Saturday, November 05, 2011

Filled Under:

မစုစုနွေးနှင့် အင်တာဗျူး...Mizzima

မစုစုနွေးနှင့် အင်တာဗျူး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

တောင်သူ လယ်သမား၊ အလုပ်သမားနှင့် ကလေးစစ်သားအရေး ဆောင်ရွက်သူ မစုစုနွေး အင်းစိန်ထောင်၊ ကလေးထောင်နှင့် ခန္တီးထောင်တို့တွင် ၁၂ နှစ်ခွဲ ထောင်ကျနေစဉ် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သည်။

အကျဉ်းထောင်များအတွင်း တဦးထဲ အခန်းကျဉ်း၌ သီးသန့် ပိတ်လှောင် ခံခဲ့ရသည့်ကြားမှ ထောင်ဝန်ထမ်း
နှင့် ထောင်သား အခွင့်အရေးများကို ရရှိအောင် ထောင်အာဏာပိုင်များထံ တောင်းဆိုခဲ့သူ မစုစုနွေး လွတ်မြောက် လာပြီးနောက် မဇ္ဈိမ သတင်းထောက် ကျော်ခ က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း ထားသည်။

ဘယ်လို လွတ်လာခဲ့သလဲဆိုတာ သိပါရစေခင်ဗျ။

"ကျမကို သီတင်းကျွတ်လပြည့်နေ့၊ အင်္ဂလိပ်လို့ ၁၂ ရက်နေ့ မနက် ခုနှစ်နာရီထိုးလောက်က ခန္တီးထောင်ပိုင်ကြီး က နေပြီးတော့ ကျမကို နောက်တခါ ဒါမျိုးလုပ်ရင် ကျန်တဲ့ နှစ်တွေနဲ့ ပေါင်းပြီး ကျခံရမယ်ဆိုတဲ့ ဝန်ခံကတိ ၄ဝ၁ နဲ့ လက်မှတ် လာထိုးခိုင်းပါတယ်။ လက်မှတ်ထိုးရမယ်လို့ ပြောပါတယ်။"

"ကျမကနေ ပြောတယ်။ ဘာဖြစ်လို့ လက်မှတ် ထိုးရမလဲပေါ့။ ၄ဝ၁ နဲ့ လက်မှတ်ထိုးမှ လွှတ်ပေးမှာလားလို့ လက်မှတ်ထိုးမှ ထွက်ရမယ်ဆိုရင် ကျမ မထွက်နိုင်ပါဘူးလို့။ ကျမကို ချထားတဲ့ နှစ်အပြည့်ပဲ နေမယ်။ နှစ်ပြည့် သွားလို့မှ ကျမကို ထပ်ပြီး လက်မှတ်ထိုးမှ ထွက်ရမယ်ဆိုရင်လည်း ကျမကို နောက်ထပ် ၁ဝ နှစ် ထပ်ချလိုက်ပါ ကျမ မထိုးနိုင်ဘူးလို့ အဲလိုပြောတော့ ထောင်ပိုင်ကြီးက အဲဒါဆိုလဲ ရပါတယ် ဆိုပြီးတော့ ပြန်သွားတယ်။"

"ပြန်သွားပြီး ကိုးနာရီ လေးဆယ့်ငါးလောက်မှာ ကျမကို လတ်မှတ်မထိုးလည်း ပြန်လွှတ်ပါ့မယ်။ ပစ္စည်းတွေ သိမ်းပြီး လာခဲ့ပါလို့ လာပြောပါတယ်။ အဲဒါနဲ့ ကျမလည်း လက်မှတ် မထိုးရဘဲနဲ့ ထွက်လာတာပေါ့။"
susunway
မလွတ်ခင်မှာရော အာဏာပိုင်တွေဘက်က လာပြီး ညှိနှိုင်းတာမျိုးရော ရှိလား။

"မရှိပါဘူးရှင့်။ ကျမကိုတော့ ၁ဝ လပိုင်းမကုန်ဘူး လွှတ်ပေးပါ့မယ်။ ကျန်းမာရေး ဂရုစိုက်ပါဆိုပြီး ရှစ်လပိုင်း
လောက်ကတည်းက နိုင်ငံတော် အနေနဲ့ လွှတ်တော့မှာ ဆိုပြီးတော့ ပြောပါတယ်။ ၁ဝ လပိုင်းထဲမှာလည်း ဒီလပိုင်းမှာ လွှတ်မယ်ဆိုတာ အားပေးစကားပြောပါတယ်။ ညှိနှိုင်းတာတွေ ဘာတွေတော့ မရှိပါဘူးရှင့်။"

မစုစုနွေး အဖမ်းခံရပြီး အကျဉ်းကျသွားခဲ့ရတဲ့ ဖြစ်ပုံလေး ရှင်းပြပါဦးခင်ဗျ။

"အဖမ်းခံရတာကတော့ ပုလဲ အားကစားကွင်းမှာရှိတဲ့ အမေရိကန်အားကိုး ပုဆိန်ရိုးဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ အဆိုးမြင် ဝါဒီများအား ဆန့်ကျင်ကြဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ကျမရဲ့မောင်လေးတွေက ဆန့်ကျင်စာ ရေးထား တယ်ပေါ့နော်။ အဲဒီ ဆန့်ကျင်စာ ရေးထားတဲ့ ပိတ်စကို၊ အဲဒီဟာအောက်မှာ ကပ်တယ်။ ကျမက အဲဒါ ကပ်တဲ့ ဥစ္စာကို မှတ်တမ်းတင် ဓါတ်ပုံရိုတ်တာ ရိုက်နေရင်း တန်းလန်းကြီးနဲ့ပေါ့။ ရဲတွေက ကား နှစ်စီးနဲ့ရောက်လာပြီး ကျမတို့ကို ဖမ်းတာပါ။ ကျမကို ဖမ်းခဲ့စဉ်အခါတုန်းက ရဲမေ မပါ,ပါဘူး။"

"ဝင်ဖမ်းနေတဲ့ အချိန်မှာ ကျမမောင်လေးတွေက ထွက်ပြေးတဲ့အခါကြတော့ ဘိုဘိုဝင်းလှိုင်ကို သွားမိတယ်။ ပစ်လဲ သွားတဲ့ ဘိုဘိုဝင်းလှိုင်ကို ခြေထောက်နဲ့ နင်းထားတယ်။ ကျမက ကျမမောင်လေးတွေကို အသားမထိပါနဲ့၊ ကျမ မစုစုနွေးပါ။ ကျမအဖမ်း ခံပါတယ်။ ကျမ ကလေးတွေကို မလုပ်ပါနဲ့ဆိုတော့ တယောက်ကတော့ လွတ်သွားတယ်။ တယောက်ကတော့ အဖမ်းခံလိုက်ရတယ်။ အဲဒါနဲ့ ကလေးကို မရိုက်တော့ဘူး။"

"ကျမက အဖမ်းခံပါတယ် ဆိုတော့ သူတို့က ချက်ချင်း လာမဖမ်းဘူး။ ကျမကို ကြောင်ကြည့်နေပြီး ခဏနေမှ သူတို့ အထက်ကို သတင်းပို့သံကြားတယ်။ ပစ်မှတ်တစ် မစုစုနွေးက အဖမ်းခံနေပါတယ်။ မစုစုနွေးကို မိထားပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲတဲ့။ ဟိုဘက်က ဘာပြန်ပြောသလဲတော့ မသိဘူး။ ကျမနဲ့ မောင်လေး ဘိုဘိုဝင်းလှိုင် ကို ကားတစီးစီ တင်လိုက်ပြီး ဗဟန်းရဲစခန်းကို ခေါ်သွားတယ်။"

"သူတို့ တရားရုံးမှာ ထွက်တာနဲ့၊ ကျမကို ဖမ်းခဲ့စဉ်အခါတုန်းက အခြေအနေနဲ့က ထွက်ဆိုတာက ကွာဟချက် ရှိနေတယ်။ သူတို့ ကျမကို ဖမ်းတုန်းက အမျိုးသမီးရဲမေ ပါ,ပါတယ်လိုပြောတယ်။ တကယ်တော့ ဖမ်းတုန်းက အမျိုးသမီး ရဲမေ မပါ,ပါဘူး။ ရဲမှူးကြီး ဦးကျော်စိန် ခေါင်းဆောင်သော ယောက်ျားလေး ရဲသား အဖွဲ့ ၁၃ ယောက်က ဖမ်းတာပါ။"

"ကျမကိုဖမ်းပြီး ထောင်ချတဲ့ ပုဒ်မတွေတော့ ကျမ မမှတ်မိတော့ပါဘူး။ သူတို့လည်း ဖမ်းချင်သလို ဖမ်းပြီး တပ်ချင် တဲ့ ပုဒ်မတွေ တပ်ပြီးချတာ ဆိုတော့ တရားရုံးမှာလည်း ကျမက ထုချေလွှာ မပေးခဲ့ဘူး။ ကျမကို ချထားတာက
တော့ နှစ်မှုပေါင်း ၁၂ နှစ်နဲ့ ခြောက်လပါ။ ပထမအမှုက ဆန့်ကျင်လွှာ ကပ်တဲ့အမှုနဲ့ ရှစ်နှစ်။ ဒုတိယအမှု က
တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ရေးလုပ်လို့ အမှုထပ်တပ်တာပေါ့။ အဲဒါက
လေးနှစ် ဓါတ်ပုံရိုက်လို့ဆိုပြီး ခြောက်လ တပ်တာလေ။"

လူ့အခွင့်အရေး လှုပ်ရှားသူ တယောက်ရဲ့အနေနဲ့ ထောင်ထဲမှာ စပြီး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပုံကို ပြောပါဦး။

"ကျမ ပထမဦးဆုံး စပြီး အဖမ်းခံရပြီးကတည်းကပြောမယ်ဆိုရင် အင်းစိန်ထောင်မှာလည်း ကျမ တယောက်တည်း
နေရတယ်လေ။ ကျမနဲ့ အတူတူ ထောင်ထဲကို ဝင်လာတဲ့လူတွေ။ ကျမရှေ့က ဝင်လာတဲ့လူတွေကို ထောင်ဝင် စာ တွေ့ခွင့်ပေးတယ်။ ပါဆယ်ပို့ခွင့်လည်း ပေးတယ်။ ကျမ ကျတော့ ပါဆယ်လည်း ပေးခွင့် မရှိဘူး။ ထောင်ဝင်စာလည်း တွေ့ခွင့် မရှိဘူး။"

"အဲဒီတော့ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ ပါဆယ်လည်းပေးခွင့် မရတဲ့အခါကျတော့ ကျမက အစာငတ်ခံ ဆန္ဒပြတယ်လေ။ တရက်ပြည့်လို့ ညဘက် ခုနှစ်နာရီထိုးလောက်မှာ ညွှန်မှူးနဲ့ ထောင်ဝန်ထမ်းတွေ အကုန်လုံး ကျမကို အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာ ဟုတ်သလား၊ မေးတယ်။ ဟုတ်ပါတယ် ဆိုတော့၊ ဟုတ်ရင် ဒီမှာမထားဘူး။ ရွှေ့မယ်ဆိုပြီးတော့ ကျမကို သီးခြားတိုက်ကို ရွှေ့ပြီးတော့ တယောက်တည်း ထားပါတယ်။ ကျမကလည်း ထောင်ဝင်စာ တွေ့ခွင့်မရရင်၊ ပါဆယ်ပို့ခွင့် မရရင် ထမင်း မစားဘူးလို့ ပြောတော့ သူတို့က တွေ့ခွင့်ရပါမယ်။ ပါဆယ်ရခွင့်ရှိရပါမယ် ဆိုတော့ သုံးရက်ပြည့်တဲ့နေ့မှာ ပါဆယ်ရတဲ့နေ့မှာ ထမင်းပြန်စားလိုက်ပါတယ်။"

"အဲဒီကနေပြီးတော့ တိုက်ထဲကနေပြီးတော့ အပြင်လည်း မထွက်ရပါဘူး။ တိုက်ထဲမှာ လမ်းလျှောက်တဲ့ အခန်းတွေ၊ မိလ္လာခန်း၊ ရေချိုးခန်းတွေ သူ့အခန်းလေးတွေနဲ့သူထားတယ်။ ကျမကို အပြင်မထွက်ရဘူး။ ရုံးထွက်တဲ့ အချိန်ရယ်။ ထောင်ဝင်စာတွေ့တဲ့အချိန်ရယ်ကိုတော့ ကျမ အပြင်ထွက်ခွင့်ရတယ်ပေါ့။ အမိန့်ချပြီးတဲ့အထိ တနှစ်လုံးလုံးကို တိုက်ထဲမှာပဲ နေရတယ်။"

"အဲဒီကနေပြီး ကလေးကို ပြောင်းရတယ်။ အဲဒီမှာလည်း ကျမ တယောက်တည်းပဲ နေရတယ်လေ။ အဲဒီမှာ ကျတော့ ကျမ ထောင်ဝင်စာ တွေ့ခွင့်ရတယ်။ ဒုချုပ်ကြီးကလည်း ကျမဆီလာတယ်၊ ကလေးကို ရောက်တော့။ သမီးတဲ့ သမီး ထောင်ဝင်စာတွေ့ခွင့်ရရေးကို အစည်းအဝေးမှာ တင်ပြလို့တဲ့။ သမီး အခုထောင်ဝင်စာတွေ့ခွင့်ရတယ်။ မိသားစုနဲ့ တွေ့ခွင့်ရတယ်တဲ့။ မိသားစုလည်း လာတော့မှာတဲ့။ ဒီကအေးတယ်တဲ့၊ ကျန်းမာရေးကို ဂရုစိုက်ပါတဲ့။ ဒီကိုပို့တာ အန်ကယ်တို့ ပို့တာမဟုတ်ပါဘူးတဲ့။ အထက်ကလူကြီးတွေက အစည်းအဝေး ထိုင်ပြီးပို့တာတဲ့။ အန်ကယ်တို့လည်း ဘာမှ လုပ်လို့မရပါဘူးတဲ့။ ကျန်းမာရေးကို အထူးဂရုစိုက်ပါတဲ့။ မိသားစုနဲ့ဝေးတယ်တဲ့။ အဲလိုအားပေးစကား ပြောသွားပါသေးတယ်။"

မစုစုနွေးကို ဖမ်းတုန်းကနဲ့ စစ်ဆေးတဲ့အခါမှာ ညှင်းပန်းနှိပ်စက်တာတွေ ရှိလားခင်ဗျ။

"မရှိပါဘူး။ ကျမကို စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလွင် လာကြည့်ပါတယ်။ ကျမကိုကြည့်ပြီးတော့ ကျမအတွက် စားရေးသောက်ရေးတွေ လုပ်ပေးဖို့ သူတို့ လူတွေကို မှာပြီးတော့ ပြန်သွားပါတယ်။ နောက်တော့ ဗိုလ်ချုပ်လှဌေးဝင်း လာကြည့်ပါတယ်။ လာကြည့်ပြီးတော့ စားရေးသောက်ရေး ကျန်းမာရေးတွေ မေးပါတယ်။ နောက်ပြီးတော့ နိုင်ငံခြားက စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ဖွင့်ပေးနိုင်အောင် လုပ်မလားဆိုပြီး ကျမကို မေးပါတယ်။ ကျမက ပြောပါတယ် အဲဒါ ကျမတို့အနေနဲ့ ဘာမှ လုပ်လို့ မရပါဘူးလို့ ပြောလိုက်ပါတယ်။"

"အဲဒီည ဗဟန်း ရဲစခန်းမှာ ၁၂ နာရီထိုးလောက်က အကိုကြီး မင်းကိုနိုင်ကို အရင်တွေ့ပြီးမှ ကျမကို လာတွေ့တာပါ။ ကျမနဲ့ အကိုကြီး မင်းကိုနိုင်ကို တွေ့တာပါ။ သူတို့ပြောတာတော့ ကိုမင်းကိုနိုင်ကို တွေ့ပြီးမှ ကျမဆီကို လာတာလို့ ပြောပါတယ်။ သူတို့ကတော့ အေးအေးဆေးဆေး ဆွေးနွေးတာပါ။ ကျမကတော့ ပြောလိုက်တယ်။ ဒီစီးပွားရေး ပိတ်ဆို့တာတွေက လူကြီးတွေနဲ့ပဲ ဆိုင်တယ်။ ကျမတို့နဲ့ မဆိုင်ဘူးပေါ့နော်။"

မစုစုနွေး တယောက်တည်းနေရတာက ပြောင်းသွားတဲ့ ထောင်နှစ်ခုလုံးမှာပဲလား ခင်ဗျ။

"ကျမက ပထမဦးဆုံး ကလေးကို ပြောင်းတယ်လေ။ ကလေးမှာက ဆရာဝန်တွေ ဘာတွေ ဆေးရုံတွေ ရှိပါတယ်။ ဘာဆိုးလဲဆိုတော့ ကျမက နေ့ရောညရော တယောက်တည်းနေရတယ်။ ကျမကလည်း (၅) ည နဲ့ ကျတဲ့ လူတွေနဲ့ တွဲထားပေးဖို့ တောင်းဆိုပါတယ်။ ထောင်ပိုင်ကြီးက ပြောတယ်။ မိန်းကလေးတယာက်တည်းထားရတာ သူတို့ အတွက်လည်း တာဝန်ကြီးပါတယ်တဲ့။ ဒါပေမယ့် အထက်က မပို့ပေးတဲ့အတွက် သူတို့မှာ ဘာမှ လုပ်လို့ မရပါဘူးတဲ့။"

"ဒါပေမယ့် လေးလကျော်ကျော်လောက်မှာ အချွဲတွေဆို့ပြီး၊ အပြင်မှာ လမ်းလျှောက်နေရင်းနဲ့ မူးလဲသွားတော့ သမားတော်တွေနဲ့ ကုလိုက်ရတယ်။ အဲဒီနောက် ကျမကို ECG ရိုက်တာပေါ့။ ရိုက်တော့ အင်္ကျီတွေအကုန် ချွတ်ပြီးတော့ ရိုက်တာပေါ့လေ။ ကျမကပြောတယ်။ မှတ်တမ်းမတင်ပါနဲ့လို့ ပြောတာကို သူတို့ရိုက်တော့ ကျမက ထောင်ပိုင်ကြီးကို နောက်နေ့ကြတော့ တိုင်တယ်။ ကျမက အပျိုမိန်းကလေး ဖြစ်ပါတယ်။ မိကောင်းဖခင် သားသမီးပါ။ မိန်းကလေးဆိုတာ အရှက်တရားနဲ့ အသက် ရှင်ရတာဖြစ်တဲ့ အကြောင်းနဲ့ နောက်တခါ ECG ရိုက်မယ်ဆိုရင် ကြိုတင် ခွင့်တောင်းပြီး မိန်းကလေး ဆရာဝန်မတွေနဲ့ စီစဉ်ပေးပါလို့ တင်ပြခဲ့ရတယ်။"

"ကျမက မိန်းကလေးတယောက်တဲ့ ဖြစ်နေတဲ့အတွက် လုံခြုံရေးအရ (၅) ညနဲ့ကျတဲ့ အဖေါ်တယောက်လောက် ထားပေးပါလို့ ကျမက တောင်းဆိုပါတယ်။ မရဘူး။ နောက်ပြီး ကျမ အခန်းဖေါ်တောင်းလိုဆိုပြီး ကျမနေတဲ့ တိုက်နဲ့ တခန်းကျော်လောက်မှာ စိတ်ငြိမ်ဆေးတွေ သောက်နေရတဲ့ စိတ်မနှံ့တဲ့၊ မိန်းကလေးတယောက်ကို ပို့ထားတယ်။"

"တရက်ကြတော့ သမားတော် ဒေါက်တာ ဦးကိုကိုလွင်ကနေ ကျမကို ကျန်းမာရေး လာစစ်တာ။ ကျမက အမြဲတမ်း အားက နည်းနေတော့ ဒေါက်တာ ဦးကိုကိုလွင်က ကဲ .. အဘွားကြီးလည်း ဖြစ်နေပြီတဲ့ အော်ရာမင်းဂျီ အွန်မှ ရတော့မယ်တဲ့ အဲဒါနဲ့ အိပ်ဆေးနဲ့ အော်ရာမင်းဂျီ သောက်ဖို့ ရေးထားပေးခဲ့တယ်။ ဒါပေမယ့် ထောင်ပိုင်ကြီးက သူတို့ထောင်ခွဲဖြစ်တဲ့ ကျွန်းတော အလုပ်စခန်းကို ငါးရက်ကြာ သွားစစ်နေတဲ့ အချိန်မှာ ကျမကို ထောင်က ဆေးမှူးကနေပြီးတော့ အော်ရာမင်းဂျီနဲ့ အိပ်ဆေးမပေးဘဲနဲ့ ဟိုဘက်အခန်းက စိတ်မနှံ့တဲ့ ကောင်မလေးကို တိုက်နေတဲ့ စိတ်ငြိမ်ဆေးတွေ ကျမကို လာပေးတယ်။"

"ကျမပြောတယ် ဆရာဝန်ကျမကို ရေးပေးခဲ့တဲ့ ဆေးက အော်ရာမင်းဂျီနဲ့ အိပ်ဆေးပေါ့ အခုလာတိုက်တာက စိတ်မကောင်းတဲ့လူတွေကို တိုက်တဲ့ဆေးဖြစ်တယ်လို့၊ ဒါပေမယ့် သက်သေဖြစ်အောင်ဆိုပြီး အဲဒီစိတ်ငြိမ်ဆေးတွေကို ကျမသောက်လိုက်တယ်။ သောက်လိုက်တော့ စိတ်ထတဲ့လူကို တိုက်တဲ့ဆေးကို ပုံမှန်လူကသောက်လိုက်တော့ ကျမ ပျော့ပြဲကျသွားတာပေါ့။"

"ကျမက ဒီထောင်မှ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ဘာကြောင့် ဒီလိုလုပ်ကြံရတာလဲ ဆိုပြီး နောက်နေ့ ထောင်ပိုင်နဲ့ ကျမ သွားရှင်းခဲ့တော့ သူဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ တင်ပြဆွေးနွေးမယ် ပြောတယ်။  နောက် နှစ်ရက်လောက်မှာတော့ ဆေးအမှန်လာပြန်ပေးပါတယ်။ အဲဒီဆေးမှူးလည်း ပြုတ်သွားတယ်။ အဲဒီနောက် ကျမလည်း ဆေးဖြတ်ရင်းနဲ့ ခန္တီးထောင်ရောက်သွားတယ်။"

ခန္တီးထောင်ထဲမှာရော ကျန်းမာရေး စောင့်ရှောက်မှု၊ စာဖတ်ခွင့်နဲ့ စားဝတ်နေရေး အခြေအနေတွေ ကောင်းမွန်ရဲ့လားခင်ဗျာ့။ ဘယ်ကဏ္ဍတွေမှာ အခက်အခဲရှိလဲ။

"ကျမ လေးလလောက် ဆေးဖြတ်ထားပြီး ခန္တီးရာက်တော့ ကျမ ကျန်းမာရေးက ပိုဆိုးသွားပြန်ရော။ ခန္တီးကြတော့ ဆရာဝန်လည်း မရှိဘူး။ ဆေးရုံလည်း မရှိဘူး။ ဆေးမှူးနဲ့ပဲ နေရတာလေ။  အဲဒီမှာလည်း တယောက်တည်းပဲ ထားတော့ တယောက်တည်းပဲ နေရတယ်။"

"အဲဒီလိုနေရာမျိုးမှာ တယောက်တည်းနေရတော့ တော်တော်လေးကို စိတ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ကျမ ရပ်တည်ခဲ့ရတာပါ။ ကျမမှာလေ တယောက်တည်း လုံးဝကို စကားပြောဖေါ်မရှိတာပါ။ တခါ တလေကျရင် ကိုယ့်စိတ်နဲ့ ကိုယ်တောင်မှ ဒေါသ ဖြစ်မိတယ်။ ဘာသာရေးကို များများလုပ်။ ဘုရားစာပဲ အမြဲတမ်း ရွတ်ပြီးတော့ ဘယ်အချိန် ဘုရားရှိခိုးမယ်။ ဘယ်အချိန် လမ်းလျှောက်မယ်။ ဘယ်အချိန်ထမင်းစား၊ စာဖတ်ချိန်၊ ရေချိုးချိန်ဆိုပြီး အချိန်ဇယား လေးလုပ်ပြီးတော့ နားရီလေးအမြဲတမ်းဘေးမှာချထားတယ်။ အဲလိုအချိန်ဇယားလေးနဲ့ ပုံမှန်လုပ်နေမှ ခံနိုင်ရည်ရှိလာတယ်။"

အဲဒီလို အကျဉ်းထောင် အခန်းကျဉ်းထဲက အထီးကျန်နေရတဲ့ အချိန်မျိုးမှာ အမ အနေနဲ့ အတောင်းတဆုံးက ဘာဖြစ်မလဲ။

"ဟုတ်တယ်။ အဲဒီအချိန်တွေမှာ ကျမအဖြစ်ချင်ဆုံးက အခန်းဖေါ်တယောက်လိုချင်တာ။ စကားတွေပြောချင်တယ်။ ထမင်းလည်း အတူတူစားချင်တယ်။  အဲဒါတွေအဖြစ်ချင်ဆုံးပဲ။"

အကျဉ်းထောင်ထဲမှာ အမျိုးသမီးတယောက်အနေနဲ့ ဖြတ်သန်းရတဲ့ အဓိက အခက်အခဲက ဘာဖြစ်မလဲခင်ဗျ။

"ကျမဆိုရင် ထောင်ထဲမှာ ကိုယ်ကျင့်တရားတွေ တိုက်ခိုက်ခံရတာတွေရှိပါတယ်။ အဲဒါတွေက ကျမအတွက် အခက်အခဲဖြစ်စေတယ်လေ။ အဲဒါတွေက ကျမအတွက် ဖြေရှင်းမှုလည်း မရဘူး။ ဖြေရှင်းပြန်ရင်လည်း ကျမဘက်က သက်သေရှိသလား။ ဘယ်မှာ သက်သေရှိလို့လဲ အမှန်တရားကိုပေါ့နော် ကျမက အမှန်းအတိုင်းပြောလိုက်ပေမယ့် ကျမဘက်က သက်သေမရှိဘူး။ ဒါတွေက တယောက်တည်းနေရတဲ့ ကျမရဲ့ အခက်အခဲဆုံးအရာတွေပဲ။"

အစိုးရသစ်က ဘာကြောင့် လွှတ်ပေးလိုက်တယ်လို့ ထင်လဲ။

"ဒါကတော့ရှင် သမ္မတကြီး ဦးသိန်းစိန်နဲ့ပဲ ဆိုင်မယ်လို့ ထင်ပါတယ်။ ကျမတို့ အကုန်လုံးကတော့ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ အကျဉ်း ကျခံနေရတယ်။ အဲဒါကို လွှတ်ပေးပါလို့ တကမ္ဘာလုံးကရော၊ မြန်မာ တနိုင်ငံလုံးနဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းဆိုထားတာပဲရှင်။ ကျမတို့ကို အကုန်လုံး မလွှတ်ပေးဘဲနဲ့ အခုလို ကျမတို့ကို ရွေးပြီးတော့မှ လွှတ်ပေးလိုက်တယ်။ တကယ် ကျန်းမာရေး မကောင်းတဲ့ လူတွေရော။ သက်ကြီးရွယ်အိုတွေရော ဆေးရုံတွေ ဘာတွေ ထွက်ကုနေရတဲ့လူတွေ ကျန်နေခဲ့တယ်။ ဒီလိုလူမျိုးတွေ လွှတ်ရမယ်။ အားလုံးက ကိုယ်စီကိုယ်စီ ကျန်းမာရေးက မကောင်းတဲ့ လူတွေချည်းပဲ။"

"အားလုံးက လွှတ်သင့်တဲ့ လူတွေချည်းပါပဲ။ အားလုံး လွှတ်သင့်တာကို မလွှတ်ဘဲ ခုလိုရွေးလွှတ် နေတာကြောင့် သမ္မတကြီး ဦးသိန်းစိန်နဲ့ပဲ ဆိုင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။"

ကိုမင်းကိုနိုင် အပါအဝင် အမရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ အရေးပါတဲ့ အခြားနိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးသေးတာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုပြောမလဲ။

"အကျင့် စာရိတ္တကောင်းမွန်တဲ့ လူတွေကို လွှတ်ပေးမယ်လို့ အဲဒီညက သတင်းက ကြေညာတာကို ကျမ ကြားလိုက်ရတာပေါ့။ နိုင်ငံရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကိုမင်းကိုနိုင် အပါအဝင်ပေါ့နော်။ အကျဉ်းကျခံနေရတဲ့ ရဟန်းသံဃာတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားတွေ အားလုံးဟာ အစကတည်းက ကိုယ်ကျင့်တရားတွေက ကောင်းပြီးသားပါ။"

"ကိုယ်ကျင့်တရား ကောင်းလို့လည်း ကျမတို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ အတွက်ကို စီးပွားရေးတွေ၊ လူမှုရေးတွေ၊ ပညာရေးတွေ၊ မိသားစုအရေးတွေ အကုန်လုံးကို စွန့်ပြီး သေရမယ်ဆိုတာ သိတယ်။ ထောင်ကျရမယ် ဆိုတာ သိလျက်နဲ့ ကျမတို့ နိုင်ငံ စစ်မှန်တဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုရင်းနဲ့ အကျဉ်းကျခံနေရတာပါ။"

"အဲတော့ ကျမတို့ လွတ်လာခဲ့ပေမယ့် ကျမတို့ မပျော်နိုင်ပါဘူး။ အကုန်လုံးကို လွှတ်ပေးမှ သာလျှင် ကျမတို့ ပျော်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတော် သမ္မတကြီးအနေနဲ့ ကျမတို့အကိုကြီး မင်းကိုနိုင်အပါအဝင် ကျန်နေခဲ့တဲ့ ကျမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားအားလုံးကိုခြွင်းချက်မရှိ အမြန်ဆုံ လွှတ်ပေးပါလို့ ကျမ တောင်းဆိုချင်ပါတယ်ရှင်။"

အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်တာ ရှိမလဲ။

"အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကတော့ ကျမထောင်ထဲမှာနေတဲ့ လေးနှစ်တာအတွင်းမှာ ဂျာနယ်နဲ့ သတင်းစာအပေါ်မှာပဲ သိရတာ။ ပြည်သူတယောက်အနေနဲ့ပေါ့နော်။ အစိုးရသစ်အနေနဲ့ ပြည်သူတွေအပါ် သဘောထားကြီးစွာနဲ့ တိုင်းပြည်အကျိုး ပြည်သူ့အကျိုးကို ဆောင်ရွက်တယ်ဆိုရင် ကျမတို့က လှိုက်လှိုက်လှဲလှဲ ဝမ်းသာပြီးတော့ အမြဲတမ်းထောက်ခံသွားမှာပါ။ အခု ကျမတို့ထောက်ခံတဲ့ ပြည်သူလူထုထောက်ခံတဲ့ အစိုးရသစ်ပဲ ဖြစ်စေချင်ပါတယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေး တယ်ဆိုရင်လည်း အားလုံးကို သဘောထားကြီးစွာနဲ့ လွှတ်ပေးမယ်ဆိုရင်လည်း  အတိုင်းထက်အလွန် နိုင်ငံတော်သမ္မတကြီးအပေါ်မှာ တကယ်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံသွားမှာပါ။ ခုနည်းနည်းပဲလွှတ်တော့ ကျမတို့က ထောက်ခံရမှာ နည်းနည်း အားပျော့နေတယ်ရှင့်။"

အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အချိန်ထောင်ထဲက အကျဉ်းသားတွေရဲ့ ဖြစ်ပျက်နေတဲ့ အခြေနေတွေက ဘယ်လိုရှိလဲ။ ရှိရင်မျှဝေပါဦး။

"ပြည်သူလူထုတွေရဲ့စကားကိုနားထောင်တယ်ဆိုရင် နိုင်ငံတော်သမ္မတကြီးကို ပြောချင်တာကတော့ ကျမကိုယ်တွေ့ ထောင်ထဲက အခြေအနလေးပဲ နမူနာထားပြောပါရစေ။ ပထမ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့အခါမှာ ခန္တီးထောင်ရဲ့ တီဗွီကတဆင့် ကြားလိုက်ရတဲ့အချိန် ဟေး ခနဲ အော်လိုက်တာ ကျမကြားပါတယ်။ နောက်တော့ သမ္မတကြီးလွတ်ငြိမ်းချမ်းသာခွင့်က တနှစ်လည်း ဆိုရော အားလုံးက ဟင် .. ခနဲဆိုဖြစ်သွားကုန်ပြီး လွတ်တဲ့လူတွေက ကျန်ခဲ့တဲ့လူတွေအတွက်ကို အကုန်လုံး ခွက်တွေ၊ ခုံတွေခေါက်ပြီးတော့ သီချင်းတွေဆိုပြီး အားပေးကြတာပေါ့နော်။"

"အဲဒီမှာ ကျမတို့ ခန္တီးထောင်က တခါချက်ရင် ဆန် နှစ်တင်းချက်ကတာ။ အကုန်လုံး ငိုတဲ့လူတွေကလည်း မိန်းကလေးတွေဆိုရင် တခါတည်း ထောင်ကြမ်းပြင်ပေါ်မှာ လူးလိမ့်နေအောင် ဝမ်းနည်းပြီးငိုကြတာ။ ကျမကတော့ အားပေးတယ်။ အားတင်းထားပါ။ နောက်တခါလာမှာပါရှင် အားတင်းထားပါ။ စုစုနွေးတယောက်လုံး ခန္တီးထောင်ထဲမှာ ကျန်ပါသေးတယ်။ အားတင်းထားကြပါ။ ထမင်းတွေလည်း မစားကြဘူး။"

"စားကြပါ အမတို့ရယ်၊ ထမင်းမစားရင် ကျန်းမာရေးတွေ ထိခိုက်ကုန်မှာပေါ့ဆိုပြီး ကျမက ဒီဘက်က တိုက်ကနေအော်ပြီးတော့ သူတို့ကို အားပေးရပါတယ်။ သူတို့က နိုင်ငံတော်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို မျှောလင့်နေကြတယ်။ ဟိုက ပေးတာ တနှစ်လို့လည်းဆိုရော စိတ်ဓါတ်တွေ ကျကုန်ကြတာပေါ့။"

"ထမင်းတွေမစားကြဘူး။ ဆန် နှစ်တင်း ချက်နေကြထောင်မှာ တတင်းကို လေး၊ငါး ရက်လောက် ချက်လိုက်ရတယ်။ ထောင်အာဏာပိုင်တွေနဲ့ (၅) ညတွေကလည်း အားပေးကြတာပေါ့ နောက်တခါ လာမှာပါဆိုတာကို။ နောက်ပိုင်းတော့ ထမင်းတွေပြန်စားလာကြပါတယ်။ နောက် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာကို မျှော်လင့်နေကြပါတယ်။"

"အခုလည်း ကျတော့ရော သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ လူတွေနဲ့ သူတို့လွှတ်ချင်တဲ့လူတွေကိုပဲ ရွေးလွှတ်တဲ့အခါကြတော့ အကုန်လုံးက အားတွေလည်း ပျက်ပြီး၊ မျက်နှာတွေလည်း မှိုင်ပြီးတော့ အားပြတ်ကုန်ကြ တာပေါ့နော်။ သမ္မတလည်း အားမကိုးတော့ဘူး။ နိုင်ငံတော်လည်း အားမကိုးတော့ဘူး ဆိုတဲ့ အသံတွေကို ကျမကြား ခဲ့ရပါတယ်။ အဲတော့ ပြည်သူလူထုရဲ့ အသံကို နားထောင်ပြီးတော့ ရှေ့ဆက်ပြီး လုပ်ဆောင်မယ့် သမ္မတဆို့ရင်  အဲဒီအတွက် ခန္တီးထောင်မှာ ကျမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ကျမက စကားလက်ဆောင်ပေးလိုက်တာပါ။"

လူအခွင့်အရေး လှုပ်ရှားသူတယောက် ထောင်ထဲရောက်သွားတော့ ထောင်ထဲမှာရော လူ့အခွင့်ရေးကိစ္စတွေ ဆက်လုပ်ဖြစ်တာမျိုးများ ရှိသေးလား။ ထောင်ထဲမှာရော အဓမ္မ စေခိုင်းမှုတွေမရှိဘူးလား။

"ဒီအစိုးရက အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ တော်တော်လေး ကျမကို အသိအမှတ်ပြုထားတာ ရှိပါတယ်။ ကျမ ILO နဲ့ အလုပ်လုပ်တယ်။ ကျမ ရောက်သွားတဲ့ အကျဉ်းထောင်တွေမှာက ကျမရောက်သွားရင် အကျဉ်းထောင် ဝန်ထမ်းတွေကိုရော၊ အကျဉ်းသား အလုပ်သမားတွေကိုရော သတိထားပြီး ခိုင်းပါတယ်ရှင့်။"

"ထောင်ဝန်ထမ်းတွေ ဆိုတာလည်း ပြည်သူတွေပါပဲ။ သူတို့ကလည်း လခစား ပြည်သူတွေပါပဲ။ ကျမက ထောင်ပိုင်တွေကို ပြောပါတယ်။ ဌာနဆိုင်ရာ အသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကလည်း၊ လစာ လိုချင်လို့ အလုပ်လုပ်နေကြတဲ့ လူတွေပါပဲလို့။ အဲဒီတော့ သူတို့ကို မတရားခိုင်းရင်လည်း ကျမနဲ့ ဆိုင်ပါတယ်လို့ အဲဒီတော့ မတရားမခိုင်းပါနဲ့လို့ နေ့ရော၊ ညရောခိုင်းတာကို ကျမ လက်မခံဘူးလို့ နေ့ဂျူတီ၊ ညဂျူတီခိုင်းတာကို သူတို့မှာလည်း မပြောရဲလို့သာ နေကြတာပါလို့၊ ဝန်ထမ်းဟာလည်း ဝန်ထမ်း အခွင့်အရေး ရှိပါတယ်လို့။"

"ငါတို့ဝန်ထမ်း ငါတို့ မတရားခိုင်းတာ၊ နင်နဲ့ မဆိုင်ပါဘူးဆိုတဲ့ စကားကိုကျမကို လာမပြောပါနဲ့လို့။ ရှင်တို့ မတရားခိုင်းရင်လည်း ကျမရှေ့မှာ ခိုင်းတာတွေ့တဲ့အတွက် ၁/၉၉ နဲ့ ငြိတယ်လို့ ကျမကတော့ ဝင်ပြောရမှာပဲလို့။ အခါကြီး ရက်ကြီးတွေမှာ ဝန်ထမ်းတွေကို နားခွင့်ပေးရမယ်လို့။ တနင်္ဂနွေနေ့တွေမှာ ဝန်ထမ်းတွေကို နားခွင့်ပေးရမယ်လို့။ ဝန်ထမ်းတွေကို နေ့ရောညရော မခိုင်းဘဲနဲ့ နေ့ဂျူတီ၊ ညဂျူတီ ခိုင်းရမယ်ဆိုတာကို ကျမတောင်းဆိုပေးတော့ တနင်္ဂနွေနေ့နဲ့ ခါကြီး၊ ရက်ကြီးတွေမှာ ဝန်ထမ်းတွေ နားခွင့်ရသွားတယ်။"

"အကျဉ်းသားတွေကိုလည်း စနေ၊ တနင်္ဂနွေတွေမှာ အလုပ်ခိုင်းလို့ရှိရင်လည်း အထူးလျှော့ရက်တွေပေးရမယ်။ ၁၂ နာရီကနေ နှစ်နာရီ နားချိန်အတွင်းမှာ အလုပ်မခိုင်းရဘူး။ ကလေးထောင်မှာတုန်းကလည်း အဲဒီနားချိန်မှာ သံပုံးတွေ အလုပ်ခိုင်းတယ်။ ကျမ မမြင်ရပေမယ့် နားချိန်မှာ အလုပ်လုပ်နေရတဲ့ အသံတွေကြားနေရတဲ့အတွက် ကျမ ထောင်အာဏာပိုင်တွေဆီမှာ တောင်းဆိုတယ်။ ဒီ ၁၂ နာရီကနေ နှစ် နာရီအတွင်း ထောင်တိုင်း အိပ်ခွင့်ပေးရတဲ့ နားချိန်ကို အလုပ်လုပ်ခိုင်းတဲ့အတွက် ၁/၉၉ ဥပဒေနဲ့ငြိတဲ့ အကြောင်း ထောင်ပိုင်ကြီးကို ပြောပြီးတော့ တောင်းဆိုတော့ အဲဒီအချိန်ကို နောက်အမြဲတမ်း နားချိန်ပေးလိုက်ပါတယ်။ အိပ်ချိန်တန် အိပ်ခွင့်ပေးရမယ်။ နားချိန်တန် နားခွင့်ပေးရမယ်။ စနေ၊ တနင်္ဂနွေမှာ အချိန်ပိုခိုင်းရင် လျှော့ရက်ပေးရမယ် ကျမက ဒါတွေတောင်းဆိုတာပါ။"

"ထောင်အာဏာပိုင်တွေကလည်း သူတို့ အလုပ်ခိုင်းတဲ့ ဥစ္စာကို ကျမသိမှာလည်း တော်တော်စိုးရိမ်တာပါ။ အကျဉ်းသူ အကျဉ်းသားတွေကို ကျန်တဲ့ (၅) ညတွေနဲ့ ပတ်သက်ခွင့်ရှိတယ်။ ကျမနဲ့ မပတ်သက်ရဘူးဆိုတာ။ အလုပ်ခိုင်းတဲ့ အခါမှာ မပြေလည်တဲ့ အကျဉ်းသူ အကျဉ်းသားတွေရှိပါတယ်။ ကျမကိုပြောလို့ရှိရင် ကျမသိမှာစိုးလို့ သူတို့ကိုထိမှာ စိုးလို့ ကာတာပါ။ အဲဒီတော့ အလုပ်သမားကိစ္စနဲ့ ပတ်သက်ရင် ကျမသိမှာစိုးတာတွေ ကာတာတွေတော့ ရှိပါတယ်။ တောင်းဆိုတာတွေကို လိုက်လျောပေးတာတွေလည်း ရှိပါတယ်။"

ထောင်ကလွတ်လာတဲ့နောက်မှာ အခု အပြင်မှာ အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းတို့၊ အင်တာနက် တို့ အသုံးပြုဖို့ရော ရှိလားခင်ဗျ။


"ဖုန်းကတော့ လောလောဆယ် ကျမအတွက် လိုအပ်ပါတယ်။ အင်တာနက်တွေ ဘာတွေကတော့ ကျမမောင်လေးတွေ ကနေ တဆင့်ပဲ သွားပါတယ်။ အခုတော့ မသုံးဖြစ်သေးဘူး။ ကျမရဲ့လုပ်ငန်းပိုင်း ဆိုင်ရာနဲ့ ဆက်စပ်တဲ့အရာ အားလုံးကိုတော့ လုပ်တတ်ကိုင်တတ်အောင် ကျမ လုပ်သွားမှာပါ။"

"ကျမ ဘာပဲလုပ်လုပ် အရင်တုန်းက ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မရှိတုန်းကတောင်၊ ရုံးက လူကြီးတွေနဲ့ တိုင်ပင်ပြီး လုပ်ပါတယ်။ ကျမတို့ထက် တော်တဲ့၊ တတ်တဲ့ အကိုတွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့နဲ့လည်း တိုင်ပင်ပြီးလုပ်ပါတယ်။ အခု အကိုတွေမရှိတဲ့နောက်မှာလည်း ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီးလုပ်မှာပါ။ ဘာပဲလုပ်လုပ် အန်တီကို တိုင်ပင်ပြီးလုပ်မှာပါ။ အန်တီ့ညွှန်ကြားမှုအောက်မှာပဲ လုပ်သွားမှာပါ။"

မစုစုနွေးမွေးနေ့က ဘယ်တော့လဲ ခင်ဗျ။

"ကျမ အသက်က ၃၉ နှစ်။ မွေးနေ့က ၁၂ လပိုင်း ၁၆ ရက်နေ့ရှင့်။ ကျမမွေးနေ့ကို ခန္တီးထောင်မှာ သွားလုပ်မှာပါ။ ထောင်အာဏာပိုင်တွေကိုလည်း ခွင့်တောင်းထားပါတယ်ရှင့်။"

အခု လွတ်လာပြီဆိုတော့ ရှေ့ဆက် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။

"ကျမ အရင်တုန်းကလည်း အလုပ်သမား၊ လယ်သမား၊ ကလေးစစ်သားနဲ့ ပတ်သက်ပြီး တာဝန် ယူထားတာလေ။ ရုံးမှာလည်း ဒီတာဝန်ပဲယူထားတယ်။ ကျမတို့က အသက် ၃၅ နှစ်မှာ မြို့နယ်တာဝန်ခံကနေ နားလိုက်ရတယ်လေ။ ကျမကျွမ်းကျင်တာကလည်း အလုပ်သမား၊ လယ်သမား၊ ကလေးစစ်သား ဒါတွေကျွမ်းကျင်တယ်လေ။ အဲဒီတော့ ကျမကို သူတို့ အဲဒီနေရာမှာ ထားပါတယ်။ အဲဒီတော့ ကျမ ရှေ့ဆက်ပြီးတော့လည်း ကျမ ကျန်းမာရေးအရ နားပြီးရင် လုပ်နေကျ အလုပ်တွေကိုပဲ ကျမ ဆက်လုပ်သွားမှာပါ။ ကျမမရှိတဲ့အချိန်မှာ အလုပ်သမားလယ်သမား ကိစ္စတွေလုပ်ထားတဲ့လူတွေက အခုကျမကို ဆက်သွယ်နေပါတယ်။ ကျမ ဒါတွေကို ဆင်းပြီးတော့ သူတို့နဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားဖို့ရှိပါတယ်။"

ထောင်ကျနေတုန်းက အပြင်မှာ ကျန်နေတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ၊ မိဘဆွေမျိုးမောင်နှမတွေကို သတိရရင် ဘယ်လိုဖြေသိမ့်လဲ။

"ကျမက ညီကိုမောင်နှမတွေကို အလုပ်နဲ့ခွဲထားပြီးသားပါ။ ထောင်ဝင်စာလာတွေ့တဲ့ ကျမ အမတွေကပြောပါတယ်။ ထောင်ကျမှ၊ ထောင်ဝင်စာလာတွေ့မှ ကျမမျက်နှာကိုတွေ့ရတယ်လို့ပြောတယ်။ ကျန်တဲ့ အကျဉ်းထောင်တွေထဲမှာ ကျနေသူတွေ၊ အန်တီစုနဲ့တကွ နိုင်ငံလေးလှုပ်ရှားနေသူတွေ၊ ယုံကြည်ချက်ကြောင့် တိုင်းတပါးကိုရောက်နေကြရတဲ့ ကျမတို့ရဲ့ နိုင်ငံရေးအင်အားစုတွေကို ကျမ မနက်တိုင်း အိပ်ယာကထတိုင်း ဘုရားမှာ ဆုတောင်း မေတ္တာပို့ပါတယ်။"

သမ္မတ ဦးသိန်းစိန်ကတော့ အကြောင်းကြောင်းကြောင့် ပြည်ပနိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာနိုင်ငံ သားတွေကို ပြန်လာဖို့ နှုတ်အားဖြင့် ခေါ်ဆိုတာတွေ ရှိတယ်။ တချို့တွေလည်း ပြန်လာသူတွေ ရှိနေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မစုစုနွေး အမြင်က ပြန်လာသင့် မလာသင့် ဘယ်လိုမြင်မိလဲ။

"သူတို့ပြောတဲ့ စကားထဲမှာ ဥပဒေနဲ့ မငြိစွန်းတဲ့ လူတွေကိုပေါ့။ လာခွင့်ရပြီးတော့ ဥပဒေနဲ့ ငြိစွန်းတဲ့ လူတွေကြတော့ ဒီဘက်မှာ လျော့ပေါ့ ပြစ်ဒဏ် ကျခံရမယ်လို့ ပါတယ်လေ။ အဲဒီတော့ ကျမပြောချင်တာက တကယ်လို့ ပြင်ပမှာ ရောက်ရှိနေတဲ့ ကျမတို့ရဲ့ နိုင်ငံရေး အင်အားစုတွေက ကျမတို့နိုင်ငံ ဒီမိုကရေစီ ရရှိအောင် ဆောင်ရွက်ရင်းနဲ့ပေါ့။ ကျမတို့ ဒီပြည်တွင်းမှာ နေလို့မရလို့ အစိုးရက ဖမ်းနေလို့ ဟိုဘက်ကနေ အလုပ်လုပ်နေရတာလေ။"

"သူတို့က ဒီမိုကရေစီနိုင်ငံ ဖြစ်နေပြီးတော့ ပြည်တွင်းကို ပြန်ခေါ်တယ်ဆိုရင် မည်သူမဆို ပြန်လာလို့ရပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်နေပါပြီ။ ကျနော်တို့နဲ့ အတူတူ လက်တွဲဆောင်ရွက်ရအောင်၊ ပြန်လာပါလို့ အဲလိုမျိုးခေါ်တာ မဟုတ်ဘူးလေ။ ပြစ်ဒဏ်ကျခံရမယ်ဆိုတဲ့ ခေါ်တာမျိုးတော့ ကျမအနေနဲ့ မလာစေချင်ဘူး။ တကယ်လို့ ပြစ်ဒဏ် လည်း မကျခံရဘူး။ တိုင်းပြည်နဲ့ ပြည်သူလူထု ကောင်းစားဖို့ လက်တွဲပြီး အတူတူလုပ်မယ် ဆိုတဲ့ ခေါ်တာမျိုးဆိုရင်တော့ ကျမကတော့ ပြန်လာစေချင်တာပေါ့။ အဲလိုမျိုးပေါ့။"

အလုပ်သမား အခွင့်အရေး ဥပဒေတော့ ထွက်လာပြီ။ ဆန္ဒပြလို့ရပြီ ဆိုတော့ မစုစုနွေးအနေနဲ့ အဲဒီဖြစ်ထွန်းမှုအပေါ် ဘယ်လို သုံးသပ်လဲ။

"ကျမ ဒီရန်ကုန်မှာရှိတဲ့ ILO ရုံးကိုလည်း ဖုန်းဆက်ထားပြီးပါပြီ။ ကျမ လွတ်လာတဲ့အတွက် သူတို့လည်း ဝမ်းသာနေပါတယ်။ အလုပ်သမား အခွင့်အရေးအတွက် ဆန္ဒပြလို့ရတယ် ဆိုတာမျိုး သူတို့ဘက်က သတင်းတွေထဲမှာ ရေးထားတာတွေ ရှိပါတယ်။ ကျမကတော့ အခုမှ ရန်ကုန်ထဲကို ရောက်လာတာဆိုတော့ သိပ်ပြီးတော့ ဘာမှ မသိရသေးဘူးလေ။ ကျမ ILO သွားမှ သူတို့နဲ့ သဘောတူညီစာချုပ်မှာ ဘာတွေ ထည့်ထားတယ်ဆိုတာက ILO ရုံးကို သွားပြီးမှ သိမှာလေ။ အခုတော့ ကျမ ကျန်းမာရေးကြောင့် မသွားဖြစ်သေးပါဘူး။"

ခန္တီးထောင်ထဲ နိုင်ငံရေး အကျဉ်းသား ဘယ်သူတွေ ရှိသေးလဲ။ သူတို့ရဲ့ ကျန်းမာရေး အနေအထားကကော။

"ကျမတို့ ခန္တီးထောင်မှာဆို မိန်းကလေး တယောက်၊ ယောက်ကျားလေး ၁ဝ ယောက်ရှိတယ်။ မန္တလေးကနေပြီး ၈၄ နှစ် ကျထားတဲ့ ဘုန်းဘုန်းတပါးလည်း ရှိတယ်။ အားလုံးက ငှက်ဖျားရောဂါ မိထားတဲ့ လူတွေချည်းပါပဲ။ ကျန်းမာရေးကတော့ ဆေးရုံထွက်ရတဲ့ လူတွေလည်း ရှိပါတယ်။" 

"ခန္တီးထောင်က ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားတဲ့ထောင်ဆိုတော့ ငှက်ဖျားတွေမိထားကြတဲ့ သူတို့ကို ကျမတော်တော်လေး စိုးရိမ်ပါတယ်ရှင့်။ ထောင်ဝန်ထမ်းတွေက အစ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာ ခနခနဖြစ်လို့ လေး၊ ငါး ရက်လောက်သတိလစ်နေလို့ ဆေးရုံတင်ရတဲ့အခြေအနေတွေ ခနခနဖြစ်တယ်။" 

"ကျမတို့ (၅) ညတွေလည်း မကြာခဏဖြစ်တော့ ကျမမှာ တတ်နိုင်သလောက် ဗောဇ္ဈင်္ဂသုတ်ကို မကြာ ခနရွတ်ပေးရတယ်။ ကျမအခန်းကနေပြီးတော့။ ငှက်ဖျားပိုးက ဝင်လို့ရှိရင် ဦးနှောက်ထဲရောက်တာတို့ ဘာတို့ လုံချည်တွေ ကျွတ်တာတွေကျွတ်နဲ့ တော်တော်ဆိုးတယ်။ ဒီထောင်က တခြားထောင်တွေနဲ့ မတူဘူး။ အဲဒါကြောင့် အရမ်းစိတ်ပူတယ်။" 

အလုပ်သမားအခွင့်အရေးလိုဟာမျိုးတွေ ရှေ့တန်းတင်ရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ စိတ်ဝင်စားတာ နည်းသွားလိမ့်မယ်လို့ စောဒကတက်ကြတာအပေါ် မစုစုနွေးက ဘယ်လိုမြင်လဲခင်ဗျ။

"ဒါကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားက အလုပ်သမားအခွင့်အရေးဆိုတာ အက်ဥပဒေမှာ ပါပြီးသားပါ။ ဒီရင်းနှီးမြှုပ်နှံတဲ့လူတွေကို ထိခိုက်နိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိတာမှ မဟုတ်တာရှင့်။ အဓမ္မခိုင်းစေမှုတွေ အလုပ်တခုကို ခိုင်းတော့မယ်ဆိုရင် သူတို့ကိုခိုင်းတယ်။ သူတို့ရပိုင်ခွင့်အခွင့်အရေးကို မပေးဘူးဆိုရင် ဒီဘက်က အလုပ်သမား အခွင့်အရေးကို ရှေ့တန်းတင်ပြီး တောင်းဆိုရမှာဖြစ်တယ်။" 

"သူတို့ကလည်း အလုပ်သမားအခွင့်အရေးကို လိုက်နာတယ်။ မချိုးဖောက်ဘူးဆိုလို့ရှိရင်လည်း ကျမတို့က ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးလေ။ အလုပ်သမားတွေ အခွင့်အရေး လုပ်နေတဲ့လူတယောက်အနေနဲ့ ကျမက ပြောချင်ပါတယ်ရှင့်။"

0 comments:

Post a Comment