Monday, October 03, 2011

Filled Under:

၂၀၁၁ လယ်ယာမြေဥပဒေကြမ်းနဲ့တောင်သူလယ်သမားအခွင့်အရေး...3 October 2011

 ရှေ့နေဦးမင်းလွင်ဦး

၁၉၅၃ လယ်ယာမြေနိုင်ငံတော်ပိုင်ပြုလုပ်ရေးဥပဒေ၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးဥပဒေ၊ ၁၉၆၃ သီးစားချထားရေးဥပဒေနဲ့ ၁၉၆၅ သီးစားချထား ရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေတွေကို ရုပ်သိမ်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရရဲ့ ၂၀၁၁ ခုနှစ်လယ်ယာမြေဥပဒေကြမ်းကိုလွှတ်တော်က အတည်ပြုပြဌာန်း တော့မှာဖြစ်တယ် ။ လယ်ယာမြေဥပဒေနဲ့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်တဲ့ ဥပဒေတွေကို တပေါင်းတစည်းထဲ ထုတ်ပြန်ပြဌာန်း လိုက်တဲ့ဥပဒေလို့ထင်ရပေမဲ့ အသစ်ပြဌာန်းမဲ့ လယ်ယာမြေဥပဒေမှာ တောင်သူလယ်သမားတွေရဲ့အခွင့်အရေးတွေကိုထူးထူးခြားခြား အကာအကွယ်ပေးထားတာမတွေ့ရပါဘူး။
လယ်ယာမြေကိုအသုံးချခွင့်ပြုခြင်းနဲ့ပတ်သက်လို့ဖေါ်ပြထားရာမှာဤဥပဒေပြဌာန်းအတည်မ ပြုမီ တည်ဆဲမြေယာဥပဒေများနှင့်အညီတရားဝင်လက်ရှိလက်ငုတ်လုပ်ကိုင်နေသူဖြစ်ရမယ် လို့ပုဒ်မ ၃ (ခ) မှာဖေါ်ပြထားတာကိုတွေ့ရတဲ့အတွက် မြန်မာနိုင်ငံအတွင်းလက်ရှိစစ်တပ်က အဓမ္မသိမ်းယူထားတဲ့လယ်ယာမြေတွေ၊ အစိုးရနဲ့နီးစပ်တဲ့ ယုဇန၊ ဇေကမ္ဘာ၊ ထူးကုမ္ပဏီ၊ ဧရာရွှေဝါကုမ္ပဏီ၊နဲ့အခြားစီပွားရေးလုပ်ငန်းရှင်များ နဲ့ ဦးပိုင်ကုမ္ပဏီတွေကသိမ်းယူထားတဲ့ လယ်ယာမြေတွေဆုံးရှုံးခဲ့ရတဲ့တောင်သူလယ်သမားများအတွက် ခိုင်မာတဲ့အာမခံချက်တစုံ တရာပေးမထားတာကိုတွေ့ရပါတယ်။
ပုဒ်မ (၈)မှာ၂၀၁၁ မြေယာဥပဒေအာဏာတည်ပြီးတဲ့နောက်လယ်ယာမြေအသုံးချခွင့် အငြင်း ပွားမှု အရှုပ်အရှင်းဖြစ်လာရင် ဦးစီးဌာနတွင်မှတ်ပုံတင်ထားပြီး မှသာတရားဝင်ဖြေရှင်း ဆောင်ရွက်ခွင့်ရှိတယ်လို့ဆိုထားပါတယ်။
လတ်တလောလယ်ယာမြေသိမ်းဆည်းခံရတဲ့တောင်သူလယ်သမားများအနေနဲ့ အာဏာပိုင် များက မြေစာရင်းဦးစီးဌာနနဲ့ပေါင်းပြီး မြေယာသိမ်းယူခဲ့တာတွေဖြစ်တဲ့အတွက်နစ်နာမှုကို ကုစားဖို့ရန်မလွယ်ကူတာကိုတွေ့ရပါတယ်။ ဒါ့အပြင် လယ်ယာမြေတွေနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေပေါ်ပေါက်လာရင်ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နဲ့ တိုင်းဒေသကြီး၊ပြည် နယ်၊ ခရိုင်၊ မြို့နယ်၊ရပ်ကွက်ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွေကသာ အဓိက အဆုံးအဖြတ် ဖြစ်တာကိုတွေ့ရပါတယ်။
ဝန်ကြီးဌာနဟာအစိုးရအဖွဲ့ရဲ့သဘောတူညီမှုနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်း ၀န်ကြီး ဌာန က ဥက္ကဌ အဖြစ်လည်းကောင်း သက်ဆိုင်ရာအစိုးရဌာနအကြီးအကဲများက အဖွဲ့ဝင်များ အဖြစ်လည်းကောင်းပါဝင်တဲ့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုဖွဲ့စည်းရမည်လို့ပုဒ်မ ၁၂ (က) မှာပြဌာန်းထားတာကိုတွေ့ရပါတယ်။
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေနဲ့ လယ်ယာမြေအသုံးချခွင့်အတွက်ပြဌာန်းထားတဲ့စည်း ကမ်းချက်မျာကိုလိုက်နာစေရန်နဲ့ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းဖေါက်ဖျက်မှုများကိုအရေးယူ ဆောင်ရွက်ခွင့်တို့အပြင် လယ်ယာမြေအသုံးချခွင့်ကိုပြန်လည်ရုပ်သိမ်းနိုင်တဲ့အထိအခွင့်အာ ဏာပေးထားတာကိုတွေ့ရပါတယ်။
ဒါ့အပြင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က ဥပဒေနဲ့အညီဆောင်ရွက်ချက်တွေကို လိုက်နာခြင်းမရှိရင် သက်ဆိုင်ရာတရားရုံးကိုတိုင်ကြားတရားစွဲဆိုခွင့်ပေးထားတာကိုလဲ ပုဒ်မ ၁၄ မှာပြဌာန်းထားပါတယ်။ဒါပေမဲ့တောင်သူလယ်သမားများအနေနဲ့၂၀၁၁ လယ်ယာမြေဥပ ဒေအရဆောင်ရွက်တဲ့ ကိစ္စရပ်အတွက်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များကို တရားရုံးတခုခု တွင်တရားစွဲဆိုခြင်းမပြုရဆိုပြီးပိတ်ပင်ထားတဲ့အတွက် တောင်သူလယ်သမားများအနေနဲ့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေအတိုင်းကြိုက်သော်ရှိမကြိုက်သော်ရှိ လိုက်နာဆောင်ရွက်ရမဲ့သဘောမျိုးဖြစ်နေတာကိုတွေ့ရပါတယ်။
လယ်ယာမြေမှုခင်းများနဲ့ပတ်သက်လို့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က ချမှတ်တဲ့ အမိန့် သို့မဟုတ် စီရင်ချက်ကိုအတည်ပြုနိုင်တယ်။ ဒါမှမဟုတ်ပြင်ဆင်နိုင်တယ် ဒါမှမဟုတ် ပယ်ဖျက်နိုင်တယ်လို့ပုဒ်မ ၂၁ မှာ ဆိုထားတဲ့အတွက် ၀န်ကြီးဌာနရဲ့ဆုံးဖြတ်ချက်ဟာနောက် ဆုံးအတည်ဖြစ်တယ်လို့ဆိုရမှာပါ။နိုင်ငံတော်ရဲ့အကျိုးအတွက်သိမ်းယူတဲ့လယ်ယာမြေများ အတွက်နစ်နာကြေးနဲ့လျော်ကြေးကို နည်းဥပဒေပြဌာန်းသတ်မှတ်ပေးရမယ်လို့ဖေါ်ပြထားတဲ့ အတွက် ဘယ်အတိုင်းအတာနဲ့သတ်မှတ်ပြဌာန်းပေးမယ်ဆိုတာကို အစိုးရအဖွဲ့ကလွဲလို့ ဘယ်သူမှမသိနိုင်ပါဘူး၊ တောင်သူလယ်သမားများနဲ့အလုပ်သမားများရဲ့အခွင့်အရေးကို ကာကွယ်တဲ့ဥပဒေမျာကိုသီးခြားပြဌာန်းပေးမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖေါ် ပြခဲ့ပေမဲ့ယနေ့တိုင်ပြဌာန်းပေးနိုင်ခြင်းမရှိသေးတာကသာဓကပါ။
လယ်ယာမြေကိုအသုံးချခြင်းနဲ့ပတ်သက်လို့ ပုဒ်မ ၂၃ မှာဖေါ်ပြထားရာမှာ တောင်သူလယ် သမား များအနေနဲ့မိမိလုပ်ပိုင်ခွင့်ရရှိထားတဲ့ လယ်ယာမြေမှာမိမိစိတ်တိုင်းကျ လွတ်လပ်စွာ စိုက်ပျိုးစားသောက်နိုင်ခွင့်မရှိပါဘူး။ နိုင်ငံတော်သမတဟာဒေသတခုခုတွင်သီးနှံအမျိုးအစား တခုခုကို စိုက်ပျိုးခြင်းဖြင့်သော်လည်းကောင်း၊ ဒေသတခုခုတွင်လယ်ယာမြေကိုသတ်မှတ်တဲ့ နည်းလမ်းအတိုင်းအသုံးချခြင်းဖြင့်သော်လည်းကောင်း နိုင်ငံတော်အတွက် တောင်သူလယ် သမားများအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ထင်မြင်ယူဆလျင် လယ်ယာစိုက်ပျိုးမြေမလျော့ ပါးစေရေးကိုအလေးထားစိစစ်ပြီးအဆိုပါသီးနှံအမျိုးအစားကိုစိုက်ပျိုးရန်၊ နည်းလမ်းအတိုင်း လယ်ယာမြေကိုအသုံးချစေရန်သော်လည်းကောင်း သင့်လျော်မယ်လို့ထင်မြင်တဲ့အတိုင်း ဆောင်ရွက်နိုင်တယ် ဒါမှမဟုတ်ဆောင်ရွက်စေနိုင်တယ်လို့ဖေါ်ပြထားတဲ့အတွက် စီမံကိန်းသီးနှံအဖြစ်စိုက်ပျိုးခိုင်းရင် တောင်သူလယ်သမားများအနေနဲ့ငြင်းပယ်ခွင့်မရှိပဲ စိုက်ပျိုးရမှာဖြစ်တယ်။ စီမံကိန်းသီးနှံများအဖြစ်စိုက်ပျိုးလို့ မအောင်မြင်မဖြစ်ထွန်းခဲ့ရင်ဘယ်လို တာဝန်ယူမယ်ဆိုတာကိုဖေါ်ပြမထားတဲ့အပြင် စည်းကမ်းချက်နဲ့မကိုက်ညီရင်လယ်ယာမြေကို သိမ်းယူပိုင်ခွင့်ကိုလဲပေးထားတဲ့အတွက် တောင်သူလယ်သမားများရဲ့အခွင့်အရေးကိုအကာ အကွယ်ပေးထားတဲ့ဥပဒေလို့မဆိုနိုင်ပါဘူး။ တဆက်တည်းလယ်ယာမြေအသုံးချခွင့်နဲ့ပတ် သက်လို့ နိုင်ငံတော်သမတ သို့တည်းမဟုတ် နိုင်ငံတော်သမတကခန့်အပ်တဲ့အာဏာပိုင် ဟာလိုအပ်တယ်လို့ထင်မြင်ယူဆလျှင် မည်သည့်လယ်ယာမြေကိုမဆို မိမိသတ်မှတ်တဲ့ နည်းလမ်းအတိုင်းအသုံးချရန်ခွင့်ပြုနိုင်တယ်ဆိုတဲ့ အကန့်အသတ်မရှိလုပ်ပိုင်ခွင့်ကိုလဲ ပုဒ်မ ၂၄ မှာပြဌာန်းထားတာကိုတွေ့ရပါတယ်။
နိုင်ငံတော်ကနေလယ်ယာမြေတွေကိုစီမံခန့်ခွဲတဲ့ကိစ္စရပ်များနဲ့ပတ်သက်ပြီး ပုဒ်မ ၂၅ ကနေ ၂၇ထိပြဌာန်းထားရာမှာ ၀န်ကြီးဌာနအနေနဲ့နည်းဥပဒေပြုတဲ့အာဏာမှတပါး လယ်ယာမြေစီမံ ခန့်ခွဲခြင်းနဲ့ပတ်သက်တဲ့ အခြားအာဏာအားလုံး သို့မဟုတ် တခုခုကို ဦးစီးဌာန ဒါမှမဟုတ် ဤဥပဒေအရ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကို အမိန့်ကြော်ငြာစာနဲ့ဝန်ကြီးဌာနကလွှဲအပ်နိုင် တယ်လို့ဆိုထားတဲ့အပြင် လယ်ယာမြေ ကိုသတ်မှတ်တဲ့နည်းလမ်းအတိုင်းအသုံးချရန် ဆင့်ဆိုချက် သို့မဟုတ် လယ်ယာမြေမှ နှင်ထုတ်ထိုက်သူမည်သူကိုမဆိုနှင်ထုတ်နိုင်တဲ့အခွင့် အာဏာကို အောက်ခြေအဖွဲ့အဆင့်ဆင့်ကိုအကန့်အသတ်မရှိပေးထားတာကိုတွေ့ရပါတယ်။
၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊ ၁၉၆၃ သီးစားချထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်တဲ့ဥပဒေနဲ့ ၁၉၆၅ သီးစားချထား ရေး ဥပဒေတွေကို ယခု ပြဌာန်းမဲ့ ၂၀၁၁ လယ်ယာမြေဥပဒေနဲ့ရုပ်သိမ်းလိုက်တယ်လို့ဆိုပါ တယ်။ဤ သို့ရုပ်သိမ်းတဲ့အခါ အဆိုပါဥပဒေများအရ ဆောင်ရွက်ပြီးစီးခဲ့တဲ့ကိစ္စရပ်တွေပျက် ပြယ်ခြင်းမရှိစေရ။ မပြီးမပြတ်ကျန်ရှိနေသေးတဲ့ ကိစ္စရပ်တွေကိုယခင်ပြဌာန်းခဲ့တဲ့ဥပဒေများ အတိုင်းဆက်လက်ဆောင်ရွက်မှာမဟုတ်ပဲ ၂၀၁၁ လယ်ယာမြေဥပဒေနဲ့သာစီရင်ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် လယ်ယာမြေသိမ်းဆည်းခံခဲ့ရတဲ့တောင်သူလယ်သမားများအနေနဲ့ အခက်အခဲများစွာရင်ဆိုင်ရမှာဖြစ်ကြောင်းနဲ့ အသစ်ပြဌာန်းမဲ့ဥပဒေဟာ တောင်သူလယ် သမား များရဲ့အခွင့်အရေးကိုဘယ်လိုမှ အကာအကွယ်ပေးမထားဘူး ဆိုတာတင်ပြလိုက်ရ ပါတယ်ခင်ဗျား

0 comments:

Post a Comment