
ALRC အဖွဲ့ဟာ ၎င်းကြေငြာချက်ကို အထောက်အထား အကိုးအကား အသေးစိတ် နဲ့အတူ လာမဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြ တောင်းဆိုရန် အတွက် ဖြစ်တယ်။ အခုလို ကြေငြာချက် ထုတ်ပြန်ရတာနဲ့ ပတ်သက်ပြီး RFA သတင်းဌာနမှ မေးမြန်းရာတွင် ALRC အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ အာဏာပိုင် အစိုးရတွေကနေပြီးတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်လက် ရှိနေတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံသားတွေရဲ့ အခြေခံမူလ အခွင့်အရေးတွေ အတိအကျ မခံစားရတာရယ်။ ပြဌာန်း ထားခြင်း မရှိတာရယ်။ နောက်ပြီးတော့ တရားစီရင်ရေး ဆိုင်ရာတွေမှာ ခိုင်မာတဲ့ အာမခံချက် မရှိတာရယ်ကြောင့် မြန်မာနိုင်ငံ အတွင်းမှာ အာဏာပိုင် အစိုးရ တရပ်ရပ်ကနေပြီးတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်လက် ရှိနေတယ် ဆိုတာကို လူ့အခွင့်အရေး ကောင်စီရဲ့ လာမဲ့ အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးဖို့ အတွက် ရည်ရွယ်ပြီး ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။”
ဂျီနီဘာမှာ ကျင်းပမည့် လူ့အခွင့်အရေး ကောင်စီကို တင်သွင်းသွားမဲ့ အသေးစိတ် အချက်အလက်နဲ့ ပတ်သက်ပြီး ဦးမင်းလွင်ဦးက RFA ကို အခုလို ဆက်ပြော ပါတယ်။
“နိုင်ငံတကာက နေပြီး စောင့်ကြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှု အသေးစိတ်ပါမှာ ဖြစ်တယ်။ နောက်ပြီး ကုလသမဂ္ဂ အကြီးအကဲ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို စာရေးတဲ့အတွက် နှစ်ရှည်ထောင်ဒဏ် ပေးခြင်းခံရတဲ့ ဒေါက်တာ တင်မင်းထွဋ်၊ ဦးညီပုတို့ရဲ့ အမှု အသေးစိတ်ကို သုံးသပ်ထားတဲ့ အချက်အလက်တွေ ပါမယ်။ ဥပဒေကို ဘယ်လို ချိုးဖေါက်ပြီးတော့ ဆုံးဖြတ် ထားတယ်။ နောက်ပြီးတော့ တရားခွင်မှာ သက်သေတွေ တင်ပြခွင့် မရှိအောင် ဘယ်လိုမျိုး ဖန်တီးခဲ့တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အသေးစိတ် ရေးသားထားတာ ဖြစ်တယ်။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အမှုမှာ ပြည်တွင်းဥပဒေ၊ ပြဌာန်းတဲ့ ဥပဒေကိုဘဲ ချိုးဖေါက်တဲ့ ကိစ္စရပ်တွေကို အာဏာပိုင်တွေက ကျူးလွန်တယ် ဆိုတာကို ကျနော်တို့ ထောက်ပြ ထားတဲ့ အတွက် တစုံတခုတော့ အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ်လို့ ကျနော်တို့ ထင်မြင် ယူဆပါတယ် ခင်ဗျား။”
အရင်ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အလားတူ တောင်းဆိုမှု တွေ ပြုလုပ်ခဲ့ပြီး ထိရောက်မှုတွေ ရှိခဲ့ကြောင်း ALRC ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းလွင်ဦးက RFA ကို ပြောဆိုပါတယ်။
(ALRC ရဲ့ ကြေငြာချက် အပြည့်အစုံကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။)http://www.ahrchk.net/statements/mainfile.php/2009statements/2201/
0 comments:
Post a Comment