Sunday, April 03, 2011

Filled Under:

လွဲမှားနေတဲ့ ကတိသစ္စာပြုချက်တွေ

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ မှာ စတင်အာဏာတည်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီဖွဲ့စည်း တဲ့ အစိုးရ အဖွဲ့သစ်အနေနဲ့ မေလ ၃၀ ရက်နေ့မှာ ကတိသစ္စာပြုခဲ့တာဖြစ်လို့ အစိုးရသစ် တရပ်ပေါ်ပေါက်လာပြီလို့ပြောရမှာဖြစ်ပါတယ်။

နိုင်ငံတော်သမတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၈ အရ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ် ရေရာရရှိတယ်လို့ ဖေါ်ပြထား တာကို တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံ တော်သမတသစ်က ကတိသစ္စာပြုတဲ့အခါမှာ ဖွဲ့စည်းပုံအရ သမတရဲ့ လက်အောက် မှာ ရှိတဲ့ ပြည်ထောင်စုလွှတ်တော်နာယက ရဲ့ရှေ့မှောက်မှာ ကတိ သစ္စာပြုတဲ့အတွက် ဥပဒေနဲ့ညီညွှတ်ရဲ့လားလို့ စဉ်းစားမိပါတယ်။
ကတိသစ္စာပြုတယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ပြဌာန်းချက်တွေ၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း လိုက်နာကျင့်သုံးနေတဲ့ တရားဥပဒေတွေ ကို လိုက်နာဆောင်ရွက်ပါမယ်လို့ကတိသစ္စာပြုရတာဖြစ်ပါတယ်။

အဲဒီလိုကတိသစ္စာ ပြုတာကလဲ နိုင်ငံသားတွေနဲ့ နိုင်ငံတော်ရဲ့အကြီးအကဲဖြစ်တဲ့ သမတ အကြားသဘော တူညီမှု ပြုလုပ်လိုက်ခြင်း ဖြစ်ပါတယ်။ တကယ်ဆိုဒီလိုကတိသစ္စာပြုတဲ့ကိစ္စကို ဥပဒေနဲ့အညီပြုလုပ်မယ်ဆိုရင် ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်ဖြစ်တဲ့သူရဲ့ရှေ့မှောက်မှာ ကတိသစ္စာပြုရမှာဖြစ်တယ်။ ဒါမှလဲ တရားဥပဒေအရ စည်းနှောင်မှု ရှိမှာဖြစ် တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်ပုံအခြေခံဥပဒေမှာ တော့ သမတဖြစ်သူဟာမည်သူရဲ့ ရှေ့မှောက်မှာ ကတိသစ္စာပြုရမယ်လို့ ထည့်သွင်းရေးထားတာမတွေ့ရ ပါဘူး။

ပြည်ထောင်စုလွှတ်တော်နာယက ရဲ့ တာဝန်နဲ့ဝတ္တရားများကိုပြန်ပြီးဖတ် ကြည့် တော့လဲ နာယကဖြစ်သူရဲ့လုပ်ပိုင်ခွင့်ထဲမှာ ထည့်သွင်းပြဌာန်း ထားတာ မတွေ့ရ ပါဘူး။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်ရဲ့ပုဒ်မ ၅၁ မှာတော့ နိုင်ငံတော် သမတဟာအစည်းအဝေးကျင်းပလျက်ရှိတဲ့ ပါလီမန် ဆိုင်ရာ လွှတ်တော် ၂ ရပ် နဲ့ တရားလွှတ်တော်ချုပ်၏ တရားဝန်ကြီးများ ရှေ့ မှောက်တွင် လူသိရှင်ကြား သစ္စာဆို၍ လက်မှတ်ထိုးပြီးလျှင် ရာထူး၌၀င်ရောက်ထမ်းရွက်ရမယ်လို့ ပြဌာန်းထားတာကို တွေ့ရပါတယ်။

ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်ဖြစ်တဲ့ ဦးထွန်းထွန်းဦးဟာ သမတဖြစ်တဲ့ ဦးသိန်းစိန် နဲ့ ယှဉ်လိုက်ရင် အတွေ့အကြုံ နည်းတယ်လို့ယူဆထားလို့အခုလို ဆောင်ရွက်လိုက်တာလားဆိုတာကလဲစဉ်းစားစရာပါ။
ပြည်ထောင်စု လွှတ်တော်နာယက ဖြစ်တဲ့ ဦးခင်အောင်မြင့်ရဲ့ ရှေ့မှောက်မှာ သမတအဖြစ်ကတိသစ္စာပြုပြီးတဲ့အခါမှာ ဦးသိန်းစိန်ဟာ သမတဖြစ်သွားပါပြီ။ တနည်းအားဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံသားတွေအားလုံးရဲ့ အထွတ်အထိပ်ဖြစ်သွား ပါပြီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းခန့်အပ် တဲ့သူဖြစ်သွားပါပြီ။

ပြည်ထောင်စုအဆင့် ခန့်အပ်ခြင်းခံရ သူတွေဟာလဲ မိမိလုပ် ဆောင်တဲ့လုပ်ငန်းရပ် အသီးသီးအတွက် သမတကို တာဝန်ခံရတော့မှာ ဖြစ်ပါတယ် ဒါပေမဲ့ ပြည်ထောင်စုအဆင့် ရွေးချယ်ခံရသူများကတိသစ္စာပြုတဲ့အခါ သမတရဲ့ ရှေ့မှောက်မှာ ကတိသစ္စာပြုတာမဟုတ်ပဲ ပြည်ထောင်စုလွှတ်တော်နာယက ရဲ့ ရှေ့မှာ ကတိသစ္စာပြုတာကို တွေ့ရပါတယ်။ဒါကိုလဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်ရေးထားတာမတွေ့ရပါဘူး။

ပြည်ထောင်စုအဆင့်ရွေးချယ်ခံရသူများကတိသစ္စာပြုတဲ့အခါ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ စတာတွေ နဲ့ အစိုးရ အဖွဲ့ဝန်ကြီးများ ပါဝင်ပြီး ကတိသစ္စာပြုတာကိုတွေ့ရပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု ရှေ့နေချုပ်တို့ပါဝင်ပြီး ကတိ သစ္စာပြုတာ ကိုတော့ ပြောစရာမလိုပါ။

ဒါပေမဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ အနေနဲ့ပါဝင်ပြီး ကတိသစ္စာပြုတဲ့ကိစ္စဟာ တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်တွေမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးတို့နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့အတိအလင်းဖေါ်ပြလိုက်သလိုဖြစ် နေတာကိုတွေ့ရပါတယ်။ တရားစီရင်ရေးဆိုင်ရာ မှုခင်းများကိုဆောင်ရွက်ရာမှာ ဥပဒေပြဌာန်းချက်တွေ အတိုင်း လိုက်နာဆောင်ရွက်မှာ မဟုတ်ပဲ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲ ရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင်ပါမည်လို့ ဆိုထားတဲ့အတွက် လွတ်လပ်တဲ့ တရားစီရင်ရေးစံနစ် မြန်မာပြည်မှာ အကန့်အသတ်နဲ့သာကျင့်သုံးမယ်လို့ဆို လိုတဲ့သဘော သက်ရောက်နေတာကို တွေ့ရမှာဖြစ်တယ်။

တရားစီရင်ရေးမှာ အဓိက အရေးပါတဲ့ ဖြောင့်မတ်မှန်ကန်မှု၊ မျက်နှာကြီးငယ် မရွယ်မထောက်၊ ဆန္ဒာ၊ ဒေါသာ၊ ဘယာ ဂတိများသို့မလိုက်ပဲ စစ်ဆေးဆုံးဖြတ်မယ်လို့ ကတိ သစ္စာပြုစရာမလို၊ အချုပ်အခြာတည်တံ့ခိုင်မြဲရေးအတွက် ကိုသာဦးထိပ်ပန်ဆင် ပြီးအုပ်ချုပ်ရေး အာဏာပိုင်တွေအလိုကျ ဆုံးဖြတ်မယ်လို့ ဖေါ်ပြလိုက်တာဖြစ် ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။
အာရှလူ့အခွင့်အရေး ကော်မရှင်မှရှေ့နေဦးမင်းလွင်ဦး အာအက်ဖ်အေသို့ပေးပို့ထားသောဆောင်းပါး ဖြစ်သည်။

0 comments:

Post a Comment