Monday, July 20, 2009

Filled Under:

လူ့အခွင့်အရေး သင်တန်းအပြီး သင်တန်းသား သင်တန်းသူများ အပြုံးနှုတ်ခမ်းကိုယ်စီ

ဂျူလိုင်လ ၂၀ရက်၊ ၂၀၀၉ ခုနှစ်
အာရှ လူ့အခွင့်အရေးကော်မရှင် မြန်မာဌာန

အာရှတိုက်ရှိ နိုင်ငံအချို့မှာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ဦးတည် ကူးပြောင်းလာနေဆဲ ဖြစ်သော်လည်း ဒီမိုကရေစီ လမ်းစဉ်ကို အပြည့်အ၀ ကျင့်သုံးနိုင်ခြင်း မရှိသေးပေ။ အခြားတဖက်တွင်လည်း နိုင်ငံတကာနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းအား အလေးမထား၊ ဂရုမစိုက်ဘဲ ခေါင်းမာမာနဲ့ လက်နက်အားကိုးပြီး နိုင်ငံသားပြည်သူတို့အပေါ် နည်းအမျိုးမျိုးဖိနှိပ်၊ လူ့အခွင့်အရေး ချိုးဖေါက် ခေတ်နောက်ပြန်ဆုတ်နေသည့် စစ်အာဏာရှင် မြန်မာနှင့် မြောက်ကိုးရီးယား နိုင်ငံကဲ့သို့သော နိုင်ငံများလည်း ရှိနေသည်။

ဤသို့သော အခြေအနေများကြောင့် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာ များကို ပြည်သူတို့ ပိုမို သိရှိနည်းလည်စေရန်နှင့် လူ့အခွင့်အရေး ကာကွယ်သူများ မွေးထုတ်ရန် အလို့ငှာ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် (Asian Human Rights Commission) မှ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေး ဆိုင်ရာ သင်တန်းတရပ်ကို ဇွန်လ ၂၉ မှ ဇူလိုင်လ ၁၇ အထိ ပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ အာရှတိုက်ရှိ တရုတ်၊ တောင်ကိုးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ နီပေါ၊ သီရီလင်္ကာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံများမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးကျော် တက်ရောက်ခဲ့သည်။ ထူးခြားသည်မှာ အာဖရိကတိုက် ကင်မရွန်းနိုင်ငံမှလည်း သင်တန်းသားတဦး ပါဝင် တက်ရောက် ခဲ့သည်။

အဆိုပါသင်တန်းတွင် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး ဘာသာရပ်များ အပြင် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများ (ICCPR)၊ နိုင်ငံတကာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ(ICESCR) ပညာသင်ကြားခွင့် အခွင့်အရေး (Rights to Education)၊ ကျန်းမာရေး ကုသမှု အခွင့်အရေး (Rights to Health)၊ အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှုအားလုံး ဖျက်သိမ်းရေး သဘောတူစာချုပ် (CEDAW)၊ ဒီမိုကရေစီ (Democracy)၊ စစ်ဝါဒီလွှမ်းမိုးမှု (Militarization)၊ အရေးပေါ် ပန်ကြားချက် ရေးသားနည်း (Urgent Appeals)၊ ညှဉ်းပန်းနှိပ်စက်မှု ဆိုင်ရာ အကြောင်းအရာများ (Torture)၊ မေးခွန်း မေးမြန်းခြင်းနှင့် မှတ်တမ်းပြုစုခြင်း (Interviewing and Documentation)၊ သတင်း ဆက်သွယ်ရေး နည်းပညာ (Information Technology Communication)၊ လာဒ်စားမှု တိုက်ဖျက်ရေး သဘောတူစာချုပ် ( Convention against Corruption) အစရှိသော ဘာသာရပ်များ သင်ကြား ပို့ချခဲ့ပါသည်။

သင်တန်းတွင် အာရှ လူ့အခွင့်အရေး ကော်မရှ အမှုဆောင်ဒါရိုက်တာ Mr. Basil Fernando က လူ့အခွင့် အခြေခံ သဘောတရား၊ ပြည်သူလူထု အမြင် သဘောထား၊ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ သဘောတူစာချုပ် အခြေခံ သဘောတရား၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် အစရှိသည့် ဘာသာရပ်များ အားလည်းကောင်း၊ လက်ထောက် ဒါရိုက်တာ Mr. Kaishing က ညှဉ်းပန်းနှိပ်စက်မှုနှင့် လုံခြုံမှု အခွင့်အရေး၊ လွတ်လပ် မျှတသော ရွေးကောက်ပွဲ ( Free and Fair Election) အားလည်းကောင်း၊ အရေးပေါ် ပန်ကြားချက် ဌာနမှ တာဝန်ခံ Ms Jo Baker နှင့် Moon Jeong Ho တို့က အရေးပေါ် ပန်ကြားချက် ရေးသားနည်းနှင့် အရေးပါပုံကို လည်းကောင်း၊ Ms. Kit Chan က ပညာသင်ကြားခွင့် အခွင့်အရေးများ၊ Ms. Jin Ju က အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုအားလုံး ဖျက်သိမ်းရေး သဘောတူစာချုပ် အားလည်း ကောင်း၊ Mr. Norman က လူ့အခွင့်အရေး ကော်မတီနှင့် ဆက်လျဉ်းသော အကြောင်းအရာများ စသည်ဖြင့် ဘာသာရပ် အသီးသီး သင်ကြား ပို့ချခဲ့သည်။

၎င်းအပြင် စစ်ဝါဒီလွှမ်းမိုးရေး အကြောင်းရာအား ဆွေးနွေးရာတွင် အာရှ လူ့အခွင့်အရေး ကော်မရှင်၏ ဌာနဆိုင်ရာ တာဝန်ခံများနှင့် သင်တန်းသားများမှ မိမိတို့ နိုင်ငံ၏ စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်သို့ တဖြည်းဖြည်း ကူးပြောင်း လာနေပုံကို အမြင်ဖလှယ် ခဲ့ကြသည်။ အလားတူ အာရှ လူ့အခွင့်အရေး ကော်မရှင် မြန်မာဌာမှ မြန်မာနိုင်ငံ သမိုင်းကြောင်း အကျဉ်း၊ ၂၀၀၈ ခုနှစ် နာဂစ် စစ်အစိုး ဖွဲ့စည်းပုံ အခြေခံဥပဒေ နှိုင်းယှဉ်ချက်၊ လက်ရှိ န အ ဖ အစိုးရနှင့် တိုင်းရင်းသား တို့၏ ဆက်ဆံရေး၊ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၏ အန္တရာယ်ကို ရှင်းလင်း တင်ပြခဲ့သည်။

မြန်မာနိုင်ငံ အခြေအနေကို ဆွေးနွေးရာတွင် အခြားဒေသဆိုင်ရာ နိုင်ငံများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ကို တွေ့ရသည်။ အခြား အာရှနိုင်ငံများတွင် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ တဖြည်းဖြည်း ရှေးရှု ကူးပြောင်းလာ သော်လည်း မြန်မာနိုင်ငံကမူ စစ်အာဏာရှင် ဘက်သို့ နောက်ကြောင်းပြန် အဆိုးဘက်သို့ ကူးပြောင်းလာ နေသည်ကို ၀မ်းနည်းဖွယ် လေ့လာသုံးသပ် မှတ်ချက် ချကြသည်။

သင်တန်းတွင် တက်ရောက်လာကြသော သင်တန်းသားများမှလည်း သင်တန်း တက်ရောက်ရခြင်း၏ အကျိုးရလာဒ်များနှင့် နောင်သင်တန်း အတွက် ပိုမိုပြည့်စုံ ကောင်းမွန်ရန် အကြံပြုချက်များလည်း ပေးသွားခဲ့ကြသည်။ ကမ္ဘောဒီးယား နိုင်ငံမှ သင်တန်းသား တဦးဖြစ်သည့် Mr. Vibol Sim က “လူ့အခွင့်အရေး၊ နိုင်ငံတကာ ဥပဒေနဲ့၊ ဒေသဆိုင်ရာ နိုင်ငံများ၏ အခြေအနေအား ဖလှယ်ခွင့် ရတာဟာ အကျိုးရလာဒ်ဘဲ ဖြစ်ပါတယ်။ ဒါအပြင် နောင်သင်တန်း အတွက် သူအကြံပြု သွားသည်မှာ “ သင်ကြားမဲ့ ခေါင်းစဉ် နည်းနည်းလေးနဲ့ အဲဒီခေါင်းစဉ်နဲ့ လက်တွေ့ကျတဲ့ အကြောင်းအရာများ ပိုပြီး ပို့ချပေး စေလိုတယ်။”

ဟောင်ကောင်တွင် နေထိုင်သည့် သင်တန်းသား တဦးဖြစ်သည့် Jason Lam က “ ၃ ပတ်သင်တန်း ဖြစ်တဲ့အတွက် အကြောင်းအရာ တော်တော် များများကို ကျနော်သိခွင့် ရလိုက်တယ်။ သတင်းဘယ်လို ရနိုင်မှာလဲ၊ ဥပဒေနဲ့ ပတ်သက်တဲ့ နိယာမတွေ လေ့လာခွင့် ရတဲ့အတွက် အကျိုးရှိတယ်” လို့ သူပြောသွားတယ်။

အလားတူ အာဖရိကတိုက် ကင်မရွန်းနိုင်ငံမှ Bertrand ကလည်း “ သူ့အနေနဲ့ အတွေ့အကြုံ တော်တော်များများ ရသွားတယ်။ အထူးသဖြင့် အာရှနိုင်ငံများရဲ့ စစ်ဝါဒီအကြောင်း ဖြစ်တယ်။ သူအကြံပြု သွားသည်မှာ နောင် သင်တန်းများတွင် သင်တန်း ကာလအတွင်း The Independent Commission Against Corruption ကဲ့သို့သော အခြား အဖွဲ့အစည်းများ လေ့လာခွင့် ရပါက ပိုမိုအကျိုးရှိမယ်”

ထိုနည်းတူစွာ သီရိလကာင်္နိုင်ငံ သင်တန်းသား တဦးကလည်း “ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ ကျနော်တို့ ဘာလုပ်သင့်တယ် ဆိုတာကို ကျနော်တို့ သိလာတယ်။ အဲလို ပြောင်းလဲရာမှာ ဘယ်ကစပြီး ပြောင်းရမယ်၊ အခြေခံ ပြဿနာကို သုံးသပ် မိလာသည်နဲ့ အတူ၊ အတွေးအခေါ်မှ စပြောင်းလဲရမယ် ဆိုတာကို ကျနော်တို့ သိလာခဲ့ရတယ်။ သုံးပတ် အချိန် အတိုင်းအတာသည် မရှည်ကြာ သကဲ့သို့ မတိုတောင်းပါ” ဟု သူပြောသွားသည် နဲ့အတူ “ကျနော်တို့ ကွင်းဆင်းပြီး ကွဲပြားခြားနားတဲ့ လူ့အဖွဲ့အစည်း အသွင်အမျိုးမျိုးကို နောင်သင်တန်းများတွင် လေ့လာခွင့် ရပါက ပိုမို အကျိုးပြုနိုင် လိမ့်မယ်လို့” လည်း သူကြံပြု သွားခဲ့ပါသည်။
သင်တန်း အဆုံးသတ် ခါနီးတွင် အမှုဆောင် ဒါရိုက်တာ Mr. Basil Fernando သင်တန်းနှင့် စပ်လျှဉ်းသော အကျိုးရလာဒ်များနှင့် လိုအပ်ချက်များကို သင်တန်းသူ သင်တန်းသားများနှင့် အပြန်အလှန် ဆွေးနွေးပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား သင်တန်းသူများမှ ၀မ်းမြောက်ဖွယ် လက်ခံ ရယူခဲ့ကြသည်။

နောက်ဆုံး သင်တန်းပြီးဆုံးခြင်း အထိမ်းအမှတ်ဖြင့် ညစာစားပွဲတည်ခင်း ကျွေးမွေးပြီး သင်တန်းသား အချင်းချင်း အကြားတွင် လည်းကောင်း၊ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူတို့နှင့် သင်တင်းသားများ အကြားတွင် လည်းကောင်း အပြုံးနှုတ်ခမ်း ကိုယ်စီဖြင့် နှုတ်ဆက်ပြီး ဟောင်ကောင်းမှ မိမိနိုင်ငံ မွေးရပ်မြေသို့ ၀မ်းသာကြည်နူးစွာ ထွက်ခွာကြတော့သည်။

0 comments:

Post a Comment