Monday, April 04, 2011

Filled Under:

အစိုးရသစ်လက်ထက် လူ့အခွင့်အရေးအခြေအနေ

( မတ် ၃၁ ဒီဗွီဘီ) အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေဘယ်လို ရှိလာပြီလဲဆိုတဲ့အပေါ်မှာ အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးကို ဒီဗွီဘီသတင်းထောက် ဦးဝင်းနိုင်ကဆက်သွယ်မေးမြန်းထားပါတယ်။
မနေ့တုန်းကအစိုးရသစ်ပေါ်တယ်ဆိုတော့ မြန်မာပြည်မှာ ဦးသိန်းစိန်အစိုးရကနေပြီးတော့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာမယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်ကမြင်ပါသလားခင်ဗျာ။

ဦးမင်းလွင်ဦး…. အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ပြောရမယ်ဆိုရင် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ခြင်းခံရတယ်ဆိုရင် အလျင်အမြန်သက်သာခွင့်ရနိုင်ဖို့အတွက် စာချွန်တော် ၅ရပ်ထုတ်ပြန် ပြဌာန်းထားတယ်ဆိုတာကို တွေ့ရတယ်။ သို့သော်လည်း ဒီစာချွန်တော် ၅ရပ်ကို လက်တွေ့အသုံးပြုနိုင်၊ မပြုနိုင်ဆိုတာကို ကျနော်တို့ မသိရသေးပါဘူး၊ အစောကပြောထားတဲ့အတိုင်း အစိုးရသစ်တက်လာရင် စာချွန်တော် ၅ရပ်ကို လက်ခံကျင့်သုံးနိုင်တယ်ဆိုရင် ၊ နောက်ပြီးတော့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၄၉၁မှာပါတဲ့ စာချွန်တော်နဲ့ သဘောတူတဲ့ ပုဒ်မကိုကျင့်သုံးနိုင်မယ်ဆိုရင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆောက်ရွက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အစောကပြောသလို ကျင့်သုံးဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုရင်မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်လက်ပြီး ဖြစ်ပေါ်နေဦးမှာဘဲဆိုတာ ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ မနေ့ကကျမ်းသစ္စာ ကျိမ်ဆိုကြတဲ့အထဲမှာ မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော်ဝန်ကြီးတွေက အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးကို ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမယ်လို့ ကတိ သစ္စာပြုထားတဲ့အတွက် လွတ်လပ်တဲ့ တရားစီရင်ရေးကို ထိထိရောက်ရောက် ကျင့်သုံးနိုင်ပါ့မလားဆိုတာကို ကျနော်တို့ကသံသယရှိပါတယ်။

ဘာကြောင့်ဘာလဲခင်ဗျာ..

ဦးမင်းလွင်ဦး… ဆိုလိုတဲ့အဓိပါယ်က အုပ်ချုပ်ရေးအာဏာပိုင်တွေကနေ နိုင်ငံရေးအချုပ်အချာအာဏာကို ထိပါးတဲ့ ကိစ္စရပ်တွေဖြစ်တယ်လို့ တရားရုံးကိုညွှန်ကြားလာရင် တရားရုံးက ညွှန်ကြားချက်အတိုင်းဆောင်ရွက်မဲ့သဘောဆောင်နေတဲ့ အတွက် ကျနော်တို့က လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်မထွန်းကားနိုင်ဘူး၊ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေက ဆက်လက်ပြီးတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဦးမယ်လို့ ကျနော်တော့ ယူဆပါတယ်။

စာချွန်တော်နဲ့ ပတ်သက်ပြီးရှင်းပြပေးပါလားခင်ဗျာ။

ဦးမင်းလွင်ဦး…. စာချွန်တော်၅ရပ်မှာ ပြစ်မှုဆိုင်ရာအမှုတွေနဲ့ ပတ်သက်ပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်မဲ့ စာချွန်တော်က ရှေ့တော်သွင်းစာချွန်တော်လို့ခေါ်ပါတယ်။ အဲဒါရဲ့အဓိပါယ်က ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ မိသားစုဝင်တွေကနေပြီးတော့ မိမိတို့ရဲ့သားသမီးဖြစ်ပါစေ၊ ညီအကိုမောင်နှမဖြစ်ပါစေ၊ လင်ယောကျာ်းပဲဖြစ်ပါစေ၊ မည်သည့်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်၊ ဘာကိစ္စနဲ့ ချုပ်နှောင်ထားတယ်ဆိုတာကို သိရှိဖို့ တရားရုံးကို အမြန်ဆုံးအရေးယူနိုင်ဖို့ လျှောက်ထားနိုင်တဲ့လျှောက်လွှာဖြစ်တယ်။ အဲတော့ အဲဒီလျှောက်လွှာကိုလက်ခံရရှိတဲ့ အခါမှာတရားရုံးတော်ကနေ ဖမ်းဆီးထားတဲ့ အဖွဲ့အစည်းကိုဆင့်ခေါ်ပြီးတော့ စစ်ဆေးမေးမြန်းမယ်၊ ဥပဒေအရ ခိုင်ခိုင်လုံလုံမပြနိုင်ရင် ဖမ်းဆီးထားတဲ့ လူကို ချက်ချင်းလွှတ်ပေးရမှာ ဖြစ်ပါတယ်။

ဒါကနိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးစစ်ကြောတဲ့ ကိစ္စ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးပြီးညှင်းပန်းနေတဲ့ ကိစ္စရပ်တွေကို အကာအကွယ်ပေးနိုင်မဲ့ စာချွန်တော်တရပ်ဖြစ်ပါတယ်။ ဒါကြောင့်ဒီစာချွန်တော်က ပြစ်မှုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အများကြီးဆောင်ရွက်ရမဲ့ ကိစ္စတွေဖြစ်ပါတယ်။ ကျန်တဲ့ စာချွန်တော်၎ရပ်ကတော့ အာဏာပေးစာချွန်တော်၊ အမှုဖော်စာချွန်တော်စတာတွေဖြစ်ပါတယ်။ ဒါတွေကတရားရုံးရဲ့ စီမံခန့်ခွဲရေးနဲ့ ဆိုင်လို့ဖြစ်ပွားတဲ့အမှုအခင်းတွေမှာ သုံးတဲ့စာချွန်တော်တွေဖြစ်တဲ့အတွက် အမှုတွေနဲ့ ပတ်သက်လို့ သိပ်အရေးပါတယ်လို့ မပြောနိုင်ပါဘူးခင်ဗျာ။

0 comments:

Post a Comment