Wednesday, May 27, 2009

Filled Under:

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇(၁)

မင်းလွင်ဦး
မေလ ၂၈ ရက်၊ ၂၀၀၉ ခုနှစ်


ရားခံအဖြစ် စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်များက ဦးတင်ဦး (နေအိမ်အကျယ် ချုပ်ဖြင့် ထိန်းသိမ်းခြင်းခံနေရသူ)၊ ဦးဝင်းတင်၊ ဒေါ်ခင်မို့မို့နှင့် ဦးကြည်ဝင်းတို့အား တရားခံပြ သက်သေများအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။ ထိုသို့ တင်သွင်းထားခြင်းကို သီးသန့်ခုံရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၇(၁) အရ ကျင့်သုံး၍ ဦးကြည်ဝင်း တဦးတည်းကိုသာ သက်သေအဖြစ် ဆင့်ခေါ်ရန် သမ္မာန်စာ ထုတ်ဆင့်ခဲ့ပြီး ကျန်သက်သေ(၃) ဦးအား တရားခံပြ သက်သေအဖြစ် သက်သေထွက်ဆိုခွင့် မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဆုံးဖြတ်ခြင်းသည် ဥပဒေကို မျက်ကွယ်ပြု ဆုံးဖြတ်ခြင်းဖြစ်သဖြင့် လွန်စွာမှပင် မှားယွင်းနေသည်ကို အောက်ပါအချက်များအရ အထင်အရှား တွေ့ရမည်ဖြစ်သည်။

တရားခံသည် တဦးတယောက်ကို စစ်ဆေးရန် သို့မဟုတ် ပြန်လှန် စစ်မေးရန်အတွက် ဆင့်ခေါ်ပေးရန် လျှောက်ထားခဲ့လျင် ရာဇ၀တ် တရားသူကြီးက ဆင့်စာ ထုတ်ပေးရမည်။ အကယ်၍ တရားခံက ယင်းသို့ ဆင့်ဆိုပေးရန် လျှောက်ထားခြင်းမှာ အနှောက်အယှက်ပြုရန်၊သို့မဟုတ် ကြန့်ကြာစေရန်၊ သို့မဟုတ် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန် ကိစ္စအလို့ငှာ ပြုလုပ်သည်ဟု ယုံကြည်ပါက ယင်းလျှောက်ထားချက်ကို ရာဇ၀တ် တရားသူကြီးက ငြင်းဆိုနိုင်သည်။ ထိုသို့ ငြင်းဆိုသည့်အခါ မည်သည့်အတွက် ငြင်းဆိုရကြောင်းကို ရေးသား မှတ်တမ်းတင် ထားရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၂၅၇(၁)တွင် ပြဌာန်းထားသည်ကို တွေ့ရသည်။

တရားခံဖက်မှ သက်သေအဖြစ် တင်ပြလာသည့် သူများကို တရားရုံး တရားသူကြီးအနေဖြင့် ငြင်းပယ်ခွင့်ရှိသည်။ သို့သော်- တရားခံ၏ လျောက်ထားချက်ကို ငြင်းပယ်ပါက မည်သည့်အတွက် ငြင်းပယ်ရသည်ကို ၂ ဖက် လိုက်ပါ ဆောင်ရွက်သည့် အကျိုးဆောင်များအား ရှင်းပြရမည်ဖြစ်ပြီး၊ ထိုသို့ ဆုံးဖြတ်ကြောင်းကိုလည်း အမှုတွဲ၏ နေ့စဉ် မှတ်တမ်းတွင် ဆုံးဖြတ်ချက်ကို ရေးမှတ်ထားရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှသာ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်ဖက်က အထက်တရားရုံးသို့ ဆုံးဖြတ်ချက်ကို ဥပဒေနှင့်အညီ ပြန်လည်ပြင်ဆင်ပေးရန် ပြင်ဆင်မှု တင်သွင်း နိုင်မည်ဖြစ်သည်။ သို့သော် ယခုအမှုတွင် ထိုသို့ ဆောင်ရွက်ခဲ့ခြင်း မရှိပဲ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၂၅၇(၁) အရ ငြင်းပယ်သည်ဟုသာ ပြောကြားခဲ့သည်။ အကြောင်းပြချက်ကို မဖေါ်ပြခဲ့ပေ။

တရားခံ၏ အကျိုးဆောင်များက ထိုဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် အထက်တရားရုံးသို့ ပြင်ဆင်မှုတင် သွင်းရန်အတွက် ဆုံးဖြတ်ချက် မိတ္တူကို ကူးယူခွင့်ပြုရန် တရားရုံးသို့ လျောက်ထားသည့်အခါ တရားသူကြီးများသည် တရားခွင်တွင် မရှိတော့ပါ။ တမင် မိတ္တူကူးယူခွင့် မရနိုင်အောင် စီမံဆောင်ရွက်ခြင်း ဖြစ်သည်ကို တရားသူကြီးများ၏ အပြုအမူအရ သိသာထင်ရှားလျက် ရှိပေသည်။

တရားခံဖက်မှ သက်သေအဖြစ် အမည်စာရင်း တင်သွင်းထားသည့် ဦးတင်ဦး၊ ဦးဝင်းတင် နှင့် ဒေါ်ခင်မို့မို့တို့သည် တရားစီရင်ရေးကို ကြန့်ကြာအောင် လုပ်ဆောင်ကြမည့် သူများမဟုတ်သလို တရားစီရင်ရေးကို အနှောက်အယှက် ပြုကြမည့် သူများလည်း မဟုတ်ကြပါ။ နိုင်ငံရေးပါတီတခုတွင် တာဝန်ယူဆောင်ရွက် နေကြသူများသာ ဖြစ်သည်။ မှန်ကန်မျှတသည့် တရားစီရင်ရေး ဖေါ်ဆောင်နိုင်ရန်အတွက် ထိခိုက် စေမည့်သူများ မဟုတ်သလို တရားမျှတရေးကို ဖေါ်ဆောင်ရန် ကူညီဆောင်ရွက်မည့် သက်သေများဖြစ်သည်။ အဆိုပါ သက်သေများ၏ သက်သေထွက်ချက်များသည် အမှုနှင့် ဆက်စပ်ခြင်းလည်းမရှိ၊ အကြောင်းအရာများ စပ်ဆိုင်ခြင်းလည်း မရှိဆိုပါက တရားရုံး တရားသူကြီးများ အနေဖြင့် အဆိုပါ တရားခံပြ သက်သေများ၏ သက်သေထွက်ချက်ကို အမှုအား ဆုံးဖြတ်ရန်တွင် ထည့်သွင်းမစဉ်းစားပဲ နေနိုင်သည်ကို အဆိုပါတရားသူကြီးများ အသိပင်ဖြစ်သည်။ တရားခံဖက်မှ တင်ပြမည့် သက်သေများ၏ သက်သေထွက်ချက် များသည် အမှုနှင့် စပ်ဆိုင်ခြင်း ရှိ၊ မရှိ ကိုပင် နားမထောင်တော့ပဲ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၇(၁) ကို ကျင့်သုံး၍ ယခုကဲ့သို့ ဆုံးဖြတ် ခြင်းသည် တရားခံဖက်မှ ဥပဒေနှင့်အညီ ခုခံချေပခွင့်ကို မျက်ကွယ်ပြု ဆုံးဖြတ်ရာ ရောက်နေသည့် အတွက် လွန်စွာ မှားယွင်းနေသည်ကို တွေ့ရသည်။

အထူးခုံရုံး တရားသူကြီးများသည် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဆိုင်ရာ မူဖြစ်သည့် ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံခွင့် ပေးခြင်းဆိုသည့် တရားစီရင်ရေးဆိုင်ရာ မူကို မျက်ကွယ်ပြု၍ ထပ်မံ ချိုးဖေါက်လိုက်ခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် အဖြစ် နိုင်ငံတကာက လက်ခံထားသည့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး သဘောတူ စာချုပ် အပိုဒ် ၁၄(၁)တွင် တရားဥပဒေနှင့်အညီ ခုခံချေပရာတွင် အကျိုးဆောင်များနှင့် လွတ်လပ်စွာ တိုင်ပင် ဆွေးနွေးခွင့်ကို ခွင့်ပြုရမည် ဖြစ်သော်လည်း ယခုအမှုတွင် ထိုကဲ့သို့ ခွင့်ပြုခဲ့ခြင်း မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်ပြီး သည့်နေ့နှင့် တရားရုံးတွင် သက်သေ ထွက်ဆိုမည့် နေ့အထိ အကျိုးဆောင်များက တွေ့ဆုံခွင့်ရရန်နှင့် အမှုအား ခုခံချေပရာတွင် တိုင်ပင်ဆွေးနွေးရန် တရားသူကြီးအား တောင်းဆိုခဲ့သော်လည်း တရားရုံးက ခွင့်မပြုခဲ့ပါ။ ယခုအခါ ထပ်မံ၍ တရားခံပြ သက်သေအဖြစ် တင်ပြ မည့် သူများကိုပင် တရားရုံးတွင် သက်သေထွက်ဆိုခွင့် မပြုခဲ့ခြင်းသည်။ အမှုအား လျင်မြန်စွာ ပြီးဆုံးစေရန်နှင့် အပြီးသပ် စီရင်ချက်နှင့် အမိန့်ချမှတ်နိုင်ရန် ရည်ရွယ် လုပ်ဆောင်နေကြောင်း သိသာထင်ရှား လှပေသည်။

တရားခံပြသက်သေ ဦးကြည်ဝင်းအား စစ်ဆေးပြီးစီးပါက တရားခံဖက်မှ ခုခံချေပရေး ပြီးဆုံးပြီ ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်များက အပြစ်မပေး ထိုက်ကြောင်း အပြီးသပ် လျှောက်လဲချက် ပေးရမည်ဖြစ်သည်။ သာမာန်အားဖြင့် ဆိုလျင် ထိုကဲ့သို့ အပြီးသပ် လျှောက်လဲချက် ပေးရန်အတွက် လုံလောက်သည့်အချိန် ပေးရမည်ဖြစ်သည်။ ရာဇ၀တ်မှု များတွင် အနည်းဆုံး ရက်သတ္တ တပတ်ခွင့်ပြုမြဲ ဖြစ်သည်။ သို့သော် ယခုအမှုတွင် ထိုကဲ့သို့သော လုံလောက်သည့် အချိန်ရပါမည်လား အထူးခုံရုံး တရားသူကြီးများ၏ လုပ်ဆောင်ခဲ့သည့် ပြုမူချက်များက လွန်စွာမှပင် သံသယ ဖြစ်ဖွယ်ရာပင် ဖြစ်သည်။ တရားခံပြ သက်သေများကို ပယ်သည့်ကိစ္စအား အထက်တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ဖက်မှ ပြင်ဆင်မှု မတင်သွင်းနိုင်မီ အမှုကို အပြီးသပ် ဆုံးဖြတ်ချက် ချနိုင်ရန် စီမံဆောင်ရွက်မည့် သဘောကို တွေ့မြင်နေရသည်။

တရားလိုဖက်မှ တင်ပြသည့် သက်သေ အထောက်အထား မခိုင်လုံသော်လည်း တရားခံဖြစ်သူအား ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပေးမည်မဟုတ်ပါ။ သေချာမှ အပြစ်ပေးပါ။ မသေချာလျှင် တရားခံဖြစ်သူအား အမှုမှ လွှတ်ရန်သာ ရှိသည်ဆိုသည့် ဥပဒေ ဆောင်ပုဒ်နှင့်အညီ သံသယ၏ အကျိုးကိုလည်း ဒေါ်အောင်ဆန်းစုကြည် ခံစားရမည်မဟုတ်ပါ။

တရားစီရင်ရေး ဆိုင်ရာမူများ၊ ဥပဒေက ခွင့်ပြုထားသည့် တရားခံ၏ အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာ တရားစီရင်ရေး၊ အများပြည်သူ ရှေ့မှောက် စစ်ဆေးစီရင်ရေး၊ ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံခွင့်ပြုရေး ဆိုသည့် တရားစီရင်ရေး ဆိုင်ရာ မူများသည်လည်း ဥပဒေ စာအုပ်များထဲတွင် သာရှိနေပြီး သက်ဝင်လှုပ်ရှား လာ လိမ့်မည်မဟုတ်ပါ။ မျှတသည့် တရားစီရင်ရေး ဆိုသည်မှာလည်း မည်သည့်အခါမှ ပေါ်ထွန်းလာမည်မဟုတ်ပါ။

ထိုသို့ဆိုလျှင် စွဲဆိုထားသည့် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ် သည့် ဥပဒေပုဒ်မ ၂၂ ပါပြဌာန်းချက် များအရ အနည်းဆုံး ထောင်ဒဏ် ၃ နှစ် မှ အများဆုံး ၅ နှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၅၀၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံရမည်ဖြစ်သည်။

အထူးခုံရုံးများ၏ သဘော သဘာဝအရ ပြစ်ဒဏ်ပေးလျင် မည်သည့်အခါကမျှ အနိမ့်ဆုံး ပြစ်ဒဏ်ကိုမပေး၊ အများဆုံး ပြစ်ဒဏ်ကိုသာ စီရင်လေ့ရှိသည်။ အထူးခုံရုံး ဥက္ကဌဖြစ်သူ ဦးသောင်းညွန့်က ၈၈ မျိုးဆက် ကျောင်းသားများ၏ အမှုတွင် အမြင့်ဆုံး ပြစ်ဒဏ်ကို ပေးရုံမျှနှင့် မတင်းတိမ် ပြစ်ဒဏ်များကို သီးခြားစီ ကျခံစေရန် အမိန့်ကိုပင် ထပ်မံ ချမှတ်ခဲ့ သည့်အတွက် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ကိုမင်းဇေယျာပါ (၁၄) ဦးအမှုက သက်သေခံ လျက်ရှိသည်။

သို့သော် အထက် အာဏာပိုင်များ၏ ညွန်ကြားချက်အရ သက်ညှာစွာ စဉ်းစား၍ ငွေဒဏ်လဲ ချမှတ်နိုင်ပါသည်။ ငွေဒဏ် ၅၀၀၀ ကျပ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ငွေဒဏ် ပေးဆောင်လိမ့်မည် မဟုတ်ပါ။ ဗဟန်းမြို့နယ် တရားရုံး၌ စစ်ဆေးစီရင် ဆုံးဖြတ်ခဲ့သည့် အမှုတွင် မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုသည့် ဆောင်ပုဒ်အတိုင်း ငွေဒဏ် မဆောင်ခဲ့သည့် သာဓကရှိပါသည်။

ငွေဒဏ် မဆောင်သည့်အတွက် အထူးခုံရုံးအနေဖြင့် အထက် အာဏာပိုင်များ၏ ညွန်ကြားချက်အရ မဖြစ်မနေ လွတ်ပေးရမည် ဆိုပါကလည်း ဆိုင်းငံ့ပြစ်ဒဏ်ဖြင့်သာ လွှတ်ပေးမည်လား ဆိုသည်ကိုမူ အထူးခုံရုံး၏ တရားသူကြီး မင်းများသာ သိရှိပါ လိမ့်မည်။ လွတ်လပ် မျှတသည့် တရားစီရင်ရေးကို မဖေါ်ဆောင်ပဲ ဟန်ပြတရားစီရင်ရေး တခုသာ ဖြစ်ကြောင်းနှင့် ၂၀၀၇ ခုနှစ် ရွှေဝါ ရောင် သံဃာ့လှုပ်ရှားမှုများတွင် စစ်ဆေး စီရင်ခဲ့သည့် အမှုများသည်လည်း အလားတူပင် စစ်ဆေး စီရင်ခဲ့ကြောင်းကို နိုင်ငံတကာက သိရှိစေရန် အထူးခုံရုံးက ဒေါ်အောင်ဆန်းစုကြည်၏ အမှုဖြင့် အထင်အရှား သက်သေပြလိုက်ပြီ ဖြစ်သည်။

မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ

0 comments:

Post a Comment