Friday, June 12, 2009

Filled Under:

စစ်ဝါဒီကြောင့် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ

ညီညီချမ်း
ဂျွန်လ ၁၃ရက်၊ ၂၀၀၉ ခုနှစ်


နိုင်ငံတနိုင်ငံတွင် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးလာလျှင် ထိုနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော ပြည်သူများမှာ စားဝတ်နေရေး အကြပ်အတည်း၊ လူမှုရေး အခက်အခဲများနှင့် ကြုံရလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယနေ့အထိ ပြည်သူလူထုမှာ စားဝတ်နေရေး၊ လူမှုရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။ ထိုနည်းတူစွာ ပြည်တွင်းစစ်နှင့် တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေး ပြဿနာသည်လည်း ဖြေရှင်း၍ မရသေးသည့် အခြေအနေတွင် ရှိနေသည်။ ယခုကဲ့သို့ အခြေအနေ ဆိုးများနှင့် ရင်ဆိုင်နေရသည့် အဓိက အကြောင်းအရင်းမှာ အောက်ပါအတိုင်း လေ့လာ တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် ၁၉၄၇ ပင်လုံစာချုပ် သဘောတူညီချက်အရ ပြည်တွင်း နိုင်ငံရေး ကိစ္စရပ်များကို ဖြေရှင်းနိုင်သည့် အလားအလာ ကောင်းများ ရှိခဲ့သော်လည်း အစိုးရ အဆက်ဆက်မှ ညီရင်းအစ်ကို တိုင်းရင်းသား အချင်းချင်း ညှိနှိုင်း အဖြေရှာနည်းကို အသုံးမပြုဘဲ စစ်အင်အားသုံး အပြုတ်တိုက်ရေးကို သုံးခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်မီး တောက်လောင် လာခဲ့သည်။ အလားတူ နိုင်ငံသား ပြည်သူတို့၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် အစရှိသည့် အခြေခံ အခွင့်အရေးများ ပိတ်ပင်ခဲ့ခြင်းနှင့် လူမှုရေး အထွေထွေ အကြပ်အတည်းများ ကြောင့် (၈၈၈၈) အရေးတော်ပုံ ပေါ်ပေါက် လာခဲ့ရသည်။

၁၉၈၈ နောက်ပိုင်းန အ ဖ စစ်အစိုးရ၏ နိုင်ငံရေး ဦးတည်ချက် တရပ်ဖြစ်သည့် 'အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး' ကြွေးကြော်သံကို သုံးသပ်ရာတွင် အမျိုးသား စည်းလုံး ညီညွတ်ရေး အတွက် တိုင်းရင်းသား အင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများတို့က သုံးပွင့်ဆိုင် ဆွေးနွေး အဖြေရှာရေးကို အစဉ်တစိုက် တောင်းဆို ကြိုးပမ်းခဲ့ ကြသည်။ ကြိုးပမ်း နေဆဲလည်း ဖြစ်သည်။ ဤဖြေရှင်းနည်းကို ကုလသမဂ္ဂကလည်း ထောက်ခံ အားပေးသည်။ တဖန် တွေ့ဆုံဆွေးနွေးရေး အခြေခံ သဘောတရားကို သုံးသပ်ရာတွင်လည်း တွေ့ဆုံ ဆွေးနွေးရေးသည် အပြစ်ပေး အရေးယူခြင်း မဟုတ်ပေ။ ညှိနှိုင်း အဖြေရှာခြင်းပင် ဖြစ်သည်။ တဖက်ကိုနာစေပြီး အခြားတဖက်ကို အသာရစေသည့် နည်းလမ်းလည်း မဟုတ်ပေ။ ချိန်ခွင်လျှာညှိ၍ အဖြေရှာရမည်ပင်။ ဒါဆိုလျှင် တွေ့ဆုံ ဆွေးနွေးခြင်းသည်သာ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၏ အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ပါလော။ ယခု အခြေအနေတွင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် မလိုက်နာသူသည် မည်သူနည်း။ ဤကဲ့သို့ မလိုက်နာသူသည် အမှန်တကယ် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လိုလားပါရဲ့လားဟု မေးခွန်းထုတ်လျှင် န အ ဖ စစ်အစိုးရသာ ဖြစ်ကြောင်း အဖြေပေး ရပေလိမ့်မည်။

န အ ဖ အစိုးရ၏ 'ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ပေါ်ပေါက် လာရေး' ကြွေးကြော်သံကို သုံးသပ်ရာတွင် - ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လက်နက်ကိုင် အပစ်အခတ်ရပ် အဖွဲ့အစည်းများ အပါအ၀င် အခြား ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသား အင်အားစုများ အမျိုးသား ညီလာခံတွင် တက်ရောက် ဆွေးနွေး ခဲ့ကြသည်။ သို့သော် အမျိုးသား ညီလာခံတွင် လွတ်လပ်စွာ ဆွေးနွေးခွင့် မရသည့်အပြင် တင်ပြ ဆွေးနွေးချက် အချို့လည်း ပယ်ချခြင်း ခံခဲ့ရသည်။ သို့ဖြစ်၍ ညီလာခံ ကိုယ်စားတွေ အမျိုးသားညီလာခံမှ နှုတ်ထွက်သွားသည်။ ထိုနည်းတူစွာ အပစ်ခတ်ရပ် တိုင်းရင်းသား အဖွဲ့အစည်း ဖြစ်သည့် မွန်ပြည်သစ်ပါတီ သည်လည်း အမျိုးသားညီလာခံမှ နှုတ်ထွက်ခဲ့သည်။ ဤအချက်ကို ကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ မခိုင်မာအောင် မည်သူ လုပ်နေကို ဆန်းစစ်နိုင်ပါသည်။ ပြီးခဲ့သည့် သတင်းပတ်က အဓမ္မ လုပ်အားပေး စေခိုင်းမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ထောက်ပြရသည့် အခြေအနေကို ကြည့်လျှင် ဖွဲ့စည်းပုံတွင် စစ်တပ်က မည်မျှ အသာစီး ယူထားတာကို ခန့်မှန်း ကြည့်နိုင်ပါသည်။

လက်ရှိ စစ်အစိုးရ၏ 'နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေး နှင့် တရားဥပဒေ စိုးမိုးရေး' ကြွေးကြော်သံကို သုံးသပ်ရာတွင် ဖိနှိပ်မှုကြောင့် ပြည်သူလူထု၏ တောင်းဆို ဆန္ဒပြမှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့ သြဇာ လွှမ်းမိုးထားနိုင်သည့် ရန်ကုန်နှင့် အခြားမြို့များတွင် ဗုံးဖေါက်ခွဲမှု အမျိုးမျိုး ဖန်တီးပြီး နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်း အချို့ကို စွပ်စွဲပြောဆိုသည်။ ဤစွပ်စွဲချက် ဖြစ်နိုင်သည်၊ မဖြစ် နိုင်သည်ကို အဖြေရှာ ကြည့်ရာတွင် ပေါက်ကွဲမှုများမှာ ၎င်းတို့ သြဇာ လွှမ်းမိုးထားသည့် နေရာများတွင်သာ ဖြစ်သည်က များသည်။ ပေါက်ကွဲသည့် နေရာကို ရောက်ရန် လုံခြုံရေး အထပ်ထပ် ချထားသည့်အပြင် စစ်ဆေးမှု အမျိုးမျိုးလည်း ရှိသေးသည်။ အခြား အတိုက်အခံ အဖွဲ့အစည်းများ လွယ်လွယ်နဲ့ ၀င်ရောက်နိုင်သည့် အနေအထားလည်း မရှိ။ များသောအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီ အခွင့်အရေးအတွက် တိုက်ပွဲ ၀င်နေသော တိုင်းရင်းသား အင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများ၏ လမ်းစဉ်ကလည်း အကြမ်းဖက်လိုသည့် ဦးတည်ချက် မရှိ။ မလွှဲမရှောင်၍သာ လက်နက်ကိုင် တိုက်ပွဲ ၀င်နေရခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် နိုင်ငံတော် ဆူပူ မတည်ငြိမ်မှု ဖြစ်အောင် မည်သူတွေက လုပ်ဆောင်နေသည်ကို ညာဏ်မျက်စိနဲ့ တွေးကြည့်နိုင်ပါသည်။

တရားစီရင်ရေး အခြေခံသည် လူတိုင်းတွင် ဥပဒေစိုးမိုးမှု အောက်တွင် ရှိသည်။ ဥပေဒ ရှေ့မှောက်တွင် လူတိုင်း အခွင့်အရေးတန်းတူ (equality is before the law)ရှိသည်။ အုပ်ချုပ်သူ အစိုးရရော အုပ်ချုပ်ခံ ပြည်သူများပါ ဥပဒေကို လိုက်နာရသည်။ တရားဥပဒေ စိုးမိုးရေး အဆောက်အအုံသည် ဘက်လိုက်ခြင်း မရှိဘဲ လွတ်လွတ်လပ်လပ် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ သို့သော် ယခု မြန်မာနိုင်ငံ ဖြစ်ရှိနေတဲ့ အနေအထားမှာ အုပ်ချုပ်သူတွေက ဥပဒေအပေါ် တွင်ရှိသည်။ ဆိုလိုသည်မှာ အမိန့်အတိုင်း နာခံရပြီး မည်သည့်ကိစ္စမျှ မချိုးဖေါက်ရ။ အုပ်ချုပ်သူတွေက အကောင်အထည်ဖေါ်၊ ဖြစ်လိုသည့် ဆန္ဒအတိုင်း အမိန့်ထုတ်ပြန်သည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ချိုးဖေါက်မှုဖြင့် တရားစွဲဆိုပြီး ၎င်းအမှု ရုပ်သိမ်းပြီး ဖြစ်သော်လည်း နေအိမ်အကျယ်ချုပ် ဆက်လက် ချထားသည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ ဦးအောင်သိန်းအား ရှေ့နေလိုက်ခွင့် လိုင်စင် ပိတ်ပင် လိုက်သည့်အပြင် အမှုလိုက်ရှေ့နေ ဦးလှမျိုးမြင့်၏ စနီး ဒေါ်ခင်ခင်အေး အား အကြောင်းမဲ့ အလုပ်ဖြုတ် လိုက်သည်ကို ကြည့်လျှင် မည်သူတွေ တရားဥပဒေ အပေါ်တွင် ရှိနေသည်။ မည်သူတွေက တရားဥပဒေ စိုးမိုးရေးအား ချိုးဖေါက်နေသည်ကို အထင်းအရှား တွေ့ရှိနိုင်ပါသည်။ စင်စစ် န အ ဖ စစ်အစိုးရသာ ဖြစ်နေပါသည်။

အထက်ပါ အချက်များကို သုံးသပ်ကြည့်လျှင် လူမြင်ကောင်း၊ ဖတ်ကောင်း အောင်သာ ဖေါ်ပြထားသော နိုင်ငံရေး ဦးတည်ချက်နှင့် လုပ်ငန်း အကောင်အထည် ဖေါ်မှုတို့မှာ ၃ နှင့် ၄ ပမါ ကျောခိုင်း နေပါသည်။ ကြွေးကြော်သံက တရားဥပဒေ စိုးမိုးရေး၊ လက်တွေ့ အနေအထားတွင် စစ်ဝါဒီက ဥပဒေအပေါ် လွှမ်းမိုးနေသမျှ ကာလပတ်လုံး မြန်မာပြည်သူလူထုမှာ ယခုထက် မိုမိုဆိုးရွားသော အကြပ်အတည်းများနှင့် ရင်ဆိုင် ကြုံတွေ့ရမည်မှာ သေချာပါသည်။

0 comments:

Post a Comment