
“နိုင်ငံတကာမှ စောင့်ကြည့် လေ့လာခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုလည်း ပါတယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဆီကို စာရေးတဲ့အတွက် နှစ်ရှည်ထောင်ဒဏ် ကျခံရတဲ့ ဒေါက်တာတင်မင်းထွဋ် နဲ့ ဦးညီပုတို့ အမှုပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး အဖွဲ့မှ ဦးမြင့်အေးတို့ အမှုပါတယ်။ နောက်ဆုံး တခုကတော့ ဒေါ်အောင်ဆန်း စုကြည် အမှု စစ်ဆေး နေစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် လိုက်လံ ဆောင်ရွက်ခဲ့တဲ့ လူငယ်တွေကို ဖမ်းဆီးထားတဲ့ ကိစ္စရပ်တွေ၊ အမှု အခြေအနေတွေ၊ ဥပဒေ သုံးသပ်ချက်တွေ၊ ဒါတွေအားလုံး အသေးစိတ်ကို တင်ပြပြီးတော့ ပြောဆိုမှာဖြစ်တယ်။”
အခု ALRC အဖွဲ့က တင်ပြတာတွေကို လူ့အခွင့်အရေးကောင်စီ အဖွဲ့က လက်ခံမယ်ဆိုရင် စစ်အစိုးရကို တိုက်ရိုက် ဖိအားပေးမယ် ဆိုတာမျိုးကို လုပ်လာမယ်လို့ သူကပြောလာတယ်။ မြန်မာနိုင်ငံဟာ အရင် ကတည်းကလည်း လူ့အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖေါက် ခံနေရတယ်။ အာဏာပိုင်တွေ ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတယ် ဆိုပြီးတော့ လူ့အခွင့်အရေး ညီလာခံကြီးမှာ ယခင် နှစ်တွေကလည်း တင်ပြခဲ့ကြပါတယ်။ ဒီ တင်ပြချက်တွေကို လူ့အခွင့်အရေး အဖွဲ့တွေက လက်ခံခဲ့ပြီးတော့ မြန်မာစစ်အစိုးရကို တိုက်ရိုက် ဖိအားပေး ခဲ့တာတွေလည်း ရှိတယ်လို့ ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။
“မြန်မာ နိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေ၊ နောက်ပြီးတော့ ILO ကို တိုင်တန်းခဲ့တဲ့ ကိစ္စရပ်တွေ ဒီဥစ္စာတွေကတော့ သက်ဆိုင်ရာ အစိုးရအနေနဲ့ ဆိုးဆိုးရွားရွား မှားယွင်းနေတယ်။ ဒါတွေကို ပြင်ဖို့သင့်တယ် ဆိုပြီးတော့ ဖိအားပေး ပြောဆိုတာတွေ ရှိတယ်။ လူ့အခွင့်အရေး ကောင်စီရယ်၊ နောက်ပြီးတော့ ILO ရဲ့ ဖိအားပေးမှုကြောင့် မစုစုနွေး ပထမဦးဆုံး အကြိမ် ဖြစ်တဲ့အမှုမှာ အစိုးရ ဘက်ကနေ လျော့သွားတာရှိတယ်။ နောက်ပြီးတော့ ဦးသိန်းဇံရဲ့ အမှုမှာ အမှု စစ်ဆေးစီရင်တဲ့ အတွင်းမှာဘဲ တ၀က်နဲ့ လျှော့ပေးတာတွေ တွေ့ရတယ်။ နောက်တခါ လယ်သမကြီး ဒေါ်ခင်ဝင်း အမှုမှာလည်း ဒီလိုဘဲ စစ်ဆေး ပြစ်ဒဏ်ပေးပြီးတော့ မကြာခင်မှာဘဲ ပြန်လွှတ်လိုက်တာ ရှိတယ်။ အချို့ဟာတွေ ကျတော့ စစ်ဆေးစီရင်နေတဲ့ အမှုမှာ သူတို့ဘက်ကနေ ရုပ်သိမ်းသွားတယ် ဆိုတာကို ကျနော်တို့ သိရတယ်။ ILO အမှုမှာလည်း ထိုနည်းတူစွာဘဲ ဖြစ်တယ်။”
ဒီ တရားစီရင်ရေးစနစ် အကြောင်း ပျက်နေတာကို တင်ပြနေတာက မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးနေကြတဲ့ အချိန်တဲ့ မြန်မာ စစ်ခေါင်းဆောင်တွေ ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုဖို့ ကြိုးပမ်းချက်တွေမှာပါ အကြုံးဝင်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
“ဒီဟာတွေက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီပြီးလို့ရှိရင် နောက်ပိုင်းတွေမှာ အထွေထွေညီလာခံ၊ နောက်ပိုင်းမှာ လုံခြုံရေးကောင်စီ၊ အဲဒီလို ဆက်တိုက် သွားတဲ့အခါမှာ ကျနော်တို့ လူ့အခွင့်အရေး ကောင်စီမှ တင်သွင်းလိုက်တဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ သုံးသပ်ချက်၊ နောက်ပြီးအားလုံးဟာ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ စတာတွေကို တဆင့်ပြီးတဆင့် ရောက်သွားကြတာဘဲ ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ အမှုစုဆောင်းထားတဲ့ သတင်း အချက်အလက်တွေက တကြိမ်တခါမှာ နိုင်ငံတကာ ခုံရုံးကို တင်နိုင်မယ်ဆိုရင် ဒါက အထောက်အထား၊ အကိုးအကား ပြုရမဲ့ အချက်အလက်တွေ ဖြစ်တယ်။”
ALRC အဖွဲ့က ဦးမင်းလွင်ဦး ပြောပြခဲ့ပါတယ်ရှင်။ အခုလာမဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပမဲ့ လူ့အခွင့်အရေး ညီလာခံကြီး အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရားစီရင်ရေး ပြဿနာသာမက နိုင်ငံရေး အကျဉ်းသား အခွင့်အရေး ချိုးဖေါက် ခံရမှုတွေ၊ ကလေးစစ်သား ပြဿနာတွေအပြင် တိုင်းရင်းသား တွေအပေါ်မှာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်ရပ်တွေနဲ့အတူ အဓမ္မ လုပ်အားပေး စေခိုင်းရာ အလုပ်သမား ပြဿနာ တွေကိုလည်း သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေက တင်ပြကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
0 comments:
Post a Comment