Sunday, August 30, 2009

Filled Under:

လူငယ် ၄ဦးအား ဖမ်းဆီးထားခြင်း စပ်လျဉ်းပြီး AHRC မှ အရေးပေါ် မေတ္တာရပ်ခံစာပို့

RFA ----- 30/ 8/2009

ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါ Sticker ဓါတ်ပုံတွေ့ရှိရုံနဲ့ အများပြည်သူကို အထိတ်တလန့် ဖြစ်အောင် လုပ်တယ်ဆိုပြီး ဖမ်းဆီးစွပ်စွဲ တရားစွဲဆိုထားတဲ့ လူ ၄ ဦးကို တရားဥပဒေနဲ့ အညီ မှန်မှန်ကန်ကန် မျှမျှတတ အမှု စစ်ဆေးပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က သြဂုတ်လ ၂၈ ရက်နေ့မှာ မေတ္တာရပ်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် နိုင်ငံသား နေအိမ်ကို ခိုးဝင်လာမှုနဲ့ ဆက်စပ်ပြီး အမှုစစ်ဆေးနေချိန် ဂျွန်လ ၁၂ ရက်နေ့ညမှာ လူငယ်တွေ အဖမ်းဆီး ခံရတာပါ။ ဒီအမှုဖြစ်စဉ်ကို AHRC မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပြပါတယ်။

ဦးမင်းလွင်ဦး -------- ကိုအောင်အောင်ဦး၊ ကိုဘိုထွန်း၊ ကိုကျော်မျိုးနိုင်၊ နောက်တယောက်က ထွန်းလင်းကျော်။ သူကတော့ ထွက်ပြေး လွတ်မြောက် နေတယ်လို့ ပြောပါတယ်။ အဲဒီ ၄ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေပြီးတော့ တရားရုံးတွေမှာ တရားစွဲဆို တင်ပို့ထားတာကို ကျနော်တို့ သိရပါတယ်။ တာမွေဝိုင်းအနီးမှာ ဖမ်းဆီးရမိတဲ့အချိန်မှာ ဒီလူငယ် ၄ ယောက်ရဲ့ လက်ထဲမှာ ဘာမှမတွေ့ဘဲနဲ့ သူတို့ရဲ့ အိမ်တွေကို ရှာဖွေတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ၊ ဓါတ်ပုံ Sticker တွေ တွေ့ရှိရတာ ဖြစ်တယ်။ ဒီ လူငယ်၎ ယောက်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်ဖို့အတွက် အများပြည်သူ ထိန့်လန့် ကြောက်လန့်အောင် ဆောင်ရွက်မယ် ဆိုတဲ့ကိစ္စရပ်တွေ အပေါ်မှာ မူတည်ပြီးတော့ တရားစွဲဆို ထားတယ်လို့ ကျနော်တို့ သိရှိရပါတယ်။

မေး ----- ဒီလို ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံတွေ့ရုံနဲ့ အများပြည်သူ အထိတ်တလန့် ဖြစ်တာနဲ့ ဆိုင်ပါသလား။

ဦးမင်းလွင်ဦး ------ မဆိုင်ပါဘူးခင်ဗျား။ ဓါတ်ပုံက NLD ပါတီဖြစ်တဲ့အတွက် ပါတီအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို လက်ဝယ်ထားတယ်၊ အိမ်မှာ ထားတာဟာ ဒါပြဿနာ မဟုတ်ပါဘူး။ တာမွေမြင်းပြိုင် ကွင်းအနီးမှာ ဓါတ်တိုင်မှာ ဓါတ်ပုံကပ်ခဲ့တယ် ဆိုပြီးတော့ စွပ်စွဲထားတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်ခြင်း မရှိပါဘူး။

မေး ------- လူငယ်တွေကို တရားရုံး တင်တဲ့အခါ နောက်ပိုင်း ရီမန် ပြောင်းသွားတာကိုလည်း ပြောပြပါတယ်။

ဦးမင်းလွင်ဦး ------ ပထမဆုံးအကြိမ် တရားရုံးမှာ ရီမန်ယူတဲ့အချိန်မှာ စမ်းချောင်း ပဒုမ္မာကွင်းမှာ ဗုံးပေါက်ကွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မသင်္ကာတဲ့အတွက် သတင်းအချက်အလက် စုံစမ်းစစ်ဆေး မေးမြန်းဖို့ လိုတယ်ဆိုပြီးတော့ ရီမန်ယူခဲ့တာကို ကျနော်တို့ တွေ့ရှိရတယ်။ ဒါပေမဲ့ ရုံးတင်တဲ့အခါမှာ နဂိုယူထားတဲ့ ယမန်အတိုင်း မဟုတ်ပါဘူး။ အများပြည်သူ ထိတ်လန့် ကြောက်လန့်အောင် ပုဒ်မ ၅၀၅ (ခ) နဲ့ ရုံးတင်လာတာကို ကျနော်တို့ တွေ့ရှိရတယ်။

မေး ------ စစ်ကြောရေးစခန်းမှာ လူငယ်တွေကို ညှဉ်းပန်းနှိပ်စက်ပြီး မမှန်မကန် ထွက်ဆိုခိုင်းတာကို ငြင်းဆိုတဲ့အတွက် အမှုဆင်ထားတယ်လို့လည်း ဆိုပါတယ်။

ဦးမင်းလွင်ဦး ------ သူတို့ကို စစ်ကြောရေး စခန်းမှာ တပါတ်လောက် နှိပ်စက်ညှဉ်းပန်း လိုက်တယ်။ နှိပ်စက်ညှဉ်းပန်းတဲ့ အတောအတွင်းမှာပဲ စမ်းချောင်းပုဒုမ္မာကွင်း ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တယ် ဆိုတဲ့ စွဲတင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ လူငယ်တွေက ငြင်းလိုက်တယ်။ အဲဒါတွေက သူတို့နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ အထောက်အထား ဘယ်လိုမှ ရှာလို့မရတဲ့ အခါကျတော့ သူတို့ အိမ်အပေါ်မှာ သိမ်းဆည်းရမိတဲ့ ဓါတ်ပုံတွေ အပေါ်မှာ မူတည်ပြီးတော့ ဒီအမှုကို ဆင်ပြီးတော့ တရားစွဲထားတာ ဖြစ်တယ်။

တရားစွဲတဲ့အခါ ရဲနဲ့ရပ်ကွက်ကောင်စီ ရယက တွေက ဘာလုပ်လိုက်သလဲဆိုတော့ သူတို့ ဖမ်းမိတဲ့နေရာမှာ ဘာမှမတွေ့တာ မှန်တယ်။ အရင်သူတို့ လျှောက်သွားခဲ့တဲ့ တခြားနေရာဖြစ်တဲ့ တာမွေဝိုင်း တ၀ိုက်မှာ ရှိတဲ့ နေရာတွေမှာ သူတို့ကပ်ခဲ့တယ် ရှိတယ်လို့ ဆိုပြီးတော့ အဲဒီမှာ သူတို့ နှိပ်စက်ညှဉ်းပန်း ပြီးတော့ ဖြောင့်ချက်သဘောမျိုး အနေနဲ့ လက်မှတ် ထိုးခိုင်းထားတယ်လို့ ကျနော်တို့ သိရှိရတယ်။

ဒါကြောင့် ဥပဒေနဲ့အညီ အမှုစစ်ဆေးဖို့အတွက် မေတ္တာရပ်ခံစာ ရေးတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဦးမင်းလွင်ဦး ------- အမှုက ဆက်လက် စစ်ဆေးနေဆဲဘဲ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီအမှုမှာ တရားဥပဒေ အတိုင်း မှန်မှန်ကန်ကန် ဖြစ်ဖို့၊ ဒီအမှုမှာ ရှာဖွေ သက်သေတွေ၊ ရဲထွက်ချက်တွေကလည်း အများကြီး သံသယ ဖြစ်စရာ ဖြစ်တယ်။ ဒါကြောင့် တရားရုံးအနေနဲ့ တရားဥပဒေ ပြဌာန်းချက်တွေအတိုင်း မှန်မှန်ကန်ကန် စစ်ဆေး ဆုံးဖြတ်သွားဖို့ အတွက် ကျနော်တို့က အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်တယ်။

လူငယ်တွေကို ဗုံးပေါက်မှုနဲ့ ဘယ်လိုမှ တရားစွဲလို့ မရတဲ့အတွက် အများပြည်သူ ထိန့်လန့်အောင် စွဲချက် တင်တယ်လို့လည်း ဦးမင်းလွင်ဦးက ရှင်းပြသွားပါတယ်ရှင်။

လူငယ် ၄ ဦးအား ဖမ်းဆီးလိုက်လိုက်ခြင်းနဲ့ စပ်လျဉ်းသော အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ပေးပို့သော အစီရင်ခံစာကို ဤအင်တာနက် စာမျက်နှာတွင် လေ့လာ ဖတ်ရှုနိုင်ပါတယ်။ http://www.ahrchk.net/ua/mainfile.php/2009/3243/

0 comments:

Post a Comment