Wednesday, August 31, 2011

Filled Under:

မစ္စတာ ကင်တားနား ခရီးစဉ်အပေါ် ပြည်ပအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ သုံးသပ်ချက်

VOA --- 27/8/2011

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ပြည်ဝင်ခွင့် ဗီဇာ ညင်းပယ်ခံရတဲ့ မစ္စတာ ကင်တားနားကို  အရင်လာရောက် ခဲ့စဉ်က မရခဲ့တဲ့ အခွင့်အရေးတွေကို အစိုးရသစ်က ပေးလာတာ ဖြစ်တယ်။ ဒီခရီးစဉ်မှာ အာဏာပိုင်တွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေး ပါတီတွေ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အပြင် နိုင်ငံရေး အကျဉ်းသားအချို့နဲ့လည်း တွေ့ဆုံခွင့် ရခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဘိုကြည်က -

“အဓိက သူ့ခရီးစဉ်က ဘယ်အချိန်မှာ ဖြစ်တာလဲ ဘယ်အချိန်မှာ ဖြစ်လာတာလဲ ကျနော်တို့ စဉ်းစားဖို့လိုတယ်။ မစ္စတာကင်တားနား မြန်မာပြည်ကိုဝင်ဖို့ ကြိုးစားတာ အတော်ကြာသွားပါပြီ။ သူဝင်ချင်တဲ့အချိန်မှာ ဝင်လို့မရဘူး။ န အ ဖ က သူပေးဝင်တဲ့အချိန်မှာ ကင်တားနားကို ခေါ်တာဖြစ်တယ်။ အဲဒါကို ကင်တားနားက လက်ခံရတာ ဖြစ်တယ်။ နောက်တခါ ကင်တားနားက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်မရှိဘူး။ လိုရင်လိုတဲ့အချိန်မှာ သွားခွင့်မရှိဘူး။ ဆိုတဲ့အခါကျတော့ ကင်တားနားခရီးစဉ်က နဂိုထဲက အောက်စီးဖြစ်တယ်လို့ ပြောလို့ရတယ်။ အထွေထွေညီလာခံလည်း စတော့မယ်။ အဲလို စတဲ့အချိန် ကျမှ မစ္စတာကင်တားနားကို တရားဝင်ဖိတ်ပြီး တချို့လူတွေနဲ့ တွေ့ပေးတာ ဖြစ်တယ်။ ကုလသမဂ္ဂနဲ့ စကားပြောတဲ့ အခါ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်ဆိုတာကို ပြချင်လို့ ကင်တားနားကို ဖိတ်တာဖြစ်တယ်။”

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့စဉ်ကလည်း မစ္စတာ ကင်တားနားအနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အမှန်အတိုင်း အစီရင်ခံဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေး ပညာပေးရေးဌာန ဒါရိုက်တာ ဦးအောင်မျိုးမင်းက -

“အစိုးရသစ်က မစ္စတာ ကင်တားနားကို အသုံးပြုပြီး တိုင်းပြက ကောင်းနေပါပြီ။ တခြားင်ငံက ပေါ်လစီ ပြောင်းဖို့အတွက် ကြိုးစားနေတဲ့သဘော ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ တခုခုလုပ်တိုင်း ကိုယ်ကျိုးအတွက် ဒါမှမဟုတ် နာမယ်ကောင်း ရဖို့အတွက် လုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အခုမစ္စတာ ကင်တားနားကို သူတို့ ပြောပါတယ်။ ပြောတာက ‘မကြာခင်မှာ နိုင်ငံတော်အဆင့် လူ့အခွင့်အရေး ကော်မရှင်တရပ် ဖြစ်ဖို့အတွက် သူတို့ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ အဲဒီအချက်ကို ကြည့်မယ်ဆိုရင် ကောင်းသလိုရှိတယ်။ ဒါပေမဲ့ သူ့တို့ချမှတ်ထားတဲ့ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ရည်ရွယ်ချက်က အမှန်အတိုင်း တင်ပြဖို့ထက် နိုင်ငံတကာကနေ စွတ်စွဲနေတဲ့ အချက်တွေကို သုံးသပ်ပြီး ပြန်လည်တုံ့ပြန်ရန် ရည်ရွယ်ချက် ဖြစ်တယ်။”

၅ ရက်သာ ခရီးစဉ်နဲ့ ပတ်သက်လို့ ရန်ကုန်လေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက အရင်ကနဲ့ မတူတဲ့ အစိုးရသစ်ရဲ့ ဆက်ဆံမှုကို ကြိုဆိုခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်၊ ဒါကြောင့် ဒီခရီးစဉ်ရဲ့ အနေအထားကို မှတ်ချက်ပေးဖို့ ခက်တယ်လို့ ဦးအောင်မျိုးမင်းက ပြောဆိုသွားပါတယ်။

“မစ္စတာကင်တားနား ပြောတဲ့အချက်ကို ကြည့်မယ်ဆိုရင် တိုးတက်တဲ့အချက်တွေကို သူထောက်ပြသွားတယ်။ တွေ့ဆုံခွင့်ရတာ ပြောဆိုခွင့်ရတာကို သူ့အနေနဲ့ ကြိုဆိုပေမဲ့ ပြီးခဲ့တဲ့ ၃ နှစ်ကတည်းက သူတောင်းဆိုထားတဲ့ အချက်တွေကို အခုအချိန်အထိ မလိုက်လျောဘူးဆိုတာ ထောက်ပြထားတယ်။ အဲတာကို သတိထားဖို့ လိုအပ်ပါတယ်။

သူတောင်းဆိုထားတဲ့ အချက်က နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ က ပထမ အချက်ဖြစ်တယ်။ နောက်တခုကတော့ လက်ရှိဖြစ်နေတဲ့ တရားဥပဒေတွေက ဒီမိုကရေစီ လူ့အခွင့်အရေးတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ဒီဥပဒေတွေကို ပြန်လည်သုံးသပ်ရမယ် ဆိုတဲ့ တောင်းဆိုချက်ကို အခုအချိန်အထိ မတွေ့ရသေးတာကို သူထောက်ပြထားတယ်။ နောက်တခုက တိုင်းရင်းသားဒေတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်လက်ရှိနေသေးတယ် ဆိုတာကို ထောက်ပြထားတဲ့အတွက် တင်းပြည့် ကျပ်ပြည့် ထောက်ခံကြိုဆိုဖို့ ကျနော်တို့အတွက် အခက်အခဲ ရှိနေတုန်းပဲ။”

အာရှလူ့အခွင့်အရေး ကော်မရှင် ပြောခွင့်ရသူ ရှေ့နေ ဦးမင်းလွင်ဦးက မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်အပေါ် အခုလို မြင်ပါတယ်။

“ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မစ္စတာ ကင်တားနားကို လာရောက်ခွင့် ပြုတဲ့အတွက်  ကြိုဆိုတယ်။ သို့သော်လည်း မစ္စတာကင်တားနားရဲ့ အဓိက ခရီးစဉ်မှာ သူ့အနေနဲ့ အဓိတာဝန်က မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု ရှိတယ်၊ မရှိဘူးဆိုတာကို စုံစမ်းစစ်ဆေးဖို့ ဖြစ်တယ်။ အဲတော့ ဒီလိုမျိုးလာရောက် စုံစမ်းတဲ့အခါမှာ မစ္စာတာ ကင်တားနား ပြန်သွားတဲ့အခါ လေဆိပ်မှာ သူကိုယ်တိုင် ပြောတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေက စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေမှာ ရှိနေသေးတယ်၊ တိုးတက်လာမှု မရှိသေးဘူး ဆိုတာကို ပြောသွားတယ်။

သို့သော်လည်း ဒီကိစ္စတွေ ဖြေရှင်းဖို့အတွက် အစိုးရက နေပြီးတော့ ပြင်ဆင်နေတဲ့ ဥစ္စာတွေကတော့ သူ့အနေနဲ့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဒါတွေက ကောင်းပါတယ်၊ အားတက်မိတယ်လို့ ပြောဆိုသွားတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေက လုံးဝ တိုးတက်လာခြင်း မရှိသေးဘူး၊ ယခင်အတိုင်း ဖြစ်နေသေးတယ် ဆိုတာကို ကောက်ချက်ချလို့ရပါတယ်။”

ဒီခရီးစဉ်မှာ မစ္စတာ ကင်တားနား တင်ပြတဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အစိုးရက လက်ခံစဉ်းစားတာထက် အစိုးရရဲ့ အခန်းကဏ္ဍကိုပဲ အာဏာပိုင်တွေက ရှင်းပြပြီး နိုင်ငံတကာ လက်ခံလာအောင် တိုက်တွန်းမှု ရှိတယ်လို့လည်း သိရပါတယ်ခင်ဗျား။

0 comments:

Post a Comment