Thursday, March 15, 2012

Filled Under: ,

Bangladash and Myanmar Sea territory case ……. Interview with AHRC .. 15 March 2012

Bangladash and Myanmar Sea territory case ……. Interview with AHRC 

မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေပိုင်နက်အငြင်းပွားမှု…… AHRC ဆက်သွယ်မေးမြန်းချက်.
RFA Morning Broadcast ( 15 March 2012 ) 

ဦးကိုကိုအောင်။ ။ ဘင်္ဂလားဒေ့ရှ် မြန်မာနှစ်နိုင်ငံရေပိုင်နက်အငြင်းပွားမှုနဲ့ ပက်သက်ပြီး အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဆိုင်ရာတရားခုံရုံးရဲ့ အသေးစိတ်ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ကျွန်တော်အသေးစိတ်တင်ပြမှာပါ။
ဂျာမနီနိုင်ငံ ဟားမတ်မြို့အခြေစိုက် အစ်ဒလောစ် (ITLOS) (ခေါ်) အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာ ဆိုင်ရာ တရားခုံရုံး က မတ်လ ၁၄ ရက်နေ့မှာ ၂၀၀၉ ခုနှစ်ကတည်းက စတင်အငြင်းပွားလာခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် မြန်မာနှစ်နိုင်ငံရေပိုင်နက်အငြင်းပွားမှု ပြဿနာနဲ့ ပက်သက်လို့အပြီးသတ်ဆုံးဖြတ်ချက် အမိန့် ချလိုက်ပါတယ်။
အယူခံလို့လည်းမရတော့ဘဲ မလိုက်နာမနေရ လိုက်နာရမယ့် (Binding)ဆုံးဖြတ်ချက် ချခဲ့တဲ့ ဒီအမိန့်အရ တကယ်တန်းအမြတ်ထွက်သွားသူဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖြစ်တယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး မစ္စ ဒီပူမူနီ ရဲ့ ပြောစကားအရသိသာ ထင်ရှားပါတယ်။ သူက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဟာ သမုဒ္ဒရာရေပိုင်နက်အကျယ် စတုရန်းကီလိုမီတာ ၁ သိန်း ခုနှစ်ထောင် ကို ပိုင်ဆိုင်ထားကြောင်း တင်ပြတောင်းခံခဲ့ရာမှာ တရားရုံးက စုစုပေါင်း ၁ သိန်း ၁သောင်း ၁ ထောင်ကျော်ချမှတ်ပေးခဲ့ကြောင် ပြောဆိုပါတယ်။ ဒါတွေမကပါဘူး  ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုံပိုင်နက်ကိုလည်း မိုင် ၂၀၀ လောက်ရှိကြောင်းတရားရုံးက အတည်ပြုပေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် မြန်မာနှစ်နိုင်ငံအငြင်းပွားလျှက်ရှိရာမှာ မြန်မာနိုင်ငံက နှစ်နိုင်ငံကြား သီးသန့် စီးပွားရေးဇုံ နယ်နမိတ်မျဉ်းကို နှစ်နိုင်ငံကမ်းခြေ အကွာအဝေးတူနေရာကနေ သတ်မှတ်ဖို့တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တင်ပြချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ က သူ့ရဲ့ကမ်းခြေ ဂငယ်ပုံ ဖြစ်နေတဲ့အတွက် ဒီလိုအကွာ အဝေးတူ နေရာကနေ သတ်မှတ်ခဲ့ရင် ထိခိုက်နစ်နာပါတယ်ဆိုပြီးတော့ တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဟာ မိုင် ၂၀၀ သီးသန့် စီးပွားရေးဇုံ ရေပိုင်နက်အပြည့်အ၀ ရရှိသွား ပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံရဲ့ ရခိုင်ကမ်းရိုးတန်းဘက်က ဆွဲတဲ့ပိုင်နက်မျဉ်းဟာ အောက်ဘက်ကို ဆုတ်ပေးရလို့ ရခိုင်ကမ်းခြေမြောက်ပိုင်း ထောက်မတ်တည့်တည့်ဆွဲတဲ့ မျဉ်းအောက်ပိုင်း ရေပိုင်နက် စတုရန်းမီတာ သိန်းနဲ့ချီပြီး မြန်မာနိုင်ငံက ဆုံးရှူံးသွားတာဖြစ်ပါတယ်။ ဒါကြောင့်ပြီးခဲ့တဲ့နှစ်က ရေနံရှာဖွေရေး အငြင်းပွားမှုဖြစ်ခဲ့တဲ့ နေရာဟာအခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေပိုင်နက်ထဲကိုရောက်ရှိသွားပြီလို့ ယေဘူယျ အားဖြင့်မှတ်ယူလို့ရပါတယ်။
ပင်လယ်သမုဒ္ဒရာဆိုင်ရာတရားခုံရုံးရဲ့ စာမျက်နှာ ၁၅၀ ကျော်ပါစီရင်ချက်မှာဖော်ပြထားတဲ့ အချက်အရ ရုံးတော်က သီးသန့်စီးပွားရေးဇုံပိုင်နက်မျဉ်း သတ်မှတ်ရာမှာ ၎င်း၊ စိန့်မာတင်ကျွန်းအနီး အခြေပြုတဲ့ မြန်မာ ဘင်္ဂလားဒေ့ရှ် ပိုင်နက်သက်မှတ်ရာမှာသော်၎င်း၊ ဘင်္ဂလားဒေ့နိုင်ငံတင်ပြတဲ့မျဉ်းကြောင်းနဲ့ တထပ်တည်းနီးပါး ဆုံးဖြတ်ချက်ချထားတာကို တွေ့ရပါတယ်။ ၂၀၀၉ ခုနှစ်ကစလို့ တရားရုံးတော်ကိုရောက်လာတဲ့ ဒီအမှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက လျှောက်လွဲရာမှာ သေသေချာချာ ကျကျနန ပြင်ဆင်ခဲ့သလို သူတို့နိုင်ငံက ဘာရစ်စတာ Law  ၀တ်လုံတော်ရ လေးဦးအပြင် အမေရိကန်၊ အင်္ဂလန်၊ ကနေဒါစတဲ့နိုင်ငံတွေက အပြည်ပြည်ဆိုင်ရာ ဥပဒေ တွေနဲ့ပက်သက်လို့ နာမည်ကြီးရှေ့နေ ၅ ဦးအပါအ၀င် ပါရဂူတွေ ကျွမ်းကျင်သူတွေ၊ အကြံပေးတွေစုံညီစွာ အမှုလိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ပြင်သစ်ရှေ့နေနှစ်ဦးနဲ့ ဗြိတိန်နိုင်ငံက ရှေ့နေတစ်ဦး စုစုပေါင်း ၃ ဦးနဲ့ ကျွမ်းကျင်သူ အချို့တို့ပါဝင်အမှုလိုက်ခဲ့ပါတယ်။ အခုလို တစ်မျိုးသားလုံးအနာဂတ်အတွက် အထူး အရေး ကြီးတဲ့ အမှုကိစ္စနဲ့ပက်သက်ပြီး မြန်မာအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို ဘယ်လိုသဘောရပါသလဲလို့ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးကိုမေးရာမှာတော့ သူက အခုလိုမှတ်ချက်ပေးပါတယ်။
ရှေ့နေဦးမင်းလွင်ဦး။     ။ ကျွန်တော့အနေနဲ့ပြောရရင်တော့ ဒီလိုမျိုးပိုင်နက်တွေနဲ့ ပက်သက်ပြီးတော့ အငြင်းပွားမှုတွေဖြစ်လာလို့ရှိရင် နိုင်ငံတကာဆုံးဖြတ်ချက်ချတာကတော့ နိုင်ငံတကာဥပဒေတွေမှာ မှူတည် ပြီးတော့ ဆုံးဖြတ်ချက်ချတာဖြစ်ပါတယ်။ ရှင်းရှင်လင်းလင်းပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့မြန်မာ နိုင်ငံမှာ တော်လုန်ရေးကောင်စီတက်ပြီးတဲ့နောက်ပိုင်းမှာ ပညာရေးစနစ်တွေပြုပြင်ပြောင်းလဲလာတဲ့အခါမှာ တက္ကသိုလ် ပညာရေးစနစ်မှာ ကျွန်တော်တို့ဥပဒေပညာရပ်တွေမှာ ဒီနိုင်ငံတကာပိုင်နက် ပင်လယ် တွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့သူတွေမမွေးထုတ်နိုင်တာကို ကျွန်တော်တို့တွေ့ရတယ်။ ဘာကြောင့်မမွေးထုတ် နိုင်သလဲ ဆိုလို့ရှင်ရင် ဒီဘာသာရပ်တွေကို အထူးပြုပြီးတော့ယူခဲ့တဲ့လူတွေအနေနဲ့ အလုပ်အကိုင်ရှားပါးတာက ပထမ အချက်ဖြစ်တယ်။ နောက်တခါ ဒီဘာသာရပ်တွေကို လေ့လာသင်ကြားနိုင်ဖို့အတွက် လိုအပ်တဲ့ စာရွက် စာတမ်း အခက်အခဲတွေရှိတာဖြစ်တယ်။ ဒီဘာသာရပ်တွေကိုအဆင့်တန်းမီအောင်နိုင်ငံရပ်ခြားမှာ ပညာ သင်ကြား ဖို့လိုတယ်။ ဒါတွေကို အစိုးရနေပြီးတော့ ဆောင်ရွက်ပေးခြင်းမရှိဘူး။ ဒါကြောင့်ကျွန်တော်တို့ ဒီအမှု ဖြစ်တဲ့ အခါမှာ မြန်မာနိုင်ငံက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ခိုင်ခိုင်မာမာတစ်ယောက်မှ ထွက်မလာတာကို ကျွန်တော် တို့တွေ့ရတယ်။ ယခင်စစ်အစိုးရတုန်း က တရားသူကြီးများ အဖွဲ့ဝင်ထဲမှာ ဦးခင်မြင့်ဆိုတဲ့ တစ်ယောက်ကို ခန့်ထားတာကိုတွေ့ရတယ်။ ပင်လယ်ရေကြောင်းနဲ့ဆိုင်တဲ့အမှုတွေဖြစ်လို့ရှင်ရင် အကာ အကွယ်ယူနိုင်ဖို့ ပြောဆိုနိုင်ဖို့ ဆိုပြီးခန့်ထားတာရှိတယ်။ သို့သော်လည်း ခန့်ထားတဲ့ ဦးခင်မြင့်ကိုယ်တိုင် ပင်လျှင် ဒီပင်လယ် ရေပိုင်နက်တွေနဲ့ ပက်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်သိတဲ့လူမဟုတ်ဘဲနဲ့ ရိုးရိုးကုန်တင်သဘောင်္တွေ နဲ့ နိုင်ငံခြား ပင်လယ်ကူးသဘောင်္တွေရဲ့ ဥပဒေကိုဘဲ တက်ကျွမ်းနားလည်တယ်လို့ ကျွန်တော်တို့သိရတယ်။ ဒါတွေဟာကျွန်တော်တို့နိုင်ငံရဲ့ အဓိက အားနည်းချက်ဖြစ်တယ်လို့ပြောချင်ပါတယ်။
ရှေ့နေဦးမင်းလွင်ဦး ပြောသွားတာ ဖြစ်ပါတယ်ခင်ဗျာ။
မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေပိုင်နက်အငြင်းပွားမှုပြဿနာ နဲ့ ပက်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ရဲ့ဆုံးဖြတ်ချက်ကိုတင်ပြခဲ့တာပါ။

0 comments:

Post a Comment