Sunday, October 09, 2011

Filled Under:

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အလားအလာ ဦးရွှေမန်းပြော... VOA 9 October 2011

By သင်းသီရိ


မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးကိစ္စ မကြာခင်ရက်ပိုင်း အတွင်းမှာ အကောင်အထည် ပေါ်လာနိုင်ပါတယ်လို့ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ NRK လို့ခေါ်တဲ့ နော်ဝေရုပ်သံဌာနကို သူရဦးရွှေမန်းက အဲဒီလို ပြောခဲ့တာပါ။ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလောကထဲက ပါသင့်ပါထိုက်သူတွေ ပါဝင်လုပ်ကိုင်နိုင်ဖို့ လိုတယ်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

နော်ဝေအခြေစိုက် NRK လို့ခေါ်တဲ့ နော်ဝေရုပ်သံ သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာ မြန်မာနိုင်ငံ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ အဲဒီသတင်းဌာနက သတင်းထောက်တို့ တွေ့ဆုံ မေးမြန်းခန်းကို ဖော်ပြထားတဲ့အထဲ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ မေးခွန်းအပေါ် ဦးရွှေမန်းက အခုလိုဖြေထားပါတယ်။

“မကြာခင်ရက်ပိုင်းအတွင်းမှာ အကောင်အထည် ပေါ်လာမယ်။ ရက်ပိုင်းအတွင်းပေါ့။”

ဒါကတော့ နော်ဝေ NRK သတင်းဌာနကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းဖြေကြားခဲ့တဲ့ အသံ ဖြစ်ပါတယ်။

NRK သတင်းဟာ မြန်မာနိုင်ငံကို အောက်တိုဘာ ၆ ရက်နေ့ကနေ ၈ ရက်နေ့ညအထိ နှစ်ရက်ကြာ သွားရောက်ခဲ့တဲ့ နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့အတူပါသွားတဲ့ နော်ဝေသတင်းဌာန ဖြစ်ပြီး နေပြည်တော်မှာ နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးရွှေမန်းတို့ တွေ့ဆုံအပြီး အင်တာဗျူး လုပ်ခဲ့တာတွေကို ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ နော်ဝေမှာလည်း ဒီသတင်းတွေကို ဆက်တိုက်ပြနေပြီး နော်ဝေဘာသာနဲ့ထုတ်လွင့်တဲ့ အဲဒီသတင်းတွေမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး ဦးရွှေမန်း ပြောခဲ့တာတွေကိုရော နော်ဝေ ဒုတိယနိုင်ငံခြာရေးဝန်ကြီးက မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ပြောပြထားတာတွေကိုပါ တွဲပြီးပြနေတယ်လို့ နော်ဝေနိုင်ငံမှာ နေထိုင်တဲ့ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ NRK ရုပ်မြင်သံကြားဌာနကနေ နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ထပ်ပြီးတော့ မေးခွန်းထုတ်ခဲ့ပါတယ်။ မေးခွန်းထုတ်ခဲ့တာကတော့ နော်ဝေနိုင်ငံအနေနဲ့ ဒီအပေါ်ကို ဘယ်လို သဘောထားသလဲပေါ့။ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဘာပြောသလဲဆိုတော့ မြန်မာနိုင်ငံဟာ လောလောဆယ် အနေအထားအရ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်တဲ့။ ဒါပေမဲ့လို့ ဒီမိုကရေစီနိုင်ငံတစ်ခု အနေနဲ့ ဖြစ်လာဖို့အတွက်ကတော့ လျှောက်စရာလမ်းတွေ အများကြီး ကျန်ပါသေးတယ် ဆိုပြီးတော့ သူ ပြောသွားတာရှိပါတယ်။ တချိန်တည်းမှာလည်း အခုလိုမျိုး ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ မြင်ရတဲ့အတွက်ကြောင့် မြန်မာနိုင်ငံကို အတတ်နိုင်ဆုံး အကူအညီ အထောက်အပံ့တွေ ပေးသွားဖို့ကိုလည်း သူ ပြောသွားပါတယ်။”

နော်ဝေနိုင်ငံမှာနေထိုင်တဲ့ ဦးမောင်မောင်မြင့်က နော်ဝေဘာသာစကားနဲ့ ထုတ်လွှင့်နေတဲ့ မြန်မာနိုင်ငံသတင်းအကြောင်း ပြောပြခဲ့တာပါ။

နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အက်စပင်န် ဘာ့သ် အိုင်ဒဲ (Espen Barth Eide) ဟာ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့သလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ အောက်တိုဘာ ၈ ရက်နေ့က တွေ့ခဲ့ပါတယ်။

အပြောင်းအလဲတချို့နဲ့ ကောင်းတဲ့ဘက်ကို ဦးတည်တဲ့ သမ္မတရဲ့ပြောဆိုချက်တွေကို သူသိကြားရတာ ၀မ်းသာပေမဲ့ ဒီမိုကရေစီစနစ် စစ်စစ်မှန်မှန်ဖြစ်ဖို့က နိုင်ငံရေးအခင်းအကျင်းထဲမှာ အားလုံးပါဝင်ဖို့ လိုတဲ့အကြောင်း သတင်းထောက်တွေကို သူ့သဘောထားပြောပြခဲ့တယ်လို့ ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောပါတယ်။

“သူတို့ ရိုးရိုးသားသား ပြောရမယ်ဆိုရင်တဲ့ တကယ်တမ်း ဒီမိုကရေစီကို သွားဖို့အတွက်က အဝေးကြီးပဲ သွားရဦးမှာပါတဲ့။ အဲဒီလို သွားတဲ့အချိန်မှာလည်း မျှော်လင့်တာက ပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား နိုင်ငံရေးလောကမှာရှိကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ပါဖို့လိုပါတယ်တဲ့။ ဒါတွေ ပြောသွားပါတယ်။”

ပြည်တွင်းသတင်းထောက်တစ်ဦး ပြောပြခဲ့တာဖြစ်ပါတယ်။ ဒီလိုအချက်တွေအပြင် နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို အစိုးရ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာတွေ့တဲ့အခါ သူ အဓိကထား ဆွေးနွေးခဲ့တယ်ဆိုတာကိုလည်း ပြောပြသွားတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

မကြာခင်ရက်ပိုင်းတွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလာနိုင်တယ်ဆိုတဲ့ သတင်းတွေက အတော်လေးကို ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာမို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကြားမှာ အတော်လေး မျှော်လင့်ချက်တွေ ကြီးနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးမှာလား ဆိုတာကတော့ ခုချိန်ထိ ရေရေရာရာ မရှိသေးပါဘူး။

0 comments:

Post a Comment