Wednesday, March 23, 2011

Filled Under:

တရားစွဲတဲ့လယ်သမားအရိုက်အနှက်ခံရ

( ဗွီအိုအေ ၂၂၊ ၃၊ ၂၀၁၁) မကွေးတိုင်းကံမမြို့နယ်ထဲမှာ ကော့စတစ်နဲ့ ပလပ်စတစ်ပစ္စည်းတွေထုတ်လုပ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရုံးဝင်းထဲမှာရှိနေတဲ့လူတွေရဲ့ရိုက်နှက်မှုကြောင့် ဒေသခံလယ်သမား၂ယောက်ဒါဏ်ရာ ပြင်းပြင်းထန်ထန်ရရှိသွားတဲ့အပြင် ဖမ်းဆီးပါခံထားရပါတယ်။ ဒေသခံလယ်သမားတွေရဲ့ လယ်မြေတွေအပေါ်မှာ ဦးပိုင်ကစီမံကိန်းချပြီးစက်ရုံ တည်ဆောက်နေမှုအပေါ် တရားစွဲဆိုခဲ့ပြီးတဲ့နောက်မှာ တရားစွဲတဲ့အထဲ ပါလာတဲ့ လယ်သမား၂ယောက်ကို သူခိုးလို့စွပ်စွဲခံခဲ့ရတာဖြစ်ပြီး ရိုက်နှက်ခံခဲ့ရသလို ရဲစခန်းမှာလည်း အချုပ်ချခံထားရတာဖြစ်ပါတယ်။

ရိုက်နှက်ခံရသူတွေဟာ မကွေးတိုင်း ကံမမြို့နယ် စစ္စရံရွာက လယ်သမားတွေ ဖြစ်ကြပြီး ပြီးခဲ့တဲ့၂လခန့်က သူတို့ရဲ့ လယ်ယာမြေတွေကို ဦးပိုင်ကုမဏီကနေပြီး နယ်မြေတွေကျော်ပြီး အဆောက်အဦးတွေ ဆောက်လုပ်ကာ လယ်ယာမြေတွေကို ဖျက်ပြီးလမ်းဖောက်တာတွေ လုပ်ခဲ့တဲ့အတွက် မကွေးတိုင်းကံမမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ကြသူတွေဖြစ်ပါတယ်။

၂၁ရက်နေ့ညကတော့ အများသွားတဲ့လမ်းပေါ်မှာ ဆိုက်ကယ်မောင်းလာတုန်း ဦးပိုင်ကုမဏီအခြေစိုက်ရုံးရှေ့ရောက်တဲ့အချိန်မှာ လူအစုအဝေးနဲ့ ဝိုင်းရိုက်တာခံလိုက်ရကြောင်း ဦးပိုင်ကုမဏီနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုမှာ ပါဝင်ခဲ့တဲ့ လယ်သမား တဦးကအခုလိုပြောပြပါတယ်။

..ည၉နာရီလောက်က ဝိုင်းရိုက်တာပေါ့နော်။ ဝိုင်းရိုက်ပြီးတော့ စစ္စရံအခြေစိုက် ရုံးခန်းထဲမှာဖမ်းခေါ်ထားတယ်ခင်ဗျ။ ဖမ်းခေါ်ပြီး မနက်၎နာရီလောက်ကျတော့မှ သူတို့ ကိုကံမမြို့နယ်ရဲစခန်းကိုပို့တယ်ပေါ့နော်။ အခု ကိုသန်းဦးတို့ ကိုအောင်လင်းတို့က ဒီမနက်မှာ ဒါဏ်ရာတွေအများကြီးနဲ့ ဆေးရုံမှာတင်ထားရတယ်။ ကိုသန်းဦးဆိုရင် ခေါင်းမှာဒါဏ်ရာတွေနဲ့ ၄၊၅၊၆ချက်လောက်ချုပ်ရတယ်ခင်ဗျ။ မနက်၁၁နာရီလောက်က သူ့အမျိုးသမီးလိုက်သွားတဲ့အခါမှာ သူသွေးတွေထွက်နေသေးတယ်။

ကိုသန်းဦးနဲ့ ကိုအောင်လင်း၂ယောက်ကို ဆေးရုံမှာတွေ့ရတဲ့ အနေအထားက ခြေချင်းခတ်ကြီးနဲ့ တွေ့ရတယ်။ ရိုက်လည်းအရိုက်ခံရသေးတယ်။ ဖမ်းလည်းဖမ်းတယ်တယ်လို့သိရပါတယ်။

အရိုက်နှက်ခံခဲ့ရတဲ့ လယ်သမားတွေဟာ စစ္စရံကျေးရွာသားတွေဖြစ်တယ်လို့ သိရပါတယ်။ စစ္စရံကျေးရွာနဲ့ ကပ်လျက်မှာရှိတဲ့ မျက်စေ့ရွာကိုသွားလာနေခဲ့ကြသူတွေဖြစ်တယ်လို့လဲ သိရပါတယ်။
.
. ကိုသန်းဦး၊ ကိုအောင်လင်းတို့အပါအဝင်၅ယောက်ဗျ၊ဆိုက်ကယ်၃စီးနဲ့ ၊ကျန်တဲ့၃ယောက်ကတော့ အရှေ့ကထွက်သွားတော့ ကိုသန်းဦးနဲ့ ကိုအောင်လင်းတို့ ၂ယောက်က အနောက်မှာကျန်ခဲ့တယ်ပေါ့ဗျာ။

အဲဒီလမ်းမကလည်းလူတိုင်းလူတိုင်းသွားလာနေတဲ့လမ်းဖြစ်တယ်ဗျ။ကိုသန်းဦးတို့ကနောက်မှာကျန်ခဲ့တာကို ကိုသန်းဦးတို့ကို တမင်သက်သက်စောင့်ပြီး ချောင်းမြောင်းပြီးလုပ်ကြံတာပါ။ ပြီးခဲ့တဲ့၂လကတော့ လယ်သမားတွေဟာ ဦးပိုင်လီမိတက်ကုမဏီကိုပုဒ်မ ၃ခုနဲ့ တရားစွဲဆိုခဲ့ကြောင်းတွေကိုလည်း ဆက်ပြောပြပါတယ်။

..ကျနော်တို့တရားစွဲတုန်းက ကျနော်တို့လယ်ယာမြေတွေအပေါ်ကို အဓမ္မကျူးကျော်တာ၊ပိုင်နက်ကျူးလွန်မှု၊ နောက်ပြီးတော့ ကျနော်တို့ လယ်ယာမြေတွေအပေါ်ကိုလမ်းတွေဖောက်၊ သီးနှံတွေ အားလုံးပျက်ဆီးတဲ့အတွက် အကျိုးစီးပွား ပျက်ဆီးစေမှုဆိုတာရယ်၊ နောက်တခုက ကျနော်တို့လို လယ်သမားတွေကိုခြိမ်းခြောက်မှုဆိုတာတွေကို ပုဒ်မ၃ခုတပ်ထားတယ်။ ပြစ်မှုကြောင်း ဆိုင်ရာအရ တရားစွဲထားပါတယ်။ဒါဟာ ကျနော်တို့ ကိုဆန်းဦးတို့၊ ကိုထွန်းမင်းတို့ ကိုအေးကြူ စတဲ့ဒေသခံလယ်သမားကြီးတွေက တရားလိုလုပ်ပြီး စွဲထားတာရှိတယ်ခင်ဗျ။

ကံမမြို့နယ် အတွင်းမှာ ဦးပိုင်ကုမဏီက ၈မိုင်ပတ်လည်မှာရှိတဲ့ လယ်ယာပေါင်း ၈၀၀၀ လောက်ရှိတဲ့နေရာကို စီမံကိန်းအဖြစ် သတ်မှတ်ပြီး လမ်းဖေါက်ပြီး ထူးကုမဏီ အကူအညီနဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ လယ်သမားတွေ တရားစွဲဆိုခဲ့ပြီးတဲ့နောက် ကံမမြို့နယ်တရားရုံးကကော ခရိုင်တရားရုံးကပါ လယ်သမားတွေရဲ့တိုင်ကြားချက်ကို အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ ပယ်ချခဲ့ပါတယ်။ တရားစွဲဆိုမှုမှာ အဓိကဦးဆောင်ခဲ့တဲ့ လယ်သမား၂ဦးရိုက်နှက်ခံခဲ့ရပြီး ဖမ်းဆီးချုပ်နှောင်တာပါခံနေရကြောင်း ပြင်းထန်တဲ့ဒါဏ်ရာတွေကြောင့် စိုးရိမ်ရတယ်လို့ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်လယ်သမားတွေက ပြောပြခဲ့ပါတယ်ရှင်။

0 comments:

Post a Comment