Tuesday, September 30, 2014

Filled Under: , ,

နိုင်ငံခြားရေးဝန်ကြီးရဲ့ ကုလညီလာခံ မိန့်ခွန်း မြန်မာတွေတုံ့ပြန် (VOA Burmese)

30.09.2014
by အင်ကြင်းနိုင်
Photo credit: AP/Seth Wenig
ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောသွားတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးမိန့်ခွန်းမှာ အချက်အလက်အတော်များများဟာ တိုင်းရင်းသားပြည်သူတွေ ရင်ဆိုင်နေရတဲ့ လက်တွေ့အခြေအနေနဲ့ကင်းကွာနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်း၊ တိုင်းရင်းသားပါတီနဲ့ မြန်မာ့မီဒီယာသမားအချို့က ကန့်ကွက် ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

(၆၉) ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီး ဦ၀ဏ္ဏမောင်လွင်က မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ပထမ၊ ဒုတိယ၊ တတိယလှိုင်းတွေနဲ့ မြန်မာအစိုးရက အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့တယ်ဆိုပြီးတင်ပြသွားတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆိုရင် ပြည်သူ့လွှတ်တော်မှာ ကော်မတီတရပ်ဖွဲ့စည်းပြီး အကောင်အထည်ဖေါ်ဆောင်ရွက်နေတယ်လို့ပြောသွားပါတယ်။ ဒီအပေါ်မှာ အမေရိကန်ပြည်ထောင်စုကို ခတ္တခဏရောက်ရှိနေတဲ့ ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ပါတီအထွေထွေအတွင်းရေးမှုး ပူကင်ဂန်လျန်က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လွှတ်တော်တွင်းမှာ ဖြစ်လာဖို့ မမြင်ဘူးလို့ ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးပြောတဲ့အပေါ်မှာတော့ ကျနော်တို့အမြင်နဲ့ တော်တော်လေး ကွဲလွဲမှု ရှိနေပါတယ်။ သူတို့က ဖွဲ့စည်းပုံအတိုင်းလုပ်နေမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ ၄၃၆ တခုလုံးကို ပြင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ၂၀ % ကနေပြီးတော့ အဆိုပြုပြီးတော့ ထောက်ခံပြီးတော့ ၇၅ % plus One person ကနေပြီးတော့ ထောက်ခံမှသာလျှင် ပြင်ဖို့လမ်းပွင့်လာမယ်လေ။ အဲဒါ ဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်တော့ဘူး။ အဓိကတော့ လွှတ်တော်ဦးဆောင်နေတာတော့ USDP နဲ့ တပ်က ၂၅ % ကို ကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေါ်မှာ မူတည်လိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်မိပါတယ်။ ”

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ကုလသမဂ္ဂညီလာခံ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်နေပြီ၊ နောက်ပြီး အမျိုးသားလူ့အခွင့်အရေးကော်မတီကိုလည်း ဥပဒေနဲ့အညီ ဖွဲ့စည်းထားပြီးသားဖြစ်တာကြောင့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေမှာ မြန်မာနိုင်ငံကို ဆက်ပြီး ထည့်သွင်းဆွေးနွေးဖို့ မသင့်တော့ဘူးလို့ပြောသွားပါတယ်။ ဒါပေမယ့် လူမျိုးရေးအဓိကရုဏ်းတွေမကြာခဏဖြစ်ပွားနေတာ၊ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေတာတွေ
အပါအ၀င် လူ့အခွင့်အရေးကိုအကာအကွယ်ပေးနိုင်တဲ့ တရားဥပဒေကို အကောင်အထည်ဖေါ်မယ့် နည်းလမ်း  မြန်မာနိုင်ငံမှာမရှိသေးတဲ့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး တောင်းဆိုသလိုမျိုး အလွယ်တကူနဲ့တော့ ဖြစ်မလာနိုင်ဘူးလို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးကပြောပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ ဥပဒေပြဌာန်းတဲ့အခါမှာ ဥပဒေတွေ ဘယ်နေ့ ဘယ်ရက်မှာ အာဏာတည်မယ် ဆိုတာတွေကိုလည်း သေသေချာချာ ထုတ်ပြန်ပြဌာန်းထားခြင်း မရှိဘူး။ ဒီဥပဒေတွေကို အကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့နည်းဥပဒေတွေကိုလည်း ဘယ်တော့ ထုတ်ပြန်မယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်း ကျနော်တို့ မသိရဘူး။ ဒါတွေကြောင့် မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို စောင့်ကြည့်အုံးမယ်ဆိုရင်တော့ နိုင်ငံခြား အဖွဲ့အစည်းတွေအနေနဲ့ကော လူ့အခွင့်အရေး အဖွဲ့အစည်းတွေကပါ ဆက်လက်ပြီးတော့ လေ့လာစောင့်ကြည့်သင့်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ပဲ ကျနော်ကတော့ ပြောချင်ပါတယ်။”

သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့လည်း မြန်မာအစိုးရက ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖေါ်ပြောဆိုသွားပါတယ်။ မီဒီယာလွတ်လပ်ခွင့်တွေကိုအကာအကွယ်ပေးမယ့် ဥပဒေတွေကို ပြဌာန်းနိုင်အောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သတင်းထောက်တွေကို ခြိမ်းခြောက်မှုတွေ၊ တရားစွဲမှုတွေကို ထိထိရောက်ရောက် မျှမျှတတ အကာအကွယ်မပေးနိုင်သေးဘူးလို့ နိုင်ငံတကာ ဓါတ်ပုံသတင်းထောက် ကိုစိုးဇေယျထွန်းက ပြောပြပါတယ်။

“ဒီမိုကရေစီအစိုးရလို့ ကြေညာထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီမိုကရေစီအစိုးရရဲ့အင်္ဂါရပ်တွေထဲက တခုဖြစ်တဲ့ Media Freedom ဆိုတာကို သူတို့ရဲ့ မီဒီယာလွတ်လပ်ခွင့်ကတော့ မဖြစ်မနေ သူတို့ ပေးရမှာပဲ။ ဒါ သူတို့ရဲ့တာဝန်ပဲ၊ ပြီးသွားလို့ရှိရင် တခါတလေကျ မီဒီယာသမားတွေကို ပုဒ်မတွေ တပ်ပြီး တရားစွဲတာမျိုးတွေ ရှိပါတယ်။ သို့သော် တရားစွဲတယ်ဆိုတဲ့နေရာမှာ တရားမျှတဖို့တော့ လိုလိမ့်မယ်လို့တော့ ထင်ပါတယ်။”

(၆၉)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာမြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ပြောဆို
ချက်အပေါ်တုံ့ပြန်ချက်တွေကို စုစည်းတင်ပြခဲ့တာပါရှင်။

0 comments:

Post a Comment