ALRC interview : regarding on the oral statement of ALRC in UN human Rights Council
12 March 2012
အခုတခါတင်ဆက်မှာက ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီက မြန်မာ့အရေးအခြေအနေဘဲမဟုတ်ပါသလား ခင်ဗျာ။
ဟုတ်ပါတယ်။ အာရှလူ့အခွင့်အရေးကော်မရှင်က ပူးတွဲဌာနတစ်ခုဖြစ်တဲ့ အာရှဥပဒေရေးရာအရင်းအမြစ်ဌာန ALRC ဟာ ကုလသမဂ္ဂ အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေတွေကို ဒီကနေ့ နေ့လည်ပိုင်း က တင်သွင်းဆွေးနွေးပါတယ်။
ဒါနဲ့ပက်သက်ပြီးတော့ ALRC တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးကို ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတင်ပြနေတယ် လို့သိရတယ်။ အဲဒီတော့ အဓိက ဘာတွေများတင်ပြထားပါသလဲခင်ဗျာ။
ဦးမင်းလွင်ဦး။ ။ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းရပ်တွေ ချို့ယွင်းမှုရှိနေတယ်ဆိုတာကို တင်ပြထားတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတာကို တင်ပြထားတယ်။ နောက်ပြီးတော့ တခါ ဒီ လယ်ယာမြေတွေ သိမ်းယူမှူတွေစဉ်ဆက်မပျက်ဖြစ်ပေါ်နေတယ်ဆိုတဲ့ကိစ္စရပ်တွေကို ကျွန်တော်တို့အလေးထား တင်ပြ ထားပါတယ်။
မေး။ ။ ဒီနှုတ်အားဖြင့်တင်ပြတဲ့အပြင် ကို အခြားစာရွက်စာတမ်းအထောက်အထားနဲ့ကော အာရှဥပဒေရေး ရာအရင်းအမြစ်ဌာန ကနေပြီးတော့ လူအခွင့်အရေးကောင်စီကို တင်ပြထားတာရှိပါသလား။
ဦးမင်းလွင်ဦး။ ။ကျွန်တော်တို့အသေးစိတ်အစီရင်ခံစာတွေနဲ့ကတော့ သက်ဆိုင်ရာ ကျွန်တော်တို့လူ့အခွင့်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ်ကို အသေးစိတ်အစီရင်ခံစာမှာတင်ပြပြီးဖြစ်တယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ အလုပ်အဖွဲ့အစဉ်းတွေကိုလည်းပေးပို့ပြီးဖြစ်ပါတယ် ခင်ဗျာ။
မေး။ ။ဒီကနေ့တင်ပြထားတဲ့အထဲမှာ ဥပဒေဆိုင်ရာချို့ယွင်းချက်တွေကိုတင်ပြထားတယ်ဆိုတော့ ဒီဥပဒေ ရေးရာ အရ ဘယ်လိုချို့ယွင်းချက်တွေရှိတယ်ဆိုတာကို တင်ပြထားပါသလဲ။
ဦးမင်းလွင်ဦး။ ။ကျွန်တော်တို့မြန်မာနိုင်ငံအတွင်း မှာ လက်ရှိပြဌာန်းကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ တရားစီရင်ရေးဆိုင်ရာမူတွေနဲ့အညီ စစ်ဆေးစီရင်တာမဟုတ်တာတွေကို ကျွန်တော်တို့တွေ့ရတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာပါတဲ့ တရားစီရင်ရေးဆိုင်ရာအခြေခံမူများ ဖြစ်တဲ့ တရားခံများခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေနဲ့အညီ စစ်ဆေးစီရင်တာမဟုတ်ဘူးဆိုတာကိုတွေ့ရတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာပါတဲ့ တရားခံအဖြစ်စွဲဆိုခြင်းခံထားရသူရဲ့ အခွင့်အရေးအရ ဥပဒေချေပခွင့်ကို ကျွန်တော်တို့ တင်ပြထားပါတယ်။ အဲဒီတော့ အဲဒီလိုတင်ပြထားတဲ့အခါမှာ မြန်မာနိုင်ငံအတွင်းမှာဖြစ်ခဲ့တဲ့ အရေးထဲက X20 သင်္ကြန်ဗုံးပေါက်ကွဲခဲ့တဲ့အဖြစ်နဲ့ပက်သက်ပြီးတော့ စွဲဆိုခြင်းခံထားရတဲ့ ကိုဖြိုးဝေအောင်၊ နောက်ပြီးတော့ သာမန်ပြည်သူတွေအပေါ်မှာ အချိန်မရွေးဖမ်းဆီးခေါ်ယူစစ်ဆေးမေးမြန်းတဲ့ ကိစ္စရပ်တွေနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့တင်ပြထားပါတယ်။ ဥပမာအားဖြင့် အရှင်ဂမ္ဘီရပေါ့နော် ။ နှစ်ကြိမ်တိုင်တိုင် ညအချိန်မတော်တွေမှာ လာရောက်ခေါ်ဆောင်သွားတယ်။ နောက်ပြီးတော့ ညအချိန်မတော်တွေမှာ ဘဲ ပြန်လည် ပို့ဆောင်တာတွေကိုကျွန်တော်တို့ဥပမာပေးထားပါတယ်။
မေး။ ။ဆိုတော့ ဒီလယ်ယာမြေသိမ်းဆီးတဲ့ ကိစ္စတွေကိုလည်းတင်ပြတယ်လို့သိရပါတယ်။ အဲဒါတွေနဲ့ ပက်သက်လို့ကော ဘယ်လိုတင်ပြတာမျိုးလည်းရှိပါသလဲ။
ဦးမင်းလွင်ဦး။ ။ဒီမြန်မာနိုင်ငံအတွင်းမှာ အသစ်ပြဌာန်းတော့မယ့်လယ်ယာမြေဥပဒေတွေနဲ့ပက်သက်ပြီးတော့ လယ်ယာမြေဥပဒေအသစ်မပြဌာန်းခင်မှာ စစ်တပ်တွေကသော်လည်းကောင်း ၊စစ်တပ် မိသားစုတွေက သော်လည်းကောင်း ၊ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ကုမ္ပဏီ တွေကသော်လည်းကောင်း ၊ဆွေမျိုးနီးစပ်တဲ့အဖွဲ့ အစည်းတွေကသော်လည်းကောင်း ၊ စီးပွားရေးလုပ်ငန်းရှင်တွေကသော်လည်းကောင်း ဥပဒေအသစ် မပြဌာန်းခင်မှာ မြေရာတွေလက်ရှိဖြစ်အောင်အတင်းအဓမ္မယူတဲ့ ကိစ္စရပ်တွေနေ့စဉ်ဖြစ်ပေါ်နေတယ်ဆိုတာကို ကျွန်တော်တို့အလေးထားတင်ပြထားပါတယ်။
မေး။ ။ဒီကနေ့မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေတယ် ဆိုတဲ့အချက်နဲ့ ALRC ကတင်ပြတဲ့အချက်တွေက ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတဲ့ အနေအထားမျိုးတွေဖြစ်နေပါသလား။
ဦးမင်းလွင်ဦး။ ။ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာပြုပြင်ပြောင်းလဲမှုတွေရှိနေတယ်။ နိုင်ငံတကာရဲ့ ထောက်ပံမှုတွေရနေတယ်လို့ အစိုးရသစ်အနေနဲ့ပြောနေပေမယ့် တကယ်တမ်းမြန်မာနိုင်ငံ ရဲ့တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူလူထုကိုအကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ ဥပဒေတွေက ချို့ယွင်းအားနည်းမှုတွေရှိနေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက စဉ်ဆက်မပျက်ဖြစ်ပေါ်နေတယ်။ ဒါကြောင့်လည်း တရားဥပဒေစိုးမိုးမှု မရှိဘဲနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုဂရေစီရေးကိုတည်ဆောက်တဲ့အခါမှာ ခိုင်မာမှုမရှိနိုင်ဘူး။ ဒါတွေကိုအလေးထားပြုပြင်ဖို့လိုသေးတယ်။ အစိုးရအာနာပိုင်တွေနဲ့သော်၎င်း တရားစီရင်ရေးဆိုင်ရာမှာ အဓိကတာဝန်ရှိတဲ့ တရားရုံးများသော်၎င်း လုပ်ဆောင်ဖို့ အထူးလိုအပ်သေးတယ်ဆိုတာကို ကျွန်တော်တို့လူ့အခွင့်အရေးကော်မရှင်ကို တင်ပြထားပါတာဖြစ်ပါတယ် ခင်ဗျား။
အာရှဥပဒေရေးရာအရင်းအမြစ်ဌာနက တာဝန်ရှိသူ ရှေ့နေဦးမင်းလွင်ဦး ကို ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်းခဲ့တာပါ။












0 comments:
Post a Comment