Tuesday, June 09, 2009

Filled Under:

အမှန်တရားအတွက် ဥပဒေရေးရာတိုက်ပွဲ

မင်းလွင်ဦး
ဂျွန်လ ၉ ရက်၊ ၂၀၀၉ ခုနှစ်

မူလ မြောက်ပိုင်းခရိုင် အထူးသီးသန့် တရားရုံးမှ ဒေါ်အောင်ဆန်းစုကြည် ဖက်မှတင်ပြသည့် သက်သေ(၄)ဦး အနက် လပွတ္တာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း တဦးတည်းကိုသာ ခွင့်ပြုခဲ့သည်။ ထိုသို့ ဆုံးဖြတ် ခဲ့သည့် အထူးသီးသန့် တရားရုံး၏ အမိန့်ကို မကျေနပ် သဖြင့် ရန်ကုန်တိုင်း တရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း တရားရုံးက ဇွန်လ(၉) ရက်နေ့တွင် အောက် တရားရုံး၏ အမိန့်ကို အတည်ပြုခဲ့ပြီး အောက်ရုံးမှ ပယ်ထားသည့် သက်သေ(၃)ယောက် အနက် ဦးဝင်းတင်၊ ဦးတင်ဦးတို့ကို ခွင့်မပြုဘဲ ရှေ့နေ ဒေါ်ခင်မိုးမိုး တဦးကိုသာ သက်သေအဖြစ် စစ်ဆေးရန် ခွင့်ပြုသည့် အမိန့် ချမှတ်ခဲ့သည်။

မူလရုံးက ချမှတ်ခဲ့သည့် အမိန့်သည် ဥပဒေ ပြဌာန်းချက်နှင့်မညီ၊ ဥပဒေ ပြဌာန်းချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အတွက် တိုင်းတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခြင်း ဖြစ်သည်။ တိုင်းတရားရုံးက မူလ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး၏ ဆောင်ရွက်ချက်သည် ဥပဒေ ပြဌာန်းချက်နှင့် မညီသည့် အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် ဖက်မှ တင်သွင်းသည့် ပြင်ဆင်မှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။

တိုင်းတရားရုံးက သက်သေ(၃) ဦးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ရာတွင် မူလ တရားရုံးက သက်သေများကို ခွင့်မပြုသည့် ကိစ္စကို အမှုတွဲ နေ့စဉ် မှတ်တမ်းတွင် ဥပဒေ ပြဌာန်းချက်များနှင့် အညီ မရေးသားဘဲ ငြင်းပယ်ခဲ့သည် ဆိုသည့် အချက်မှန်သည်။ မူလ မြောက်ပိုင်းခရိုင် အထူးသီးသန့် တရားရုံး၏ ဆောင်ရွက်ချက်သည် ဥပဒေနှင့်မညီလျှင် ပြင်ဆင်ပေးရန် တဆင့်မြင့် တိုင်းတရားရုံးတွင် တာဝန်ရှိသည်။ သို့သော် တိုင်းတရားရုံးက မူလအနောက် ပိုင်းခရိုင် တရားရုံးက အမိန့် ချမှတ်ရာတွင် အကြောင်းပြချက် မရေးသော်လည်း ရေးသကဲ့သို့ မှတ်ယူသည်ဟု ကောက်ယူ သုံးသပ်သည်။ စစ်ဆေး ပြီးစီးသည့် သက်သေတဦးအပြင် နောက် သက်သေတဦး ဖြစ်သည့် ဒေါ်ခင်မိုးမိုးကို စစ်ဆေးရန် ခွင့်ပြုသည်ဟု အမိန့်ချမှတ် ခဲ့သည်။

တရားခံက သက်သေအဖြစ် ဆင့်ဆိုပေးရန် လျှောက်ထားခြင်းမှာ တရား စီရင်ရေးကို အနှောင့်အယှက် ပြုရန်၊ သို့မဟုတ် စစ်ဆေးနေသည့် အမှုကို ကြန့်ကြာစေရန်၊ သို့မဟုတ် စစ်ဆေးနေသည့် အမှုတွင် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန် ကိစ္စအလို့ငှာ ပြုလုပ်သည်ဟု ယုံကြည်ပါက ယင်း လျှောက်ထားချက်ကို ရာဇ၀တ် တရားသူကြီးက ငြင်းဆိုနိုင်သည်။ ထိုသို့ ငြင်းဆိုသည့်အခါ မည်သည့်အတွက် ငြင်းဆိုရကြောင်းကို ရေးသား မှတ်တမ်းတင် ထားရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၂၅၇(၁)တွင် အတိအလင်း ပြဌာန်းထားသည်ကို တွေ့ရသည်။ ဥပဒေက အတိအလင်း ပြဌာန်းထားလျှင် ဥပဒေ ပြဌာန်းချက်အတိုင်း တရားရုံး တရားသူကြီးများက လိုက်နာ ဆောင်ရွက် ဆုံးဖြတ်ရန် ဖြစ်သည်။

ဥပဒေ ပြဌာန်းချက် တစုံတရာ မရှိမှသာ တရားရုံး တရားသူကြီးများ အနေဖြင့် တရားခံအဖြစ် စွပ်စွဲခံရသူ၏ အကျိုးကို မျှော်ကိုး၍ ကောက်ယူ သုံးသပ်ခြင်း၊ မှတ်ယူခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်သည်။ မိမိသဘောအတိုင်း ဥပဒေ ပြဌာန်းချက်ကို ကျော်လွန်၍ ကောက်ယူခြင်း၊ မှတ်ယူခြင်းတို့ကို တရားသူကြီးတို့ အနေဖြင့် ဆောင်ရွက်နိုင် ခြင်းမရှိ၊ ထိုသို့ ဆောင်ရွက်ခွင့် ကိုလည်း ဥပဒေက ခွင့်ပြုမထားပေ။ ထို့ကြောင့် တိုင်းတရားသူကြီး၏ ဆုံးဖြတ်ချက် သည်လည်း အကြောင်းပြချက် တစုံတရာ မပြပဲ ငြင်းပယ် သည့်အတွက် ဥပဒေနှင့် မညီသည့် ဆုံးဖြတ်ချက် ဖြစ်သည်ကို တွေ့ရသည်။

ရာဇ၀တ်မှုများတွင် ပြစ်မှုကျူးလွန်ခြင်း မြောက်ရန်အတွက် လိုအပ်သော အင်္ဂါရပ်များ ပြဌာန်းထားလေ့ ရှိသည်။ တရားလိုဘက်မှ တရားခံသည် ထိုအင်္ဂါရပ်များနှင့် ပြည့်စုံစွာ ပြစ်မှု ကျူးလွန်ကြောင်း တင်ပြရသကဲ့သို့ တရားခံကလည်း ထိုအင်္ဂါရပ်များ မရှိကြောင်းကို တင်ပြရမည်။ သို့ဖြစ်၍ ထိုအင်္ဂါရပ်များသည် ရာဇ၀တ်မှုအတွက် အငြင်းထွက်သော အကြောင်းခြင်းရာများ ဖြစ်လာသည်။

ယခုအမှုတွင် တရားလိုဖက်မှ သက်သေ(၂၃) ဦးတင်ပြပြီး (၁၅) ဦးကို စစ်ဆေးကာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စွဲဆို ထားသည့် တားမြစ်မိန့်ကို ချိုးဖေါက်ကြောင်း တရားရုံးတွင် သက်သေထွက်ဆို အစစ်ခံ ခဲ့ကြသည်။ တရားလိုဖက်က တင်ပြခဲ့သည့် သက်သေများသည် လွတ်လပ်သည့် သက်သေတဦးမျှ မပါဝင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပစ္စည်း သိမ်းဆည်းရာတွင် ပါဝင်ပြီး ရှာဖွေပုံစံတွင် လက်မှတ် ရေးထိုးခဲ့သည့် သက်သေများ (ရယက ဥက္ကဌများ)သာ ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စွဲဆိုထားသည့်အတိုင်း မည်ကဲ့သို့ ချိုးဖေါက် ကျူးလွန်သည်၊ မည်ကဲ့သို့ စီစဉ်သည်ကို ကွင်းဆက်မပြတ် သက်သေ ပြနိုင်ခဲ့ခြင်း မရှိ။

၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ(၇) အရ နိုင်ငံသား တဦးသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော် လုံခြုံရေးကို ဖြစ်စေ၊ အများ ပြည်သူတို့၏ အေးချမ်း သာယာရေးကို ဖြစ်စေ ထိပါး အန္တရာယ် ဖြစ်စေမည့် ပြုလုပ်မှုတခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည် လောက်သော အကြောင်းရှိလျှင် ၀န်ကြီးအဖွဲ့သည် ယင်းပုဂ္ဂိုလ်၏ မူလ အခွင့်အရေး တရပ်ရပ်ကို လိုအပ်သလို ကန့်သတ်မိန့် ချနိုင်သည်ဟု ပြဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အများပြည်သူတို့၏ အေးချမ်း သာယာရေးကို ထိပါး အန္တရာယ် ဖြစ်စေမည့် ပြုလုပ်မှုကို မပြုလုပ်ကြောင်း သက်သေပြရန်နှင့် ထိုသို့ ကန့်သတ်မိန့် ချမှတ်ထားခြင်းသည် ဥပဒေနှင့် မညီကြောင်း သက်သေပြရန် လိုအပ်လာပေသည်။ ထို့ကြောင့်လည်း ခုခံချေပရာတွင် သက်သေ ထွက်ဆိုသည့် သူ(၄) ဦး၏ အမည်စာရင်းကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အာဏာပိုင်များက အဆိုပါ သက်သေ(၄) ဦးအနက် ဦးတင်ဦးနှင့် ဦးဝင်းတင်ကို ဘာကြောင့် သက်သေအဖြစ် အစစ်ခံခွင့် မပေးပဲ ငြင်းဆိုနေရသလဲ၊ တရားခံအဖြစ် စွပ်စွဲခံရသူများဖက်မှ စစ်ဆေးနေသည့် အမှု ကြန့်ကြာအောင် ဆောင်ရွက် နေသည်ဟု အကြောင်းပြရန် တမင်ဆောင်ရွက် နေသလား၊ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို သက်သေအဖြစ် ထွက်ဆိုစေပါက ၎င်းတို့၏ သက်သေ ထွက်ချက်များသည် နောင်အခါတွင် အာဏာပိုင်တို့ အပေါ် ပြန်လည် တရားစွဲဆိုနိုင်ရန် အထောက်အထားများ ဖြစ်လာမည်ကို စိုးရိမ်သည့် အတွက်လား၊ မတရား အကြမ်းဖက် ရိုက်နှက်ခဲ့သည့် ဒီပဲယင်း ဖြစ်ရပ်မှန်ကို ပြည်သူလူထု သိမှာကို စိုးရိမ်သည့်အတွက် ခွင့်မပြုတာလား၊ လားပေါင်းများစွာဖြင့် အများပြည်သူတို့အဖို့ လွန်စွာမှပင် စိတ်ဝင်စားဖွယ်၊ မေးခွန်းထုတ် ချင်စရာ ကောင်းသည့် အချက်များ ဖြစ်လာပါသည်။

ထိုသို့ဆိုလျှင် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ သက်သေထွက်ချက်များက မည်သည့် အတိုင်းအတာအထိ အမှုကို ဆုံးဖြတ်ရာတွင် ထိရောက်မှု၊ အရေးပါမှုနှင့် စပ်ဆိုင်မှု မည်မျှရှိပါသလဲ သက်သေခံ ဥပဒေတွင် နှုတ်သက်သေခံချက်၏ အရေးပါမှုကို အောက်ပါ အတိုင်း ပြဌာန်းထားသည့် နှုတ်သက်သေခံချက်သည် တိုက်ရိုက် သက်သေခံချက် ဖြစ်ရမည်။ ဆိုလိုသည်မှာ-

(၁) မြင်သည့် အကြောင်းအရာ ဖြစ်လျှင် မြင်သူကိုယ်တိုင် အစစ်ခံခြင်း ဖြစ်ရမည်။

(၂) ကြားသည့် အကြောင်းခြင်းရာဖြစ်လျှင် ကြားသူကိုယ်တိုင်က အစစ်ခံခြင်းဖြစ်ရမည်။

(၃) အခြားအာရုံတခုခုဖြင့် သိနိုင်သော အကြောင်းခြင်းရာဖြစ်လျှင် ထိုသို့ သိသူကိုယ်တိုင်က အစစ်ခံခြင်း ဖြစ်ရမည်။

(၄) ထင်မြင်ချက် ဖြစ်လျှင် ထင်မြင်သူကိုယ်တိုင်က အစစ်ခံခြင်း ဖြစ်ရမည်
ဟု သက်သေခံ ဥပဒေတွင် နှုတ်သက်သေခံခြင်းနှင့် ပတ်သက်၍ ပြဌာန်းထားသည်။ သက်သေ အရည်အတွက်ထက် သက်သေများ၏ အရည်အချင်းကို အထက်ပါ ပြဌာန်းချက်များနှင့် ညှိနှိုင်း၍ အမှုကို စီရင်ဆုံးဖြတ်ရာတွင် တရားသူကြီးများက ထည့်သွင်း စဉ်းစား ဆုံးဖြတ်ရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်တားမြစ်မိန့် ထုတ်ခဲ့သည့် မူလ အကြောင်းရင်းသည် ဒီပဲယင်း အကြမ်းဖက် ရိုက်နှက်မှု အပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်တလျှောက် မြစ်ကြီးနား၊ မန္တလေးနှင့် မုံရွာ ခရီးစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ လိုက်ပါခဲ့သူ ဖြစ်သည်။ ဒီပဲယင်း အရေးအခင်း ဖြစ်သည့် နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် အသက်ဘေးမှ လွတ်မြောက်လာခဲ့သူ တဦး ဖြစ်သည့်အပြင် ယနေ့တိုင် နေအိမ် အကျယ်ချုပ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နည်းတူ ကျခံနေရသူ တဦးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် လုံခြုံရေးကို ဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်း သာယာရေးကိုဖြစ်စေ ထိပါး အန္တရာယ် ဖြစ်စေမည့် ပြုလုပ်မှုတခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းတစုံတရာ မရှိ ကြောင်းနှင့် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား စံနစ်တကျ စီမံအကြမ်းဖက် ရိုက်နှက်ခြင်း ဖြစ်ကြောင်းကို အကောင်းဆုံး သက်သေခံချက် ပေးနိုင်မည့် သက်သေတဦး ဖြစ်သည်။ အာဏာပိုင်များက ဦးတင်ဦး၏ သက်သေခံ ထွက်ဆိုချက် များသည် တရားဝင် စာရွက် စာတမ်းအဖြစ် မှတ်တမ်း တင်ထားမည့် တရားရုံး သက်သေခံချက်များ ဖြစ်လာမည်ကို လုံဝ မလိုလား၊ ထို့ကြောင့်လည်း သက်သေခံခွင့် မပေးခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူရပေမည်။

ထို့အတူ ဦးဝင်းတင်သည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင် တည်ထောင်စဉ် ကာလကပင် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ လက်တွဲ ဆောင်ရွက်ခဲ့သည့် နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက် တဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ခံယူချက်၊ ယုံကြည်ချက်နှင့် အများပြည်သူတို့အပေါ် ထားရှိသည့် သဘောထားကို မကြောက်မရွံ့ ထွက်ဆိုမည့်သူ တဦးဖြစ်သည်။

ဦးဝင်းတင်ကို သက်သေခံ ခွင့်ပြုခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအပေါ် ထားရှိသည့် သဘောထား အမှန်ကို ပြည်သူများ သိရှိရန် တရားဝင် ထုတ်ဖေါ် အသိပေး ခွင့်ပြုရာ ရောက်မည်။ ပြည်သူလူထု၏ ထောက်ခံမှုကိုလည်း ယခုထက် ပိုမိုရရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လှုပ်ရှားမှုများတွင် ပြည်သူလူထု တခဲနက် ပါဝင်လာမည်ကို အာဏာပိုင်များက စိုးရိမ် ကြောက်လန့်၍ ယခုကဲ့သို့ တရားရုံးတွင် သက်သေ ထွက်ဆိုခွင့်ကို နောက်ဆုံး တတ်နိုင်သည့် အခြေအနေထိ ငြင်းပယ်နေရခြင်း ဖြစ်သည်ဟုပင် ယူဆရမည် ဖြစ်သည်။

အာဏာပိုင်များ အနေဖြင့် သက်သေများ၏ ထွက်ချက်များကို ခိုင်မာစေမည့် သက်သေခံ ဥပဒေ ပြဌာန်းချက်များကို မျက်ကွယ်ပြု၍မရ၊ ကျော်လွန် ဆုံးဖြတ်၍လည်းမရ၊ ဥပဒေ ပြဌာန်းချက်ကို ထင်သလို ကောက်ယူသုံးသပ် ဆုံးဖြတ်၍လည်း မရသည့်အတွက် ယခုကဲ့သို့ သက်သေခံ ထွက်ဆိုချက် မပေးနိုင်ရန် အာဏာပိုင်များက အကြောက်အကန် ငြင်းဆိုနေရခြင်း ဖြစ်သည်။

ယခု ရင်ဆိုင်နေရသည့် ဥပဒေ တိုက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုသာ ကိုယ်စားပြုသည် မဟုတ် နိုင်ငံရေး အကျဉ်းသားများ အားလုံး ဖြတ်သန်း ရင်ဆိုင်ခဲ့ရသည့် အထူးခုံရုံး တရားခွင်များနှင့် လွတ်လပ်မျှတသည့် တရားစီရင်ရေးအတွက် ကိုယ်စားပြုသည့် ဥပဒေရေးရာ တိုက်ပွဲလည်း ဖြစ်သည်။

နိုင်ငံတကာက လေးစားသည့် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော အထင်ကရ ပုဂ္ဂိုလ်ကိုပင် ယခုလို ဥပဒေ ပိုင်းဆိုင်ရာ အကြပ်အတည်းကို ရင်ဆိုင်နေရသည် ဆိုလျှင် သာမာန် ရဟန်း၊ ကျောင်းသား၊ ပြည်သူတွေ ရှေ့နေဖြင့် ခုခံချေပခြင်း မပြုနိုင်သူများ အနေဖြင့် မည်ကဲ့သို့ ရင်ဆိုင် ကျော်လွှားရမည်နည်း။ အာဏာပိုင်တို့၏ စိတ်တိုင်းကျ ပြစ်ဒဏ်ပေးခြင်းကို အံကြိတ်ခံရုံမှတပါး အခြားနည်းလမ်း မရှိပြီကိုလည်း အထင်အရှား တွေ့ရမည်ဖြစ်သည်။

တရားရုံး တရားသူကြီး များကလည်း မြန်မာနိုင်ငံတွင် လွတ်လပ်သည့် တရားစီရင်ရေး ဆိုတာမရှိ၊ မျှတသည့် တရားခွင်သည် ယနေ့ အခြေအနေတွင် ရှင်သန်နိုင်ခြင်း မရှိသေး။ ငွေများတရားနိုင်၊ သေနတ်ပြောင်းဝက အာဏာဖြင့် တရားစီရင်ရေးကို လွှမ်းမိုးထားပြီး၊ အကြောက်တရားဖြင့် တရားစီရင်နေရကြောင်းကို တတ်နိုင်သည့်ဖက်မှ တတပ်တအား ဖေါ်ထုတ် ပေးနေသည်ဟုသာ မှတ်ယူရတော့မည် ဖြစ်သည်။

0 comments:

Post a Comment