Friday, May 29, 2009

Filled Under:

တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ရေးသားတင်ပြတဲ့ လျှောက်လဲချက်နဲ့ ပတ်သက်သော မေးမြန်းချက်

VOA ----- 27/ 5/2009

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို ရေးသားတင်ပြ လျှေက်လဲချက် အပြည့်အစုံကိုတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ရက်စွဲနဲ့ ကြေငြာချက် ထုတ်ပြန် ဖေါ်ပြခဲ့ပါတယ်။ ဒီလျှောက်လဲချက်ထဲမှာ မေလ ၁၁ ရက်နေ့က ဒုရဲမှူးကြီး ဇော်မင်းအောင်က ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂၂ နဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို မနှစ်က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဂျွန်ယက်တော ကျူးလွန်ခဲ့တာကို တိုင်ကြားခဲ့တုန်းက ကန့်ကွက်ဝေဖန်မှုတွေကို အာဏာပိုင်တွေကို အကြောင်းကြားရမယ် ပြောဆိုမှုကို အာဏာပိုင်တွေက အခုမှ တရားစွဲဆိုခဲ့တဲ့အပြင် တရားလိုပြ သက်သေတဦးက ထွက်ဆိုချက် နေအိမ်ခြံဝင်းအတွက် အာဏာပိုင်တွေသာမက ဒေါ်အောင်ဆန်းစုကြည်မှာပါ တာဝန်ရှိတယ်ဆိုတဲ့ ထွက်ဆိုမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ထားတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး AHRC အာရှ လူ့အခွင့်အရေးကော်မရှင်မှ ဦးမင်းလွင်ဦးကို မေးကြည့်ထားပါတယ်။

ဦးမင်းလွင်ဦး ----- နေအိမ်အကျယ်ချုပ် ချထားတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေး ကိစ္စအ၀၀တွေကို တာဝန်ရှိတဲ့သူတွေက ဆောင်ရွက် ရမှာဖြစ်တယ်။ အဲတော့ အဲဒီဥပဒေ ပြဌာန်းချက်တွေမှာလည်း နေအိမ်ကို ရောက်လာတယ် ဆိုလို့ရှိရင် ရောက်လာတဲ့သူတွေကို လုံခြုံရေး တာဝန်ရှိသူတွေထံ အကြောင်းကြားရမဲ့ ပြဌာန်းချက် မတွေ့ရှိရပါဘူး။ ဒါကြောင့် လုံခြုံရေး စည်းဝိုင်းကို ကျော်ပြီးတော့ ရောက်လာတဲ့ကိစ္စရပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လိုမှာ ပတ်သက်ခြင်းမရှိဘူး။

နောက်ပြီးတော့ ဒီဥပဒေပြဌာန်းချက်မှာလည်း လိုက်နာရမဲ့ တာဝန်ဆိုပြီးတော့ ပြဌာန်းထားတဲ့ ပြဌာန်းချက် တစုံတရာမှ မရှိတဲ့အတွက် ယခုလို ပူးတွဲ တာဝန်ရှိတယ် ဆိုတဲ့ကိစ္စက တဖက်သတ် ပြောဆိုခြင်း ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် အပြစ်ကျအောင်လို့ တမင်ရည်ရွယ် တင်ပြခြင်း ဖြစ်တယ် ဆိုတာကိုလည်း ကျနော်တို့ ပြောချင်တယ်။

မေး ----- ဟုတ်ကဲ့။ နောက်တချက်က ၁၉၇၄ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကန့်သတ်မိန့်ဟာ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းတဲ့ နေ့ကစပြီး အာဏာတည်မြဲမှု မရှိတော့ဘူးလို့ ပြောပါတယ်။ ဒီတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုနားလည်သလဲ။

ဦးမင်းလွင်ဦး ----- နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးတဲ့ ဥပဒေကို ပြည်သူ့လွှတ်တော် အမှတ် (၃) အရ ပြဌာန်းထားတာ ဖြစ်တယ်။ ဒါကိုတော့ နောက်တက်လာတဲ့ န ၀ တ/ န အ ဖ လက်ထက်မှာ ဒါကို ပယ်ဖျက်ထားခြင်း မရှိသေးတဲ့အတွက် ဒီဥပဒေက အတည်ဖြစ်နေတာ ကျနော်တို့ သိရှိရတယ်။ ဒါပေမဲ့လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ အခြေခံအခွင့်အရေးတို့ ဘာတို့ ဆိုတာကတော့ ၁၉၈၈ ခုနှစ် န ၀ တ တက်လာတဲ့ ကတည်းကနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းလိုက်တဲ့အတွက် အဲဒီမှာပါတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေဟာလည်း အားလုံးဖျက်သိမ်းပြီးသား ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြောချင်တယ်။

မေး ----- အခုလိုမျိုး လုံခြုံရေးဆိုင်ရာ တာဝန်ယူထားတဲ့ သူတွေကို အရေးမယူဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူ တရားစွဲတော့ ဒါဟာ ဘက်လိုက်တယ်လို့ ပြောထားပါတယ်။ အဲတော့ ဘယ်လို အရေးယူဆောင်ရွက်ဖို့ ရှိပါသလဲ။

ဦးမင်းလွင်ဦး ----- ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က မိမိအိမ်ထဲကို ပိုင်ရှင်ဖြစ်တဲ့သူ ခွင့်မပြုဘဲနဲ့ ၀င်ရောက်လာတဲ့သူကို ဥပဒေအရ ဘာမှပြန်လည် တရားစွဲဆိုနိုင်ခြင်း မရှိတဲ့အခြေအနေဖြစ်တယ်။ ဘာကြောင့် အဲလို ဖြစ်နေရသလဲဆိုရင် သူကိုယ်တိုင် အကျဉ်းကျ ခံနေရတာဖြစ်တယ်။ အဲတော့ နေအိမ်စည်းဝိုင်းအတွင်း၊ လုံခြုံရေးစည်းဝိုင်းအတွင်းကို ကျော်ပြီးတော့ ၀င်ရောက်လာတဲ့အခါမှာ အဲဒီလို လုံခြုံရေးတာဝန်ယူကျတဲ့ သူတွေကိုလည်း အမှန်တကယ်ဆိုရင် အရေးယူရမှာဖြစ်တယ်။ ထိုနည်းတူစွာ ကျူးကျော် ၀င်ရောက်လာတဲ့ သူတွေကိုလည်း အစိုးရကနေပြီးတော့ ကျူးကျော်ဝင်ရောက်လာတဲ့ ကိစ္စရပ်အတွက် အရေးယူရမှာဖြစ်တယ်။ ဒါပေမဲ့အခုတော့ အဲဒီလို အရေးယူထားတာ မဟုတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကန့်သတ်ထား တဲ့အမိန့်ကို အားပေးကူညီခြင်းဖြစ်အောင် ဆောင်ရွက်တဲ့ ကိစ္စနဲ့ဘဲ ပူးတွဲ စွဲဆိုထားတာဖြစ်တယ်။ အမှန်တကယ် ကျူးလွန်တဲ့သူက ယက်တောဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူး။

နောက်ပြီးတော့ ဒီအမှုမှာ ထပ်မံ စွဲဆိုရမဲ့သူတွေက လုံခြုံရေး တာဝန်ကျတဲ့ သူတွေဖြစ်တယ်။ လုံခြုံရေး ဆိုင်ရာမှာ တာဝန်ရှိတဲ့ သူတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်ကနေပြီး ပြန်လှန် တရားစွဲဆိုနိုင်တဲ့ အခွင့်အရေးတောင် ပေးဖို့သင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။

မေး ----- ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေ ၄ ယောက်ကို တင်ထားခဲ့ပါတယ်။ သက်သေ ၄ ယောက်ထဲမှ ၃ ယောက်က ပယ်ချတယ်လို့ NLD က ဆရာဦးဝင်းတင်က ပြောသွားပါတယ်။ ဆရာဦးဝင်းတင် ပြောပြတာကို နားထောင်ကြည့်ပါ။

ဦးဝင်းတင် ----- တရားခံပြသက်သေ ၄ ယောက်ဘဲရှိတယ်။ ၄ ယောက်ထဲက ၃ ယောက်ဘဲလိုက်တယ်။ အစိုးရ သက်သေ တင်တဲ့အခါကျတော့ ၂၃ ယောက်တင်တယ်။ ၁၅ ယောက် စစ်လို့ရတယ်။ ၈ ယောက်ထဲပယ်တယ်။ ပယ်တာတောင်မှ တရားရုံးက ပယ်တာမဟုတ်ဘူး။ သူတိုဖါသာ သူတို့ပယ်တယ်။ အဲလိုလုပ်ခြင်းအားဖြင့် ဒီအမှု ဖြစ်ဖြစ်ခြင်းမှာ တရားခံဘက်က သက်သေပြတဲ့သူအားလုံး တခုလုံးမှာမှ တယောက်ထဲဘဲ သက်သေပြနိုင်တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျတော်တို့က ဒီတရားစီရင်ရေးဟာ ဘယ်လိုမှ စစ်မှန်တဲ့ တရားစီရင်ရေး၊ တရားမျှတတဲ့ ကောင်းမွန်လျှော်ကန်တဲ့ တရားစီရင်ရေး မဖြစ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။

မေး ----- ဦးဝင်တင် ပြောတာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ဘယ်လိုရှိပါသလဲ။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား။ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဆိုင်ရာမူများမှာ ပထမတချက် အနေနဲ့
၁။ လွတ်လပ်စွာ တရားစီရင်ခြင်း ဆိုတဲ့ အခွင့်အရေးကို ကျနော်တို့ မရပါဘူး။ နောက်ပြီးတော့
၂။ အများပြည်သူရဲ့ ရှေ့မှောက်မှာ တရားစီရင်ရမယ် ဆိုတဲ့ အခွင့်အရေးကိုလည်း ကျနော်တို့ မရပါဘူး။ အခု နောက်တခါ
၃။ ဥပဒေနဲ့အညီ ခုခံချေပခွင့် ပေးရမယ်ဆိုတဲ့ အခွင့်အရေးတခု ရှိပါတယ်။
ဒါကိုလည်း ကျနော်တို့ ဆုံးရှုံးရမဲ့သဘော ဖြစ်နေပါတယ်။ စွပ်စွဲခံရသူအနေနဲ့ ဒီအမှုမှာ ကိုယ်တိုင် တင်ပြလိုတဲ့ သက်သေတွေကို တရားရုံးကနေ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၂၅၇ အရ ခေါ်ကို ခေါ်ပေးရမှာဖြစ်တယ်။ မလာလို့ရှိရင် ဖမ်းဆီးထားနိုင်တဲ့ အခွင့်အာဏာကို တရားရုံးကို အပ်နှင်းထားတာဖြစ်တယ်။ တရားခံအဖြစ် တင်ပြထားတဲ့သူကို တရားရှေ့ကို ရောက်အောင် ခေါ်ပေးဖို့ တရားရုံးမှာ အဓိက တာဝန်ရှိတယ်။

အခုတော့ အဲလိုမဟုတ်ဘဲနဲ့ တရားရုံးရှေ့မှာ သက်သေလာထွက်တဲ့သူက ဘာတွေ ထွက်ဆိုမှန်းတောင် မသိဘဲနဲ့ သက်သေတွေ ရုံးရှေ့လာရောက် သက်သေထွက်ဆိုခွင့်ကို ဖျက်တယ်ဆိုတာက လွန်စွာမှပင် တဖက်စောင်းနင်း ဆန်တဲ့ တရားစီရင်ရေးဖြစ်တယ်။ မျှတနဲ့ တရားစီရင်ရေးကို ဖေါ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ အသိအလင်း ပြောလိုပါတယ်။

(ဒါကတော့ အရှလူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။)

0 comments:

Post a Comment