Monday, May 02, 2011

Filled Under:

NLD ပေးပို့စာ AHRC ထောက်ခံ

( အာအက်ဖ်အေ ၃၀.၄.၂၀၁၁) တရားဥပဒေစိုးမိုးရေးအတွက် ဦးဆောင်လမ်းညွှန်မှုပေးဖို့ NLD ပါတီက သမ္မတ ဦးသိန်းစိန်ထံပေးပို့တဲ့ စာကို အာရှလူ့အခွင့်အရေး ကော်မရှင် ALRC ကထောက်ခံ ကြိုဆိုလိုက်ပါတယ်။ဒါနဲ့ ပတ်သက်ပြီးတော့ ALRC ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းလွင်ဦးကို အာအက်ဖ်အေ အဖွဲ့သား ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းတင်ပြမှာပါ။


မြန်မာနိုင်ငံမှာ မတရားညှင်းပန်းနှိပ်စက်ပြီး ရဲထွက်ချက်ရယူကာ တရားရုံးမှာ သက်သေအဖြစ်အသုံးပြုနေတာတွေအပါအဝင် ဒီကနေ့ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ လက်ရှိပြဌာန်းချက်တွေ လိုက်နာခြင်းမရှိတာကို တွေ့ရကြောင်း၊ ဒါကြောင့် အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဦးတင်ဦးကလည်း သမ္မတအသစ် ဦးသိန်းစိန်ထံပေးစာပေးတာကို ထောက်ခံကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက အခုလိုပြောဆိုပါတယ်။


ဦးမင်းလွင်ဦး…. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ပြတဲ့ အချက်တွေထဲမှာ အမှုတွေကို စွဲတင်တဲ့အခါမှာ
ထောက်လှန်းရေး စစ်ကြောချက်တွေ၊ ရဲစခန်းကရတဲ့ စစ်ကြောချက်တွေကို လက်ခံပြီးတော့ တရားရုံးတွေက စစ်ဆေးစီရင်နေတယ် ဆိုတဲ့ ကိစ္စက ဥပဒေပြဌာန်းချက်တွေနဲ့ အတိအလင်း ဆန့်ကျင်နေတယ်။ ဒါတွေကြောင့် ကျနော်တို့ က တရားဥပဒေစိုးမိုးရေးကို မြန်မာနိုင်ငံအတွင်းမှာ ဆောင်ရွက်မယ်ဆိုရင် ပြဌာန်းဥပဒေတွေကို တိတိကျကျ ပြဌာန်းဆောင်ရွက်ဖို့ လိုတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ပြတဲ့ အချက်အလက်တွေနဲ့ အညီပြင်ဆင် ဆောင်ရွက်သင့်တယ် ဆိုတာကို ကျနော်တို့ အနေနဲ့ ထောက်ခံပြီး ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ အထူးသဖြင့် နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကြောရေး စခန်းတွေမှာရဲ၊ ဒါမှမဟုတ် SBခေါ် သတင်းတပ်ဖွဲ့က လူတွေက ဝန်ခံထွက်ဆိုချက်တွေ ရယူကာ လူသူမရှိတဲ့ အထူးတရားရုံးတွေမှာ တရားစီရင်ပြီး ထောင်ဒါဏ်တွေချ အပြစ်ပေးနေတာကို တွေ့ရကြောင်း ယခင် စစ်အစိုးရလက်ထက်ကတည်းက တရားစီရင်နည်းကို အသုံးပြုခဲ့ကြောင်း အခုသမ္မတအသစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာလည်း ပြုပြင်ပြောင်းလဲခြင်းမရှိသေးကြောင်း ၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းကို ပြဌာန်းပြီးနောက် လွန်ခဲ့တဲ့ ၂၀၁၀ခုနှစ်အတွင်းက တရားစီရင်ရေး ဆိုင်ရာ အခြေခံမူ၇ချက်ကို ပြဌာန်းခဲ့ကြောင်း၊ အဲဒီ့အခြေခံမူ ၇ချက်ကို စစ်အစိုးရအသစ်အနေနဲ့ လိုက်နာအောင်ဆောင်ရွက်သင့်ကြောင်း၊ အနိမ့်ဆုံး လွတ်လပ်စွာ တရားစီရင်ခွင့်၊ အများပြည်သူရှေ့မှောက်မှာ တရားစီရင်ခြင်း၊ တရားစွဲဆိုခံရသူအနေနဲ့ ရှေ့နေရှေ့ရပ်ဌားရမ်းကာ တရားဥပဒေအရ ခုခံကာကွယ်ပိုင်ခွင့်ရှိခြင်းစတဲ့ အချက်၃ချက်ကိုပင် အနည်းဆုံးလိုက်နာသင့်တယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်ကတိုက်တွန်းထားပါတယ်။


ဦးမင်းလွင်ဦး….၂၀၁၀ခုနှစ်မှာပြဌာန်းတဲ့ ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာ တရားစီရင်ရေးဆိုင်ရာမူ၇ချက် ရှိပါတယ်။ အဲတော့တရားစီရင်ရေးဆိုင်ရာ မူ၇ချက်ထဲကနေပြီးတော့ ဥပဒေနဲ့ အညီ လွတ်လပ်စွာတရားစီရင်ခွင့်ပေးရမယ်။ နောက်တခါ အများပြည်သူရဲ့ရှေ့မှောက်မှာ စစ်ဆေးစီရင်ရမယ်။


နောက်ပြီးတော့ စွပ်စွဲခံရတဲ့ တရားခံတွေ၊ ပြစ်မှုကျူးလွန်တယ်လို့ ယူဆခြင်းခံရတဲ့ လူတွေကို ဥပဒေနဲ့အညီ ခုခံချေပခွင့်ပေးဖို့ လိုပါတယ်။ အခုအစိုးရသစ်လက်ထက်မှာ တရားစီရင်ရေးဆိုင်ရာမူတွေကိုတောင်မှ တရားရုံးတွေက လိုက်နာ ဆောင်ရွက်ခြင်း မရှိဘူးဆိုတာ ကျနော်တို့ တွေ့နေရတယ်။


ဒါ့အပြင်ပြီးခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ အရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း လက်ရှိပါလီမန်ဟာ နိုင်ငံရေးအရ တရားဝင်မှုရှိတယ်လို့ ယုံကြည်ပါက တရားစီရင်ရေးဆိုင်ရာကိစ္စတွေကို မှန်မှန်ကန်ကန် ဖြစ်ပေါ်လာအောင် ဆောင်ရွက် ရမှာဖြစ်ကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင် ရဲ့ဥပဒေရေးရာ အရင်းအမြစ်ဌာန ALRCကတိုက်တွန်းထားကြောင်းပါခင်ဗျာ။

0 comments:

Post a Comment