပြထားတာတွေ့တယ်။ ဒီအစီရင်ခံစာကို ပြုစုရတဲ့ အချိန်ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကုလသမဂ္ဂလူ့အခွင့်အရေး ပြန်လည်သုံးသပ်မှုအစီရင်ခံစာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကနေတင်သွင်းတဲ့အခါမှာ အချက်အလက်တော်တော်များများကို တင်သွင်းသွားတာကိုတွေ့ရတယ်။
ဒါတွေကို ဖတ်ရှုလေ့လာပြီးတဲ့ အခါမှာ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံအစိုးရတင်ပြခဲ့တဲ့ ကိစ္စရပ်တွေမှာ တချို့ဟာတွေ လွဲမှားနေတာရှိတယ်ဆိုတာကို သူ့အနေနဲ့ ပြည့်ပြည့်စုံစုံ ပြန်လည်တင်ပြတာဖြစ်တယ်လို့ ကျနော့်အနေနဲ့ အစီရင်ခံစာကို ဖတ်ရှုမိတဲ့အခါမှာ အဲလိုပဲတွေ့ရပါတယ်။
မစ္စတာကင်တာနားပြောသွားတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးရေး၊ အခုရွေးကောက်ပွဲပြီးလို့ တက်လာမဲ့ အစိုးရသစ်အနေနဲ့ ပြည်သူတွေအပေါ်မှာ ဖိနှိပ်တဲ့ ဥပဒေတွေ၊စည်းမျဉ်းတွေကို ပြင်ဆင်ဖို့၊ လူ့အခွင့်အရေး တိုးတက်ရေးကို ပြောသွားပါတယ်။ ဒါ့အပြင် ပညာရေးကဏ္ဍမှာလည်းပဲ မြန်မာပြည်သူတွေ ပညာရေးအဆင့်အတန်း နိမ့်ကျနေရတဲ့အခါမှာ အစိုးရကလိုအပ်တဲ့ ပံ့ပိုးမှုတွေမပေးလို့၊ လိုအပ်တဲ့ ဘတ်ဂျတ်တွေလုံလုံလောက်လောက်မပေးလို့ မြန်မာပြည်သူတွေရဲ့အဆင့်အတန်းနိမ့်ကျနေရတယ်။
အဲဒီတော့ မြန်မာပြည်သူတွေရဲ့ ပညာရေးကဏ္ဍကို မြှင့်ပေးဖို့လည်းပြောသွား တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကိုအောင်နိုင်ကကော ဘယ်လိုသုံးသပ်မိပါသလဲ။
ကိုအောင်နိုင်… ဒီအစီရင်ခံစာက အရင်အစီရင်ခံစာတွေထက် စာရင်အားကောင်းတယ်လို့ ဆိုရမှာဖြစ်တယ်။ ဘာတွေလုပ်သင့်တယ်။ ဘယ်လိုအခြေအနေမျိုးတွေဖြစ်တယ်။ အားလုံးပါဝင်ခွင့်ရဖို့၊ အထူးသဖြင့်တိုင်းရင်းသားတွေ ပါဝင်ခွင့်ရဖို့ ၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အခြေအနေဖြစ်တယ် ၊နောက်လူ့အခွင့်အရေး အခြေအနေနဲ့ အဓိက မီးမောင်းထိုးသွားတာပေါ့နော်။ အရင်အစီရင်ခံစာတွေလို စိုးရိမ်ပူပန်တယ်လို့မပြောဘဲနဲ့ ဘာတွေလုပ်သင့်တယ် ၊ဘာတွေလုပ်သွားမယ် ဆိုတာမျိုး ဆိုတော့ ဒီအစီရင်ခံစာကအားကောင်းတယ်လို့ထင်ပါတယ်ခင်ဗျ။
သူ့အရင်တာဝန်ထမ်းခဲ့ကြတဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေလည်း ရှိခဲ့ကြပေမဲ့ သူ့လောက်တော့ ပြည့်ပြည့်စုံစုံ နှံ့နှံ့စံ့စံ့ မလုပ်ခဲ့ဘူးလို့ ကျနော်တို့ မြင်မိပါတယ်။
ကိုစံမိုးဝေကကောဘယ်လိုမြင်လဲလို့ပြောပါဦး။
ကိုစံမိုးဝေ….. ဒီတခါ မစ္စတာကင်တားနားအစီရင်ခံစာဟာ တော်တော်လေးပြည့်ပြည့်စုံစုံရှိပါတယ်။ သူအလေးပေးထားတာက စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ပြည်တွင်းမှာကော ၊ပြည်ပကကော မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေကို စုံစမ်းဖို့ဆိုတာက မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေအပေါ်မှာ တစုံတရာဖိအားကရှိနေတယ်လို့ ကျနော်ယူဆပါတယ်။ အခုမစ္စတာ ကင်တားနားရဲ့အဆိုကို ထောက်ခံနေတဲ့ နိုင်ငံတွေကလည်း တဖြေးဖြေးနဲ့ တိုးတိုးလာတယ်။ ဒီအဆိုကအရမ်းထိရောက်တယ်လို့ ယူဆပါတယ်ခင်ဗျ။
သူပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံကစစ်အစိုးရက ပြည်သူတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုဖော်ထုတ်ပေးဖို့ စုံစမ်းစစ်ဆေးပေးဖို့ ဆိုတဲ့အချက်ပါတယ်။ နောက်ပြီးတော့ တချို့နေရာတွေမှာ အစုအပြုံလိုက်သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ သူပြောသွားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းတွေကလည်း ပိုပိုပြီးထွက်လာနေတော့ နိုင်ငံတော်တော်များများကလည်း မြန်မာနိုင်ငံအပေါ်မှာ အရေးယူဖို့တော်တော် စိတ်ဝင်စားနေကြတယ်ပေါ့။ ဦးမင်းလွင်ဦးဆက်ပြောပါဦးခင်ဗျ။
ဦးမင်းလွင်ဦး….. ဒီတခေါက်အစီရင်ခံစာ တင်သွင်းတဲ့အခါမှာ မြန်မာဘက်ကနေပြီးတော့ လူ့အခွင့်အရေးကောင်စီရဲ့ သုံးသပ်တဲ့ အစည်းအဝေးမှာ အဖွဲ့သူအဖွဲ့သား တော်တော်စုံစုံလင်လင်နဲ့ကို တက်ရောက် လာတာတွေ့ရတယ်။ ဒေါက်တာထွန်းရှင် အပါအဝင်ဆိုရင် အားလုံး၂၈ယောက်နီးပါးလောက်ဖြစ်တယ်။ ဌာနပေါင်းစုံက တင်သွင်းတဲ့ အစီရင်ခံစာဖြစ်တဲ့အတွက် အစောကပြောတဲ့ ပညာရေးကဏ္ဍတို့၊ ကျန်းမာရေးကဏ္ဍတို့နဲ့ ပတ်သက်လို့လည်း သူတို့တင်ပြသွားတာတွေရှိပါတယ်။
“
မြန်မာနိုင်ငံမှာ နှစ် ၃၀ လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေရှိတယ်။ ကျောင်းမှာကလေးတွေကို ရိုက်နှက်တာတွေကို ဥပဒေနဲ့ တားမြစ်ထားတာတွေ ရှိတယ်။ ဒါတွေကိုတော့ အပေါ်ယံတင်သွင်းသွားတာပေါ့။ သို့သော်တကယ်တမ်း မြန်မာနိုင်ငံမှာရှိတဲ ပညာရေးစနစ်ကို ဘယ်လိုမျိုးဖော်ဆောင်နေတယ်ဆိုတာ သူတို့ တိတိကျကျပြောသွားတာမရှိဘူး၊ ဒါကြောင့်လည်း မစ္စတာ ကင်တားနားကနေပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းတွေရဲ့ပညာရေးအသုံးစရိတ်၊ ဝန်ကြီးဌာနအသုံးစရိတ်ရယ် ၊ နောက်မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ကလေးတွေရဲ့ပညာရေးစနစ်က စိုးရိမ်စရာအခြေအနေဖြစ်နေတယ်။ ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ကလေးတွေရဲ့ပညာသင်ကြားခွင့် အပြည့်အဝရအောင် လုပ်ပေးနိုင်ဖို့လိုတယ်ဆိုတဲ့ဘက်ကနေ ဇောင်းပေးပြီး တင်ပြသွားတာကိုတွေ့ရပါတယ်။
တခြားအထူးကိုယ်စားလှယ်တွေနဲ့ မတူတာက မစ္စတာကင်တားနားက လူငယ်ပီပီ မခြွှင်းမချန်တင်ပြသွားတာကို တွေ့ရတယ်။ အရင်တခေါက် ပါမောက္ခ ပီညဲရိုးကျတော့ လူကြီးဆန်ပြီး တချို့ကိစ္စရပ်တွေမှာ ထုတ်ဖော်သင့်သလောက် မထုတ်ဖော်ခဲ့တာတွေရှိတဲ့အတွက် မြန်မာနိုင်ငံအတွင်းကလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက ထိထိရောက်လုပ်ပေးနိုင်တာ မတွေ့ရပါဘူး။ အခုအစီရင်ခံစာမှာတော့ အားလုံးကိုကွင်းကွင်းကွက်ကွက် ရှင်းရှင်းလင်း ဘက်ပေါင်းစုံကနေတင်ပြထားတယ်။ ပြီးတော့ နယ်စပ်ဒေသတွေမှာလည်း စစ်ဆင်ရေးလုပ်တယ်။အကျဉ်းသားတွေကို ပေါ်တာအဖြစ်ခေါ်ပြီးတော့ မိုင်းရှင်းတဲ့ ကိရိယာတွေအဖြစ်သုံးတယ်။
ဒါတွေဟာ သူကိုယ်တိုင် ပေါ်တာတွေနဲ့တွေ့ပြီးတော့ပြုစုလေ့လာထားတာတွေဖြစ်တယ်။ ဒီလိုအချက်အလက်တွေအပေါ်မှာတော့ မြန်မာနိုင်ငံအစိုးရကနေပြီးတော့ ရေရှည်မှာ ဆက်လက်ဖုံးဖိထားလို့မရနိုင်တဲ့အတွက် အစိုးရကိုယ်တိုင်ကိုက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ပြောလာတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ထင်မြင်ယူဆပါတယ်ခင်ဗျ။
ကိုအောင်နိုင်…. Crime against Humanity နဲ့ war crime အဲဒီ့နှစ်ချက်ကတော့ တော်တော်လေး အားကောင်းတယ်လို့ထင်တယ်။ တဘက်မှာလည်း လီဗျားတို့ဘာတို့အပေါ်မှာ အရေးယူတာတွေရှိတဲ့အခါကျတော့ မြန်မာနိုင်ငံအပေါ်မှာကော ကုလသမဂ္ဂကအရေးယူလာနိုင်မဲ့ အခြေအနေမျိုးရှိလာမလား ဆိုပြီးတော့မျှော်လင့်စရာ ဖြစ်လာတယ်လို့တော့ ထင်တာဘဲ။
မစ္စတာကင်တားနား ပြောတဲ့အထဲမှာ စစ်ရာဇဝတ်မှုတွေ စုံစမ်းပေးဖို့ ၊ နယ်စပ်ဒေသတွေမှာ ၊တိုင်းရင်းသား ပြည်သူတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို စုံစမ်းပေးဖို့ဆိုတာက တော့ နေပြည်တော်မှာရှိနေတဲ့ စစ်အစိုးရအတွက်တော့ တော်တော့ကို ခိုးလိုးခုလုဖြစ်မှာဘဲ။ ဒါကြောင့်လည်း ဂျနီဗာ အစည်းအဝေးမှာတက်နေတဲ့ မြန်မာအစိုးရကိုယ်စားလှယ်က အခု ကင်တားနားရဲ့အစီရင်ခံစာဟာ အခြေအမြစ်မရှိပါဘူးဆိုပြီးတော့ ငြင်းချက်ထုတ်သွားတယ်။
ကိုစံမိုးဝေဘယ်လိုသုံးသပ်ချင်ပါသလဲ။
ကိုစံမိုးဝေ…. သူငြင်းသွားတာကလည်း ဝိုးတိုးဝါးတားပါပဲ။ ပြည်တွင်းမှာလည်း ဒီလိုစုံစမ်းစစ်ဆေးမှုတွေ ရှိခဲ့ပါတယ်လို့ ပဲပြောသွားတာပါ။ လူသားမျိုးနွယ်တွေ အပေါ်မှာကျူးလွန်တဲ့ ရာဇဝတ်မှုတွေကတော့ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ခေါင်းခဲစရာပါ။ အဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေဟာလည်း အတော်လေးခရီးရောက်နေပြီ။ ဒါကိုစုံစမ်းဖို့ထောက်ခံတဲ့ နိုင်ငံတွေကလည်း တနေ့ထက်တနေ့တိုးတိုးလာတာခင်ဗျ။
ဒါကလည်းသူတို့အတွက် ဖိအားပဲ။ မစ္စတာကင်တားနား ဗြိတိန်ကိုသွားရင်တော့ မြန်မာပြည်ကသွားခွင့်ပြုမယ်ဆိုရင်ပေါ့ ၊အခုလောလောလတ်လတ်လွှတ်တော် အရပ်သားအသွင်ကူးပြောင်းရေးတို့ဘာတို့ပေါ့ ဒါတွေကိုပြလိုက်လိမ့်မယ်လို့ထင်တယ်။ ၂၀၀၈ဖွဲ့စည်းပုံမှာက နဝတတို့ ၊ ဆောင်ရွက်ပုံတွေကို အခုလာမဲ့အစိုးရက ဆက်ပြီး တာဝန်ခံရမယ်။ အဲဒီအပေါ်မှာ အရေးယူခြင်းမရှိစေရဆိုပြီး ရှိတဲ့ ဥပဒေနဲ့ ပတ်သက်ပြီးတော့လေ့လာရင်တော့ ကောင်းလာလိမ့်မယ်လို့မြင်ပါတယ်။ ဒီအစည်းအဝေးမှာ ဒီအစီရင်ခံစာကိုတင်သွင်းခဲ့တဲ့အတွက်ကြောင့် ၊ ထိုင်းနိုင်ငံကကိုယ်စားလှယ်က မြန်မာအစိုးရက မစ္စတာကင်တားနားကို ပြည်ဝင်ခွင့်ပေးဖို့၊ စုံစမ်းစစ်ဆေးရေးတွေကို လုပ်ခွင့်ပေးဖို့တို့ပြောခဲ့တယ်။
နောက်မစ္စတာကင်တားနား ကိုယ်တိုင်ကလည်းပဲ အင်တာဗျူးတခုမှာဆိုရင် သူ့အနေနဲ့ မြန်မာနိုင်ငံကိုသွားရောက်ဖို့ခွင့်ပြုချက် ရထားပြီလို့ ပြောတယ်။ သူ့ကို ၂၀၁၀ခုနှစ်ဖေဖော်ဝါရီလကတည်းကဝင်ခွင့်မပေးဘဲနဲ့ ပိတ်ထားခဲ့တယ်။ အဲဒါကလည်း ၂၀၀၈ခုနှစ်ကတုန်းက သူပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့တဲ့အတွက်ကြောင့်သူ့ကို ဝင်ခွင့်မပေးတာပါဘဲ။ သူ့အနေနဲ့ ဝင်ခွင့်ရမလား၊ မရမလားဆိုတာတော့ မှန်းရခက်တာပေါ့လေ။ ရသွားရင်လည်း တမျိုးကောင်းလိမ့်မယ်လို့ထင်ပါတယ်။
ဦးမင်းလွင်ဦးကောဘယ်လိုသဘောရသလဲခင်ဗျ။
ဦးမင်းလွင်ဦး…. မြန်မာနိုင်ငံအစိုးရကနေပြီးတော့ ခွင့်ပြုလိမ့်မယ်လို့ ကျနော်ထင်တယ်။ သို့သော်သူသွားပြီး သတင်း အချက်အလက် ယူမဲ့နေရာတွေကိုတော့ အကန့်အသတ်နဲ့ ခွင့်ပြုမယ်လို့တော့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အရင်အခေါက်တွေတုန်းက သူသွားခဲ့တာတွေက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေ၊ နိုင်ငံရေးပါတီတွေ ၊နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေနဲ့ပဲတွေ့ခဲ့ရတာများတယ်။
အခုတခေါက်မှာတော့ အစိုးရကိုယ်တိုင်ကပြောထားတဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍအသီးသီးအတွက်ကိုလေ့လာနိုင်ဖို့အတွက် သူ့မှာတာဝန်ရှိပါတယ်။အဲဒီတော့ အဲဒီ့ကိစ္စရပ်တွေမှာလည်း အစိုးရအသစ်ကနေပြီးတော့ တချို့နေရာတွေကို သွားခွင့်ပြုမယ်။ အစောကပြောသလိုထောင်တွေသွားတဲ့နေရာမှာတော့ အကန့်အသတ်ရှိမယ်။ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံဖို့ကိစ္စရပ်တွေမှာ အကန့်အသတ်ရှိမယ်လို့တော့ ကျနော်ထင်ပါတယ်။
အဲတော့ အစောကပြောတဲ့ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ပြီးတော့ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ၊ သူတို့အနေနဲ့ ပြင်ဆင်ထားတဲ့ကိစ္စရပ်တွေကိုတော့ သွားရောက်လည်ပတ်ဖို့အတွက်တော့ ပေးပြီးတော့ အပေါ်ယံရွှေမှုံကြဲကိုပြမယ်လို့တော့ ကျနော်ကတော့ မှန်းထားမိပါတယ်ခင်ဗျာ။
ဂျနီဗာမှာ ပညာရေးအကြောင်းကို မစ္စတာကင်တာနားကပြောသွားတဲ့အခါမှာ မြန်မာကိုယ်စားလှယ်က မြန်မာပြည်မှာ ပညာရေးကဏ္ဍတိုးတက်ကောင်းမွန်နေပါတယ်လို့ ပြောသွားသေးတယ်။ တက်လာတဲ့ အစိုးရဘက်ကတော့ မြန်မာနိုင်ငံရဲ့အခြေအနေကောင်းတယ်ဆိုတာ ဟုတ်ပါတယ်။ ဦးမင်းလွင်ဦးပြောသွားသလိုပဲ သူတို့ကနေပြီး လိုက်ပြမယ်ပေါ့လေ၊ ကိုအောင်နိုင်တို့ကကော ဘယ်လိုထင်လဲခင်ဗျ။
သူသွားခွင့်ရမလား၊ သွားခွင့်ရရင်ကောနှိုက်နှိုက်ချွတ်ချွတ်ဖော်ထုတ်နိုင်ပါ့မလားခင်ဗျ။
ကိုအောင်နိုင်…. သွားခွင့်ရမရကတော့ ကျနော်မပြောတတ်ဘူး၊ တနှစ်ကျော်ပြီသွားခွင့်မပေးတာ၊ ဒီလိုအစီရင်ခံစာတွေထုတ်တဲ့ အပေါ်မှာသူတို့ တကယ်သွားခွင့်ပေးပါ့မလားပေါ့နော်။ သွားခွင့်ရရင်တော့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ခွင့်ရတာပေါ့၊ ဒေါ်စုနဲ့လည်းတွေ့ခွင့် ရသွားတာပေါ့၊ မြန်မာအစိုးရဘက်ကတော့ ခုနပြောသလို ဟန်ဆောင်ပြီးပြတာတွေလည်းရှိမယ်။ ဒါကလုပ်ထုံးလုပ်နည်းပဲ။ သူ့အနေနဲ့ မြန်မာပြည်ကလူတွေပြောတာတွေကို တကယ်ကြားရမယ်လို့တော့ ထင်ပါတယ်။ သူ့အစီရင်ခံစာထဲမှာ ဖော်ပြထားတာက ပြီးပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့လိုတယ်၊ လွတ်လပ်စွာပြောဆိုခွင့်တို့၊ အခုအစိုးရက တက်တောင်မတက်သေးဘူး၊ အင်တာနက်ဘာမသုံးရ ညာမသုံးရဆိုပြီးတော့ ပိတ်တဲ့ပိတ်ပင်မှုတွေ လာနေပြီဆိုတော့ ရှေ့လျှောက် မြန်မာပြည်မှာလွတ်လပ်နိုင်မဲ့ အလားအလာမရှိပါဘူးခင်ဗျ။
အခုတက်လာမဲ့စစ်အစိုးရသစ် ဆိုတာကလည်း နအဖစစ်အစိုးရရဲ့ သြဇာကိုမလွန်ဆန်နိုင်နဲ့ လူတွေဖြစ်နေတော့ကာ မူဝါဒ သဘောထားတွေကတော့ ထူးထူးခြားခြား ပြောင်းလဲမှာလည်းမဟုတ်ပါဘူး၊ အဲတော့ မစ္စတာကင်တားနားက စစ်အစိုးရက ကျုးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်ပေးရမယ်လို့ ပြောထားဆိုထားတော့ကာ သူ့ကိုဝင်ခွင့်ပေးပါ့မလား ဆိုတာသံသယဖြစ်စရာပေါ့လေ။ ကိုစံမိုးဝေကောဘယ်လိုသဘောရသလဲခင်ဗျ။
ကိုစံမိုးဝေ…… ဝင်ခွင့်ပေးမပေးဆိုတာကတော့ ယုံကြည်မှုကတော့ ၅၀၊၅၀ပဲရှိပါတယ်။ သူတို့ကိုထိထိရောက်ရောက် စေ့စေ့စပ်စပ်ဝေဖန်နိုင်တဲ့ လူမျိုးကိုမလိုလားဘူးဆိုတာထင်ရှားတယ်။ ဒါပေမဲ့ အခုအရပ်သား လွှတ်တော်အစိုးရကြီးကိုလုပ်နေပါပြီ။ အဲဒီ့တော့ စစ်အစိုးရမဟုတ်တော့ပါဘူး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လေးစားလိုက်နာပါမယ်ဆိုတာကို ပြောထားတာတွေရှိတယ်ဆိုတော့ သူတို့ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုတော့ကျနော်မသိပါဘူး။
အစိုးရတောင်မဖြစ်သေးဘူး သတင်းလွတ်လပ်ခွင့်နဲ့ ဆိုင်နေတဲ့ အင်တာနက်ကိုအကန့်အသတ်လုပ်တာက ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေးပါ။ လွတ်လပ်စာပြောဆိုဆွေးနွေးခွင့်၊ စုဝေးခွင့် ပြောဆိုခွင့် ၊ရေးသားခွင့်၊ ထုတ်ဝေခွင့်တို့ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာမဆို အင်တာနက်နဲ့ ဆက်သွယ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေရှိပါတယ်။ အဲဒီ့ဟာကို မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဝင်ငွေကျဆင်းတဲ့အတွက်ကြောင့် ၊ဝန်ကြီးဌာနအတွက်ပဲအလုပ်လုပ်နေတာလား၊ တိုင်းသူပြည်သားတွေ ဈေးနှုန်းသက်သက်သာသာနဲ့ ချောင်ချောင်လည်လည် မိသားစုနဲ့ စကားပြောဆိုနိုင်တဲ့ အခြေအနေမျိုးကို တိုင်းပြည်၊ ပြည်သူပြည်သားတွေဘက်ကကြည့်သလား၊ ဒါမမဟုတ် မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနဝင်ငွေရရေးမရရေး အပေါ်မှာကြည့်သလား၊
အဲတော့ လူ့အခွင့်အရေးဆိုတာကိုပြောတဲ့နေရာမှာ အရှေ့ကနေပြီး အလှအပတွေပြ၊ နောက်ကနေဟောင်းလောင်းကြီးဖြစ်နေတဲ့ပုံစံမျိုးများဖြစ်နေသလားလို့တွေးချင်ပါတယ်။ ပြီးတော့ မစ္စတာကင်တားနား မြန်မာပြည်သွားခွင့်ရမယ်ဆိုရင် စုံစမ်း စစ်ဆေးစရာတွေကတပုံကြီးပါ။ ကလေးစစ်သားတွေ၊ လယ်ယာမြေနဲ့ ပတ်သက်တာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်။ ဘာသာရေးလွတ်လပ်ခွင့်တွေရှိတယ်။ အမျိုးသမီးအကြမ်းဖက်တဲ့ ကိစ္စတွေ၊ နယ်စပ်ဒေသတွေမှာဖြစ်တဲ့ကိစ္စတွေရှိပါတယ်။ အဲ့ဒီ့အများကြီးကို စေ့စေ့စပ်စပ်နဲ့ဖော်ထုတ်စစ်ဆေးနိုင်ဖို့ အချိန်ကာလလုံလုံလောက်လောက်များ ပေးပါ့မလားဆိုတာ စိတ်ပူတယ်ခင်ဗျ။
မစ္စတာကင်တားနားရဲ့အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအရှေ့ဘက်အခြမ်းမှာရှိနေတဲ့ အကြောင်းတွေလည်းပဲ တော်တော်များများ ဖော်ပြထားတာရှိတယ်ခင်ဗျ။ ဦးမင်းလွင်ဦးအဲဒီ့ကိစ္စအပေါ်မှာကောဘယ်လို သဘောထားရှိပါသလဲခင်ဗျ။
ဦးမင်းလွင်ဦး….. တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေဆင်တဲ့ ကိစ္စရပ်တွေ၊ ပြီးတော့ ရွာတွေရွှေ့ပြောင်းခံရတဲ့ ကိစ္စရပ်တွေ၊ နောက်ပြီးတော့ ပေါ်တာဆွဲခံရတဲ့ ကိစ္စရပ်တွေ ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ တင်ပြထားတာတွေရှိတယ်။ ကရင်ပြည်နယ်ကိုဇောင်းပေးပြီးရေးထားတာတွေ့ရတယ်။ သူမလေးရှားကိုလာပြီးမြန်မာနိုင်ငံကလာတဲ့ချင်းလူမျိုးတွေနဲ့ တွေ့တဲ့အခါမှာလည်း လွတ်လပ်စွာဘာသာရေးကိုးကွယ်ခွင့်မရတဲ့ကိစ္စ၊ ရပ်ရွာအတွင်းမှာပေါ်တာဆွဲတယ်၊ လုပ်အားပေးခိုင်းတယ်၊ ဒါတွေကြောင့်နေလို့မရဘဲ လူငယ်တွေမလေးရှားကိုထွက်လာရတယ်ဆိုတဲ့ကိစ္စရပ်တွေကိုတင်ပြထားတာတွေ ကျနော်တို့တွေ့ရတယ်။
ကိုအောင်လွင်…တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ လူသားမျိုးနွယ်အပေါ်မှာကျူးလွန်တဲ့အမှု ကိုဇောင်းပေးထားတာရှိတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ကြားမှာ လက်နက်ကိုင်တိုက်ပွဲတွေပြန်ပြီးအားမြင့်လာမလားဆိုတာတွေကို စိုးရိမ်တယ်ဆိုတဲ့အနေအထားတွေကို ထောက်ပြထားတာရှိတယ်။ နောက်တခုက တိုင်းရင်းသားတွေပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည့်ပြည့်ဝဝပါဝင်ခွင့်မရဘူး၊ သူတို့ရဲ့အသံတွေဖော်ထုတ်ခွင့်မရဘူးဆိုတာမျိုးတွေတင်ပြထားတာတွေ့ရပါတယ်ခင်ဗျ။
သူကမစ္စတာပင်ညဲရိုးနဲ့ ကွာခြားတာက လူငယ်လည်းလူငယ်ဖြစ်နေပြီး ၊ ထိုင်းနယ်စပ်မှာ အေအေပီပီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး စေ့စေ့စပ်စပ်မေးမြန်းခဲ့တာတွေ ကြားခဲ့ရတယ်။
သူကစုံစုံလင်လင်နှံ့နှံ့စပ်စပ် သိပုံရတယ်၊ နောက်ပြီးတော့ သူပြောသွားတဲ့ ကဏ္ဍတွေထဲမှာ တော်တော်ကိုပဲအသေးစိတ်ကျကျ ပြောသွားတယ်ဆိုတဲ့အခါကျတော့ ဒီအချက်အလက်တွေဘယ်လိုများရသလဲလို့တောင်အံ့သြမိတယ်လေ။
ကိုစံမိုးဝေ….မြန်မာပြည်ရဲ့အားနည်းချက်က ပွင့်ပွင့်လင်းလင်းမရှိတာပါဘဲ။ မြန်မာပြည်အစိုးရပြတာတွေကိုကြည့်တာနဲ့စာရင် ခံစားရတဲ့လူတွေကိုတိုက်ရိုက်သွားပြီးတော့ တွေ့ဆုံဆွေးနွေးခွင့်ရတယ်လို့တော့ မြန်မာအစိုးရကပြန်ပြီးတော့ ပြချင်တာတွေကို ပြဖို့ဖိတ်ခေါ်ကောင်းဖိတ်ခေါ်နိုင်ပါတယ်။ တကယ်လို့ မြန်မာပြည်အစိုးရကနေပြီးတော့ အခုအကြိမ်လာခွင့်ပြုပါမယ်ဆိုရင် သူကတော့ လွှတ်တော်နဲ့ အရပ်သားအစိုးရကိုဇောင်းပေးပြီးပြောလိမ့်မယ်လို့ ထင်တယ်။ ဦးမင်းလွင်ပြောသွားသလို အကန့်အသတ်တော့ရှိမယ်၊ ဒါပေမဲ့သူတို့စိုးရိမ်တာကတော့ အပြင်မှာကော၊ အတွင်းမှာကော စုံစမ်းစစ်ဆေးရေးလုပ်ဖို့ လာလိမ့်မယ်ဆိုတာကိုတော့ သူတို့ အတတ်နိုင်ဆုံးရှောင်ရှားလိမ့်မယ်လို့ထင်တယ်။
သူကအရင်တုန်းကလည်း စစ်အစိုးရရဲ့ကျူးလွန်တဲ့အမှုတွေကိုဖော်ထုတ်ရမယ်လို့ ခဏခဏပြောတယ် ၊ဒါကြောင့်ကျနော်က ဒီလူ့ကိုတော့ ဝင်ခွင့်ပေးပါ့မလားလို့တွေးမိတာပါ။
ဦးမင်းလွင်ဦးပြောပါဦး..
ဦးမင်းလွင်ဦး….အစောကဦးခင်မောင်ငြိမ်းပြောသလို ပညာရေးတို့ ကျန်းမာရေးတို့ အကျဉ်းထောင်တို့ အဲဒါတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေဘယ်ကရသွားသလဲ၊ Working group ကနေပြီးပြန်လည်သုံးသပ်တဲ့အချက်တွေထဲမှာ မြန်မာနိုင်ငံအစိုးရကကြွားတာတွေများသွားတာပေါ့လေ။အဲဒီ့အချက်အလက်တွေကို သူရသွားတယ်ခင်ဗျ။ နိုင်ငံရေးကဏ္ဍမှာ ဘယ်လောက်အထိသူတို့ဆောင်ရွက်နေတယ်၊ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍမှာ နှိပ်ကွပ်မှုမရှိဘူး၊ တန်းတူအခွင့်အရေးပေးထားတယ်။
ကျန်းမာရေးနဲ့ ပညာရေးတွေမှာ အမြင့်ဆုံးရာထူးတွေ အမျိုးသမီးတွေတော်တော်များများရနေတယ်။ အဲဒီ့လိုမျိုး ပြောထားတဲ့ကိစ္စရပ်တွေ ၊ နောက်ပြီးတော့တခါ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ ထောင်တွင်းတွေမှာ ဆေးဝါးကုသခွင့်မရတဲ့ကိစ္စ၊မိသားစုတွေနဲ့ မတွေ့နိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာကိုယ်စားလှယ်တွေကတင်ပြသွားတာက ၂၀၀၅ခုနှစ်မှာ ICRC ကိုတွေ့ဆုံခွင့်ပေးတဲ့ အကြိမ်ပေါင်းဘယ်လောက်ရှိတယ်။
အဲဒီလို တင်ပြခဲ့တာတွေရှိတယ်။ နောက်ဆုံး နာဂစ်ဖြစ်တဲ့အချိန်မှာ ICRC ကိုခွင့်ပြုတာတွေက အခေါက်၅၀တောင်မကျော်ဘူးဆိုတာ ကျနော်တို့တွေ့ရတယ်။ ဒါတွေကကျနော်တို့ မြန်မာနိုင်ငံအစိုးရ ကိုယ်တိုင်ကိုက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိရှိတယ်။ ဘယ်လောက်အထိ ရည်မှန်းထားတယ် ဆိုတာတွေကို ပြောလိုက်တဲ့အခါမှာ ကင်တားနားကနေပြီးဒီအချက်အလက်တွေမှန်မမှန်လိုက်ကြည့်တဲ့အခါမှာ တချို့ဟာတွေက တော်တော်ကွဲလွဲနေတဲ့အတွက်
သူ့အနေနဲ့ နောက်ဆုံးအစီရင်ခံစာမှာ ပြည့်ပြည့်စုံစုံထောက်ပြပြီးတော့ ပြောနိုင်လာတယ်လို့ကျနော်ကမြင်တယ်။
မစ္စတာကင်တားနား၂၀၀၈ခုနှစ်ကတုန်းက မြန်မာနိုင်ငံကိုသွားခဲ့သေးတယ်။ နာဂစ်မုန်တိုင်းတိုက်ပြီး ၃၊၄လောက်အကြာမှာ သွားခဲ့တယ်။ အဲ့ဒီ့တုန်းကလည်း မုန်တိုင်းသင့်တဲ့နေရာတွေကို သွားခဲ့တယ်ခင်ဗျ။ အဲ့ဒီတော့ သူကအဲ့ဒီလို နှံ့နှံ့စပ်စပ်နဲ့သွားခဲ့တဲ့အခါကျတော့ ၊ နာဂစ်ဖြစ်ပြီးကာစမှာ မြန်မာနိုင်ငံအခြေအနေတော်တော်ကြီး ဆိုးဝါးတယ်လို့ပြောရမှာဖြစ်တယ်။
နာဂစ်မုန်တိုင်းထိခဲ့တဲ့ ဒုက္ခသည်တွေကို စစ်အစိုးရအနေနဲ့ မယ်မယ်ရရပံ့ပိုးပေးတာမရှိဘူး၊ နိုင်ငံတကာက အကူအညီတွေကိုလည်း အကန့်အသတ်အမျိုးမျိုးနဲ့ အဟန့်အတားတွေလုပ်ခဲ့တာရှိတယ်။အဲဒါတွေလည်းပဲ မစ္စတာကင်တားနားကတွေ့ခဲ့မြင်ခဲ့ပုံရပါတယ်။ နိုင်ငံတကာက အခြေအနေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် မုန်တိုင်းဒါဏ်ခံခဲ့ရတဲ့လူတွေကို ပစ်ပယ်ထားတာတွေကို သူ့အနေနဲ့ တော်တော်ခံစားခဲ့ရပုံရပါတယ်။
ကိုအောင်နိုင်…ဒီတခေါက် ကင်တားနားအစီရင်ခံစာက အားကောင်းတယ်လို့မြင်တယ်။ ကုလသမဂ္ဂကစုံစမ်းစစ်ဆေးမှုလုပ်မယ်ဆိုရင် ပြီးရင်ကော ဘယ်လိုအရေးယူမှာလည်းဆိုတဲ့ ပြဿနာပေါ့၊ တကယ်တမ်းအရေးယူနိုင်ပါ့မလား၊ ရုရှားနဲ့ တရုတ်က အမြဲတမ်းပယ်ချနေဦးမှာလားဆိုတဲ့ ပြဿနာတွေ၊ တကယ်တော့ စစ်ရာဇဝတ်မှုနဲ့ ဆိုင်ရင် လုံခြုံရေးကောင်စီကနေ နိုင်ငံတကာခုံရုံးကိုတင်ရမှာ၊ တင်ရင်လည်း တင်ခွင့်ပြုမလားပေါ့နော်။ သွားစရာအဆင့်တွေကများပေမဲ့ ဒီအစီရင်ခံစာကတော့ အားရစရာရှိတယ်လို့မြင်ပါတယ်။
ကိုစံမိုးဝေ…မစ္စတာကင်တားနားပြည်ဝင်ခွင့်ရပါစေလို့ဆုတောင်းပါတယ်။ တကယ်သာပြည်ဝင်ခွင့်ရမယ်ဆိုရင် မြန်မာပြည်တိုးတက်ဖို့ပဲရှိပါတယ်။ အစိုးရအနေနဲ့ တကယ်တမ်း မြန်မာနိုင်ငံပြည်သူတွေအတွက် လူ့အခွင့်အရေး ပြည့်ပြည့်ဝဝနဲ့ လုပ်ဆောင်ပေးနေတယ်ဆိုရင် သူတို့အနေနဲ့ လက်ခံသင့်ပါတယ်။
ဦးမင်းလွင်ဦး…ဒီအစီရင်ခံစာထက်ပိုပြီးပြည့်စုံတဲ့ အစီရင်ခံစာလုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံအတွင်းကိုဝင်ခွင့်ရပြီး စုံစမ်းဖော်ထုတ်နိုင်လိမ့်မယ်၊ အထူးသဖြင့် တာဝန်ရှိရှေ့နေချုပ် ကိုယ်တိုင်ကိုက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားနိုင်တယ်လို့နိုင်ငံတကာကို ပြောထားတာရှိတယ်။ အဲတော့ ပြည်တွင်းမှာရှိတဲ့ လူတွေကလည်း လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်လို့ အစိုးရအသစ်တက်လာရင် တိုင်ကြားဖို့ အဆင်သင့်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။
ဒါဟာ တကယ်ဖြစ်လားမဖြစ်လားဆိုတာကိုတော့ မသိရသေးဘူး၊ နိုင်ငံတကာကိုတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောထားတာရှိတယ်။ တကယ်လက်တွေ့အကောင်အထည်ဖော်ပြီးတော့ ကျင့်သုံးနိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပိုပြီးတော့ တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Monday, March 21, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment