Sunday, February 26, 2012

Filled Under: ,

ဇန်န၀ါရီ၂၈ ရက်နေ့၊ စနေနေ့ညက ဟိုတယ်မှာ တည်းခိုနေတဲ့ ဂျပန်နိုင်ငံသား က အမျိုးသမီးဝန်ထမ်းတစ်ဦးကိုပါးရိုက်ခဲ့တဲ့ဖြစ်ရပ် Interview.... 24 February 2012

VOA Evening Broadcast… 24 February ,2012
အမျိုးသမီး ကဏ္ဍ၊ အစီအစဉ်
ဒေါ်လှလှသန်း
မြန်မာနိုင်ငံကို စီးပွားရေးဗီဇာနဲ့လာရောက်ခဲ့တဲ့ ဂျပန်အမျိုးသားတစ်ဦးက သူတည်းခိုခဲ့တဲ့ ရန်ကုန်ပုဇွန်တောင်က Orchid hotel က အမျိုးသမီးဝန်ထမ်းတစ်ဦးကို ဇန်န၀ါရီ ၂၆ ရက်နေ့တုန်းက ပါးရိုက်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီအမှုကို ရဲစခန်းမှာတိုင်ကြားခဲ့ပြီးတော့ ကာယကံရှင် ကအမှုဖွင့်ထားပါတယ်။ ဒါပေမယ့် ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့ မစ္စတာအိုကဟရှိဒါကရှိ က ပြန်ပြီးတော့ တရားစွဲထားတယ်လို့သိရှိရပါတယ်။ ဒီဖြစ်ရပ်ကြောင့်မအေးအေးကြည် ဟာမြန်မာနိုင်ငံသားတစ်ဦး အထူးသဖြင့် မြန်မာအမျိုးသမီးတစ်ဦးရဲ့ အခွင့်အရေးကို ချိုးဖောက်ခံရပါသလား။ အခုလိုချိုးဖောက်ခံ ခဲ့ရတယ်ဆိုရင်လည်း ဘာကြောင့်ဒီလိုဖြစ်ရတာပါလဲ။ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ဘယ်သူတွေမှာတာဝန်အရှိဆုံးလဲ။ ဒီလိုဖြစ်ရပ်မျိုးနောက်နောင် မပေါ်ပေါက် ရလေအောင်အကောင်းဆုံး အကာအကွယ်ပေးနိုင်ဖို့အတွက် ဒီကနေ့ရဲ့ အမျိုးသမီးကဏ္ဍ ကို ဒေါ်လှလှသန်းကဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
မအေးအေးကြည် ။       ။သမီးတာဝန်ယူပြီးအလုပ်လုပ်နေရာမှာ အဲဒီအချိန်မှာ သမီးကောင်းကောင်းမွန်မွန်   ရှင်းပြနေတဲ့အချိန်မှာ သူပါးရိုက်လိုက်တဲ့အတွက်ကြောင့် သမီးအရမ်းလည်းအံသြပြီးအရမ်းလည်း ရှက်မိပါတယ်။ သမီးက လူမြင်ကွင်းမှာ ပါးရိုက်ခံရတာ မို့လို့ပါ။ အဲဒီအချိန်မှာ ဧည့်သည်တွေအများကြီးရှိပါတယ်။ သူကအရက်လည်းအရမ်းမူးနေသလို ဆဲလဲဆဲပါတယ်။ ပါးရိုက်ပြီးတော့ ဆဲပါတယ်။
အဲဒါကတော့ ပုဇွန်တောင်ရှိ Orchid Hotel ၀န်ထမ်းမအေးအေးကြည်က ဇန်န၀ါရီ၂၈ ရက်နေ့၊ စနေနေ့ညက ဟိုတယ်မှာ တည်းခိုနေတဲ့ ဂျပန်နိုင်ငံသား က သူ့ကို ပါးရိုက်လိုက်တဲ့အတွက် ဘယ်လိုခံစားရတယ်ဆိုတာကို VOA  ကို ပြောပြတာပါ။  Youtube အင်တာနက်ပေါ်မှာ  A Japanese Business man slap a female hotel staff in Myanmar  ( ဂျာပန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမြန်မာ နိုင်ငံမှာ  Hotel  ၀န်ထမ်းတစ်ဦးကို ပါးရိုက်လိုက်ခြင်းခေါင်းစဉ်နဲ့ ၃း၂၇ စက္ကန့်အကြာ Hotel  ရဲ့  CCTV  လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းကိုလည်း စိတ်ဝင်စားသူတွေကြည့်ရှုနိုင်ကြသလို ဒီဖြစ်ရပ်နဲ့ပက်သက်လို့လဲ ကာယကံရှင် မအေးအေးကြည် ကိုမေးကြည့်ခဲ့ပါတယ်။
မအေးအေးကြည် ။       ။ည ၁၀ နာရီကျော် ပတ်ဝန်းကျင်မှာ ကျွန်မ Hotel ခန်းမမှာ ရှိနေပါတယ်။ အဲဒီအချိန်မှာ bell boy ကနေပြီးတော့ အမ ခဏလောက်လိုက်ခဲ့ပါဆိုပြီး ကျွန်မ Reception  ကို သွားပါတယ်။ Receptionist ကနေပြီးပြောပါတယ်။ အမ ဒီဧည့်သည်ကနေပြီိးတော့ မိန်းကလေးခေါ်လာပါတယ်။ မှတ်ပုံတင် မဆွဲပါဘူးလို့ပြောပါတယ်။  ကျွန်မက ဂျပန်ဧည့်သည်ကို ကျွန်မတို့  Hotel မှာ အပြင်မိန်းခလေးဧည့်သည်တွေကို လက်မခံပါဘူးလို့ပြောပါတယ်။ ဒါနဲ့ သူက မိန်းခလေးဧည့်သည် ကို ပြန်လွတ်လိုက်မယ်လို့ပြောပါတယ်။ ဧည့်သည်မိန်းခလေး ထွက်သွားပြီးနောက်မှာ ဂျပန်ဧည့်သည်ကလိုက်သွားပါတယ်။ လိုက်သွားပြီးတော့ သူချက်ခြင်းပြန်လှည့်လာပါတယ်။ ကျွန်မကို သော့ပေးပါ သူအပြင်ထွက်ပါမယ်လို့ပြောပါတယ်။ ကျွန်မတို့ Hotel က စည်းကမ်းအရ အပြင်သွားမယ့်ဧည့်သည်များက  Reception မှာသော့ ထားခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူက သော့ကိုလုပါတယ်။ ကျွန်မကလည်း Hotel စည်းကမ်းကိုပြောတဲ့အခါမှာတော့ သူကစိတ်ဆိုးပြီးတော့ ကျွန်မကိုပါးရိုက်လိုက်ပါတယ်။
ကိုယ်ထိလက်ရောင်စော်ကားခံခဲ့ရတဲ့အတွက်လည်း အမှုကို ပုဇွန်တောင်ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပုံကိုလည်း မအေးအေးကြည်က ဆက်ရှင်းပြပါတယ်။
မအေးအေးကြည် ။       ။ကျွန်မတို့ Hotel  လူကြီးများအမှုသွားတိုင်တဲ့အခါမှာ ရဲကြီးမပိုင်တဲ့အမှု နိုင်ငံခြားသားဖြစ်တဲ့အတွက် ရဲကြီးမပိုင်တဲ့အမှုလို့ပြောပါတယ်ရှင်။
ကာယကံရှင် ကိုယ်တိုင်လာဖွင့်ရမယ် ပြောတဲ့အတွက်ကြောင့် ကျွန်မရဲစခန်းကိုသွားပါတယ်။ ရဲစခန်းကိုသွားတဲ့အခါမှာနိုင်ငံခြားသားနဲ့ ဖြစ်တဲ့အမှုဖြစ်လို့ရဲကိုတိုင်ပါအုန်းအမှုအတွက်ပါ အမှုဖွင့်ပေးလိုက်ပါတယ်။ “ပါးရိုက်ခံရတာညီမလား။ ဒဏ်ရာရလား။ သွေးထွက်လား။ ရောင်လားလို့မေးပါတယ်။ ကျွန်မက ဒီအမှုဖွင့်ဖို့အတွက်ဆေးစာလိုပါတယ်။ ဆေးရုံမှာ ဆေးစာသွားလုပ်ပါလို့ပြောပါတယ်ရှင်။ သူတို့ဆီက ရဲတစ်ယောက်နဲ့ ကျွန်မဆေးရုံသွားခဲ့ပါတယ်။ ဆေးရုံမှာကျွန်မက ဆရာဝန်ကို နိုင်ငံခြားသားပါးရိုက်ခံရလို့ပါ၊ ဒါ့ကြောင့် ကျွန်မဆေးစာလုပ်ချင်ပါတယ်ဆိုပြီး ဆေးစာလုပ်ခဲ့ရပါတယ်။ အမှုဖွင့်ကတည်းက ဖြစ်စဉ်ရော၊ ဓာတ်ပုံရော၊ ဗီဒီယိုတွေကို ပါအကုန်တင်ပြီးဖွင့်ခဲ့တာပါ။
မေး။    ။ ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ အမျိုးသမီးရေးရာကိုတိုင်ကြားတာတွေကောရှိသေးသလား။
မအေးအေးကြည် ။       ။ကျွန်မတို့ Hotel လူကြီးများက ဖြစ်ပြီးနောက်တနေ့မှာဘဲ စာတွေအကုန်လုံးပို့ပါတယ်ရှင်။
မေး။    ။စာတွေပို့တော့ရော အမျိုးသမီးရေးရာက ဘာပြန်အကြောင်းကြားထားသလဲ။
မအေးအေးကြည် ။       ။ကျွန်မတို့ဘာအကြောင်းပြန်ကြားတာမှလည်းမရှိ သလို၊ ဘာ  respond လဲမလာပါဘူး။
Orchid Hotel ၀န်ထမ်းနှစ်ဦးတို့ဖြစ်ကြတဲ့ မအေးအေးကြည်နဲ့ မမေဦးလှိုင်တို့ အမှုရင်ဆိုင်ဖို့ ဖေဖ၀ါရီလ ၁၅ ရက်နေ့ က ပုဇွန်တောင်တရားရုံးကိုသွားရောက်ခဲ့ရာမှာလည်း တရားလိုဘ၀ကနေ တရားခံဘ၀ ကိုရောက်ခဲ့တဲ့ အကြောင်းကို အခုလိုဆက်ရှင်းပြပါတယ်။
မအေးအေးကြည် ။       ။ကျွန်မတို့ကို ၁၄ ရက်နေ့ညနေမှာ ရဲစခန်းကနေပြီးစာလာပို့ပါတယ်။ ၁၅ ရက်နေ့မှာ တရားရုံးသို့တရားစွဲဆိုတင်ပို့ရန်လို့စာလာပါတယ်။ အဲဒီတော့ ကျွန်မနဲ့ Receptionist က တရားရုံးသွားတဲ့ အခါမှာ တရားသူကြီး ကပြောပါတယ်။ ကျွန်မတို့ ကို ဂျပန်က ပြန်ပြီးအကျမ်းဖက်တားဆီးမှုနဲ့ အမှုဖွင့်ထားတယ် လို့ပြောပါတယ်။ ကျွန်မတို့ဟာတာဝန်အရနဲ့လုပ်ခဲ့တာပါ။ ကျွန်မအအကြမ်းဖက်တာလည်းမရှိပါဘူးလို့ပြန်ဖြေကြားတဲ့အခါမှာ တရားသူကြီးက “ ဆရာမ အဲဒါကတော့မသိဘူး  ဂျပန်က မတရားဆွဲဆိုခံထားရမှုနဲ့ပက်သက်ပြီးတရားဆွဲဆိုတာကိုလက်ခံပါတယ်။ နောက်ပြီးတော့ သမီးတို့တစ်ယောက်ကို သိန်း၁၀၀၊ နှစ်ယောက်ကို သိန်း၂၀၀ ဖိုးစီအာမခံပေးရပါမယ်။ တစ်ကယ်လို့လေးလအတွင်းမှာ အာမမခံနိုင်ရင် ဖြင့် အချုပ်ခံရမယ်” လို့ပြောပါတယ်ရှင့်။ အဲဒီတော့ ကျွန်မတို့ဟာ သာမန်ဝန်ထမ်းတွေသာဖြစ်တယ်။ ဘယ်နည်းနဲ့မှ အာမခံဖို့ သိန်း၂၀၀ မရှိပါဘူး။ အဲဒီလို ကျွန်မတို့စိုးရိမ်နေချိန်မှာဘဲ Hotel က လူကြီးတွေက အာမခံခဲ့ပေးပါတယ်။
အခုလို ပုဇွန်တောင်ရုံးကအမျိုးသမီတရားသူကြီး ဒေါ်နိုင်နိုင်ထွန်းကအာမခံတောင်ခဲ့တဲ့အတွက်ကြောင့်လည်း Orchid Hotel အနေနဲ့ အာမခံအတွက်ဆောင်ရွက်ပေးခဲ့ရတဲ့ အကြောင်းနဲ့ပက်သက်ပြီး Hotel  အကြီးအကဲတစ်ဦးဖြစ်တဲ့ ဦးဌေးအောင်က အခုလိုရှင်းပြခဲ့ပါတယ်။
ဦးဌေးအောင်။   ။ကျွန်တော်တို့ချက်ခြင်းအစီးအဝေးထိုင်ပြီးတော့ သမီးတို့ဘာမှမပူနဲ့ ငွေသားနဲ့တင်မယ် ဆိုရင်လည်းတင်ပေးမယ်။ ပုဂိုလ်နဲ့ တင်မယ်ဆိုရင်လည်းတင်ပေးမယ် လုပ်လိုက်တော့ ကျွန်တော်တို့မှာ Hotel မန်နေဂျာ ငါးယောက်ရှိပါတယ်။ အဲဒီမန်နေဂျာတွေကလည်း ကိုယ်ပိုင်အိမ်တွေနဲ့နေကြတာဆိုတော့ ပြေးပြီးထွက်လာတယ်ခင်ဗျာ။ ငါကူပေးမယ်ဆိုပြီး တစ်ယောက်ကို သိန်း၁၀၀၊ နှစ်ယောက်ကို သိန်း၂၀၀ နဲ့ အတိုင်ခံထားတဲ့ ၀န်ထမ်းနှစ်ဦးဖြစ်နေတဲ့အတွက် ၁၀၀ တန်လေးယောက် ကျွန်တော်တို့တွေ အာမခံပေးခဲ့တဲ့အတွက် အခုတော့ ကျွန်တော်တို့ကလေးတွေဟာ တရားလိုပိုင်း၊ တရားခံပိုင်းနဲ့ ရင်ဆိုင်နေပါတယ်ခင်ဗျာ။
ဒီအမှုကို ဖေဖ၀ါရီလ ၂၉ ရက်နေ့မှာထပ်ပြီးတော့ ကြားနာရမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ အခုလို ဂျပန်အမျိုးသားတစ်ယောက်ရဲ့ ကိုထိလက်ရောက် စော်ကားမှုအပြင် သူကပြန်တရားစွဲဆိုမှုနဲ့ပက်သက်ပြီး သူ့ဘက်အမြင်ကို ပြန်တင်ပြနိုင်ဖို့အတွက် သူတည်းခိုနေတယ်လို့ယူဆရတဲ့ Olympic Hotel  ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး အလားတူဘဲ ရန်ကုန်ရှိ ဂျပန်သံရုံး တာဝန်ခံတွေကိုလည်း ဆက်သွယ် ခဲ့ရာမှာ အစီးအဝေးထိုင်နေကြတယ်လို့ အမျိုးသမီးတွေက ဖြေကြာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဂျပန်နိုင်ငံခြား ရေးရာဌာန အရှေ့တောင်အာရှတာဝန်ခံ မစ်စ္စတာရှင်ဂျီကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်
ယေဘူယျ စည်းမျဉ်းကတော့ ဂျပန်နိုင်ငံခြားသားတစ်ဦးအနေနဲ့ နိုင်ငံခြားမှာ အဖမ်းခံရတယ်ဆိုရင် ကောင်စစ်ဝန်ကြီးရေးရာ သဘောတူချက်အရ အဲဒီနိုင်ငံရဲ့အာဏာဝန်တွေက ကျွန်တော်တို့ ဂျပန်သံရုံးကို အကြောင်းကြားရမှာပါ။ တစ်ကယ်လို့ ဒီဖြစ်ရပ်သာမှန်တယ်ဆိုရင် ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့ သံရုံးကသိရမှာ သေချာပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ဒီအကြောင်းကို မသိရသေးပါဘူး။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ဒီအကြောင်းကို ကောင်ချက်ချပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လို့ နိုင်ငံခြားသားတစ်ဦးအနေနဲ့ ရောက်နေတဲ့ နိုင်ငံရဲ့ဥပဒေကို လေးစားလိုက်နာရမှာတော့ရှင်းပါတယ်။
နိုင်ငံခြားသားတစ်ဦးအနေနဲ့ သူရောက်နေတဲ့ နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်ပေမယ်လို့လဲ ဥပဒေချိုးဖောက်ခဲ့ရင် ဥပဒေအကြောင်းအရ မြန်မာနိုင်ငံမှာ ဘယ်လိုအရေးယူခံနိုင်ရပါသလဲ။
ရှေ့နေဦးမင်းလွင်ဦးကတော့ ဟောင်ကောင်အခြေစိုက် AHRC ခေါ် အာရှလူ့အခွင့်အရေးဆိုင်ရာကော်မတီက ဥပဒေ အကြံပေးဖြစ်ပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။     ။ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာရမယ် ဆိုတာတွေနဲ့ ပက်သက်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ထုတ်ပြန် ချက်တွေရှိပါတယ်။ သံရုံးတွေမှာ ဗီဇာလျှောက်ကတည်းက ထုတ်ပြန်ချက်တွေရှိပါတယ်။ ဒါကြောင့်နိုင်ငံခြားသားဖြစ်ပါစေ နိုင်ငံသားဘဲဖြစ်ဖြစ် လက်ရှိတရားဥပဒေရဲ့ ပြဌာန်းချက်တွေအရ စီမံဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုလက်ရောက်ကျူးလွန်တဲ့ကိစ္စမှာ ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ ဦးခေါင်း၊ ဆံပင်၊ ပါး ကို အထွတ်အမြတ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ မြန်မာ့ ဓလေ့ထုံးတန်း ဥပဒေအရပြောရမယ်ဆိုရင် လင်မယားချင်းတောင်မှ ပါးရိုက်ရင်ကွာရှင်းခွင့်ရှိတယ့်အထိ ပြစ်ဒဏ်ကြီးလေးတာတွေကိုတွေ့ရပါတယ်။ သို့သော်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေမှာ သာမန်နာကျင်စေမှုအနေနဲ့ ပြဌာန်းထားတဲ့ ကိစ္စရပ်တွေမှာ တရားရုံးကနေပြီးတော့ နောင်တစ်ကြိမ်မဖြစ်အောင်ဟန့်တားနိုင်လောက်တဲ့ ပြစ်ဒဏ်တွေပေးဖို့လိုပါတယ်။ သိသာထင်ရှားတဲ့ တားမြစ်မှုမျိုးဥပဒေနဲ့ အညီဆောင်ရွက်မှုမျိုးရှိဖို့လိုပါတယ်ဆိုတာကိုကျွန်တော့အနေနဲ့ပြောချင်ပါတယ်။
ဒါ့အပြင်ပုဇွန်တောင်တရားသူကြီးဒေါ်နိုင်နိုင်ထွန်းအနေနဲ့ ဂျပန်အမျိုးသားဘက်ကတင်လာတဲ့အမှုကိုလည်း လက်ခံရာမှာ လည်းဥပဒေကြောင်းအရမေးခွန်းထုတ်စရာရှိနေတယ်ဆိုတာကို ရှေ့နေဦးမင်းလွင်ဦး က ထောက်ပြပါတယ်။
စီးပွားရေး လုပ်ငန်းရှင်အနေနဲ့ဝင်လာတဲ့ မစ္စတာ တာကရှိကို ရုံးတော်က ထင်ရှားတဲ့ ၊ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်သလို လူဝင်မှုကြည့်ကြပ်ရေးဌာနရဲ့ VISA ပိတ်ပင်မှုကို ခံရနိုင်ဖွယ်ရှိတဲ့ အတွက်ကြောင့်လည်း မြန်မာနိုင်ငံကိုနောက်ထပ်ဝင်လာလို့မရမှာစိုးတဲ့အတွက်ကြောင့် ပြစ်မှုပေါ့စေဖို့အခုလို မအေးအေးကြည်ကို တန်ပြန်တရားစွဲဆိုတာဖြစ်နိုင်တယ်လို့လဲရှေ့နေဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။
စီးပွားရေးဖွင့်ပြီး ပြုပြင်ပြောင်လဲမှုတွေ အစပြုလုပ်နေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားဧည့်သည်တွေအခုတလော လာရောက်မှုတိုးနေတဲ့အတွက်ကြောင့်လည်း ဒီလိုဖြစ်ရပ်မျိုးနောက်ထပ်မဖြစ်စေနိုင်ဖို့ မြန်မာနိုင်ငံသားတွေကို ဘယ်လိုအကာအကွယ်ပေးမလဲဆိုတာ နဲ့ပက်သက်လို့ ဦးမင်းလွင်ဦးရဲ့ပြောကြားချက်နဲ့အတူ ဒီသတင်းပတ်ရဲ့အမျိုးသမီးများ ကဏ္ဍကို နိဂုံးချုပ်အပ်ပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။     ။  ဒီလိုမျိုးဖြစ်တဲ့အမှုတွေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသား တစ်ဦးရဲ့ အခြေခံအခွင့်အရေးကိုထိပါးစော်ကားခြင်းခံရတဲ့အတွက် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်း၊ နောက်ပြီးတော့ အဖွဲ့အစည်းကနေပြီးတော့တင်ပြလာတဲ့အမှုတွေကို စီစစ်လက်ခံပြီးတော့ ဆုံးဖြတ်မယ့်တရားစီရင်ရေးဌာနတွေ က မှန်မှန်ကန်ကန်မျှမျှတတ ဖြစ်ဖို့လိုပါတယ်။ အဲဒါတွေဖြစ်ဖို့အတွက်ကိုလည်း ကျွန်တော်တို့စစ်ဆေးကြားနာ တဲ့အခါမှာ လူအများက အမှန်ကိုစစ်ဆေးစီရင်ကြောင်းသိနိုင်အောင် တက်ရောက်နားထောင်ကြည့်ရှုသင့်တယ်။ ဒါတွေက ကျွန်တော်တို့ အမှန်တရားပေါ်ပေါက်ရေးအတွက် အလွယ်ကူဆုံးနည်းလမ်းတွေဖြစ်တယ်။ နောက်တစ်ခါအစိုးရအနေနဲ့ ဒီလိုကိစ္စရပ်တွေဖြစ်လာရင် မိမိနိုင်ငံသားဘက်ကနေပြီးတော့ ဘယ်လိုအကာ အကွယ်ပေးမယ်ဆိုတဲ့အစီအမံ တွေကို ကြိုတင်ချထားသင့်တယ်လို့ကျွန်တော့အနေနဲ့ ဥပဒေဘက်က အကြံပြုချင်ပါတယ်။

0 comments:

Post a Comment