Sunday, August 30, 2009

Filled Under:

ICG မှ ထုတ်ဝေသည့် န အ ဖ ၂၀၁၀ ရွေးကောက်ပွဲ အစီရင်ခံစာအပေါ် သုံးသပ်ချက်

RFA ----- 29/ 8/ 2009

သောတရှင်များ ခင်ဗျား။ International Crisis Group (ICG) လို့ ခေါ်တဲ့ ကမ္ဘာနဲ့တ၀ှမ်း အခက်အခဲ အကြပ်အတည်း တွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွရဲ့ အခြေအနေတွေကို လေ့လာသုံးသပ် တင်ပြနေတဲ့ အဖွဲ့ကြီးက ပြီးခဲ့တဲ့ ရက်သတ္တပါတ် အတွင်း Myanmar toward election ရွေးကောက်ပွဲကို ဦးတည်နေတဲ့ မြန်မာနိုင်ငံ ဆိုပြီး အစီရင်ခံစာ တစောင် ထုတ်ဝေလိုက်ပါတယ်။ ကမ္ဘာတ၀ှမ်းလုံးက နိုင်ငံရေး သြဇာသက္ကမ ကြီးမားလှတဲ့ နိုင်ငံခေါင်းဆောင် ဟောင်းတွေ၊ ဂေါပကအဖြစ် ဆောင်ရွက်နေတဲ့ ICG အဖွဲ့ကြီးရဲ့ အစီရင်ခံစာဟာ လေးနက်ပြီး ထိရောက်တဲ့ သုံးသပ်ချက်တွေ ပါဝင်လို့ ကမ္ဘာ့နိုင်ငံရေး အကဲခတ်တွေ ဂရုပြု လေ့လာလေ့ရှိတဲ့ အစီရင်ခံစာဘဲ ဖြစ်ပါတယ်။

ICG အဖွဲ့ကြီးက ရွေးကောက်ပွဲ ဖြစ်ခဲ့ရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာ တနည်းအားဖြင့် နိုင်ငံရေး အခင်းအကျင်း အားဖြင့် အခြေအနေ ၃ ရပ်ကို ဖေါ်ပြရာမှာ (၁) ဘာမှ မထူးခြားတဲ့ ထူးမခြားနား အခြေအနေ၊ (၂) တပြည်းပြည်း အသွင်ပြောင်းလဲလာမှု အခြေအနေ၊(၃) ရုံ့ရင်းဆန်ခတ် အခြေအနေနဲ့ အကြပ်အတည်း ဖြစ်မှုဆိုပြီး တင်ပြခဲ့ပါတယ်။ ICG အဖွဲ့ကြီးက နံပါတ် (၂) အခြေအနေဖြစ်တဲ့ တပြည်းပြည်း အသွင်ပြောင်းလဲမှုဟာ မြန်မာနိုင်ငံ အတွက် အကောင်းဆုံး မျှော်လင့်ချက်ဘဲ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ICG ရဲ့ အစီရင်ခံစာ အဆုံးမှာတော့ တိုက်တွန်း အကြံပြုချက်တွေကို ဖေါ်ပြရာမှာ အာဆီယံအဖွဲ့၊ အနောက်နိုင်ငံ အုပ်စုဝင် နိုင်ငံများ၊ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ကို တိုက်တွန်း နှိုးဆော်ချက်တွေ ပါဝင်နေသလို စစ်အစိုးရကို ဆန့်ကျင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကိုလည်း ရွေးကောက်ပွဲမှာ ပါဝင်ဖို့ တိုက်တွန်း နှိုးဆော်ထား ခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ လုံးလုံ စစ်အစိုးရရဲ့ ပကတိ အခြေအနေနဲ့ လက်တွေ့ ကြုံတွေ့နေရတဲ့ မြန်မာ့ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့ ICG ရဲ့ အဆိုပြုချက်တွေကို လက်သင့် ခံနိုင်ပါ့မှာလား ခင်ဗျား။

ဦးထွန်းအောင်ကျော် ------ “ICG ရဲ့ ရွေးကောက်ပွဲ ၀င်ပြီးတော့ တဖြည်းဖြည်း ပြောင်းလဲသွားမဲ့ အယူအဆကို ကျနော့အနေနဲ့ မယုံကြည်ဘူး။ ဒီအယူအဆဟာ အနောက်နိုင်ငံ ပညာတတ်တွေရဲ့ စိတ်ကူးယဉ် ယူဆချက်သာ ဖြစ်တယ်။ လက်တွေ့မှာ ကျနော်တို့ အနေနဲ့ ဒီကိစ္စကို ၁ အချက် လက်မခံနိုင်ဘူး။ ၂ အချက်က ကျနော်တို့ အနေနဲ့ ၁၉၉၀ လို ပြည်သူတွေက မဲပေးဦးတော့ မဲကိုလိမ်ဖို့၊ မနိုင်၊ နိုင်အောင်လုပ်ဖို့ သူတို့က အစီအစဉ် ချထားပြီးသား ဖြစ်တယ်။ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့နဲ့ ခြိမ်းခြောက်ထားတဲ့ အခြေအနေမျိုးမှာ နိုင်ငံရေးအရ အကြည်အညိုခံ နေရတဲ့ ခေါင်းဆောင်တွေကို ထောင်ထဲမှာ ထည့်ပြီးတော့ လုပ်မဲ့ ရွေးကောက်ပွဲကို ကျနော်တို့က ၀င်မယ်ဆိုရင် ရန်သူ့ထောင်ချောက် ထဲကို ကျနော်တို့ ကျသွားသလိုဘဲ။ No Campaign မှာ ကျနော်တို့ ပြပြီးပြီ။ ၉၀ ရာခိုင်နှုန်း သူတို့ နိုင်တယ်လို့ဆိုပြီး ကြေငြာခဲ့တယ်။ ၉၀ ရာခိုင်နှုန်းဟာ လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေ။ ဒါပေမဲ့ သူတို့လိမ်ခဲ့တယ်။ အဲဒီလိုဘဲ ၂၀၁၀ မှာလည်း ဆက်လိမ်မှာဘဲ။”

အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူအဖြစ် ABSDF လို့ခေါ်တဲ့ ကျောင်းသား တပ်မတော်ရဲ့ ပထမဆုံး ဥက္ကဌဖြစ်တဲ့ ဦးထွန်းအောင်ကျော်ရဲ့ သုံးသပ်ချက်ပါ။ ပြောရမယ်ဆိုရင် မြန်မာ စစ်အစိုးရဟာ ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ လမ်းပြမြေပုံခေါ် ရှေ့နိုင်ငံရေး လမ်းစဉ် (၇) ရပ်နဲ့ ဦးဆောင် နေပါတယ်လို့ ဘယ်လိုဘဲပြောပြော ဒီမိုကရေစီ စနစ်အတွက် အခြေခံ အလိုအပ်ဆုံး အနှစ်သာရ တွေကိုတော့ အကောင်အထည် ဖေါ်ခြင်းမရှိပါဘူး။

ဦးထွန်းအောင်ကျော် ------ “ဒီမိုကရေစီ စနစ်ကို ပေးမယ်ဆိုရင် ဒီမိုကရေစီ စနစ်ရဲ့ လိုအပ်တဲ့ ပတ်ဝန်းကျင် ဖန်တီးမှု ရှိရမယ်။ ဒါပေမဲ့ အခုစစ်အစိုးရက ဒီမိုကရေစီ စနစ်ကို ပေးမဲ့ပတ်ဝန်းကျင်ကို ဖန်တီးထားတာ မရှိဘူး။ အဲဒီ ပတ်ဝန်းကျင်က ဘာလဲဆိုတော့ Civil Society လို့ခေါ်တဲ့ လွတ်လပ်တဲ့ လူမှု အဖွဲ့အစည်းတွေ၊ လူ့ဘောင် အဖွဲ့အစည်းတွေ မရှိဘူး။ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ စတာတွေ မရှိဘူး။ ဘာသာရေး ဆုတောင်းပွဲ တွေကိုတောင် လိုက်ပိတ်ထားတဲ့ အခြေအနေမှာ ဒီမိုကရေစီ စနစ်ကို ပေးမယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံဖြစ်တဲ့ လွတ်လပ်ခွင့်တွေ မရှိဘဲနစ် ဒီစနစ်ကို ကျနော်တို့ မတည်ထောင်နိုင်ဘူး။ မတည်ထောင်နိုင်ဘဲနဲ့ လုပ်မဲ့ ရွေးကောက်ပွဲကို မယုံကြည်နိုင်ဘူး။”

အချို့ ပြည်တွင်း ပြည်ပ နိုင်ငံရေး အကဲခတ်တွေ၊ နိုင်ငံရေး သုံးသပ်သူတွေ၊ ပညာရှင်တွေ၊ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေရဲ့ အယူအဆကတော့ တမျိုးပါ။ သူတို့ရဲ့ အဆိုအရ ဘာမှ မရတဲ့ သုည အခြေအနေနဲ့စာရင် တစ်ကျပ်ဘဲရရ၊ တပြားဘဲရရ၊ ရတာဟာ အမြတ်ဘဲလို့ ဆိုတဲ့အကြောင်း ရွေးကောက်ပွဲ ၀င်သင့်တယ်လို့ ဆိုကြပြန်ပါတယ်။

ဒါဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေက လက်ရှိအနေနဲ့ သုညလို့ သဘောထားပြီး ရွေးကောက်ပွဲ ၀င်ပြီးရင် အခြေအနေဟာ တစုံတခု ထူးခြားလာမှာလားလို့ ဆန်းစစ် နေကြတာပါ။ နမူနာအဖြစ် တရားစီရင်ရေး စနစ်ကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ဟာ Judicial Independence လို့ခေါ်တဲ့ လွတ်လပ်တဲ့ တရားစီရင်မှု၊ အနှောင်အဖွဲ့ လွတ်ကင်းတဲ့ တရားစီရင်မှုဆိုမှု ဘာမှ မရှိဘူးဆိုတာ ပြီးခဲ့တဲ့ ရက်သတ္တ ပါတ်အတွင်း တွေ့မြင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုက သက်သေခံ နေပါတယ်။ ရွေးကောက်ပွဲအပြီး ဖြစ်လာနိုင်မဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို လေ့လာ ကြည့်ရအောင်ပါ။

နိုင်ငံတနိုင်ငံရဲ့ တရာစီရင်ရေး စနစ်ရဲ့ အချုပ်ဟာ နိုင်ငံတော်ရဲ့ တရားသူကြီးချုပ်ဘဲ ဖြစ်ပါတယ်။ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်က ဒီမိုကရေစီ နိုင်ငံတွေမှာရှိတဲ့ တရားသူကြီးတွေရဲ့ အခန်းကဏ္ဍကို အခုလိုရှင်းပြပါတယ်။

ဦးမင်းလွင်ဦး ------ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတော်တော်များများ တွေမှာ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာကို ကင်းကင်းရှင်းရှင်းနဲ့ သီးသန့်စီထားတာကို တွေ့ရတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အမေရိကန်နိုင်ငံ ဆိုလို့ရှိရင် ဥပဒေပြုအာဏာမှ ဥပဒေပြုထားတဲ့အတိုင်း သမတက စီမံအုပ်ချုပ်ရတာ ဖြစ်တယ်။ သမတရဲ့ စီမံအုပ်ချုပ်မှု တွေက ဥပဒေနဲ့ မညီဘူး၊ လွဲမှားနေတယ်ဆိုရင် နောက်ဆုံး သမတ ကိုယ်တိုင်က တရားသူကြီးချုပ်ရဲ့ အဆုံးအဖြတ်ကို ခံယူရတာ ဖြစ်တယ်။ ဒါကြောင့်လည်း အဲဒီနိုင်ငံတွေမှာ တရားသူကြီးချူပ် ရွေးချယ်တဲ့အခါမှာ လွန်စွာမှဘဲ သတိကြီးစွာ ထားတယ်။ အမှားအယွင်း မခံဘဲ ရွေးချယ်တယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

နိုင်ငံတော် တရားသူကြီးကို ရွေးချယ်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်ကို ကြည့်မယ်ဆိုရင် ပြည်သူ့ လွှတ်တော် ကနေပြီးတော့ ငြင်းပယ်ပိုင်ခွင့်မရှိရ အချက်မျိုး သူ့မှာ ထည့်သွင်း ထားတာကို တွေ့ရပါတယ်။ ဒါဟာ သဘာဝ ကျတဲ့အချက် ဟုတ်ပါ့မှာလား ခင်ဗျား။

ဦးမင်းလွင်ဦး ------ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ရွေးချယ်တဲ့အခါမှာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ရှိတယ်။ အဲတော့ အဲဒီအထဲမှာ ယနေ့ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်းတာ တရားသူကြီးချုပ်ကို ရွေးချယ်မယ်ဆိုရင် ယခု တရားစီရင်ရေးစနစ်နဲ့ ဘာမှမထူးတဲ့ အခြေအနေကို ရောက်မယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ ဘာကြောင့်လည်း ဆိုတော့ နိုင်ငံတော် သမတ ကနေပြီးတော့ အထက်အပိုဒ် (၁)၊ (၂) မှာ ပါတဲ့အတိုင်း ဆိုလို့ရှိရင် ယခုလက်ရှိ ပြည်နယ်နဲ့တိုင်း တရားသူကြီးတွေဘဲ ဖြစ်ဖြစ်၊ ပြည်နယ်နဲ့တိုင်း ရုံးတွေမှာ ထမ်းဆောင်နေတဲ့ ဥပဒေ ၀န်ထမ်းကိုဘဲ ဖြစ်ဖြစ် သူကနေ ရွေးချယ်ဖို့အတွက် အမည်စာရင်း သွင်းတယ်ဆိုလို့ရှိရင် ကျန်တဲ့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေက နေပြီးတော့ အချက်အလက် အထောက်အထား ခိုင်ခိုင်မာမာ မပြနိုင်ဘူးဆိုရင် ငြင်းပယ်ခြင်း မပြုနိုင်ဘဲ လက်ခံရမဲ့ အခြေအနေ ဖြစ်တယ်။

ဒါကြောင့် ယနေ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရလည်း ကန့်သတ် ရွေးချယ်ထားတဲ့လူ၊ နောက်ပြီးတော့ စစ်တပ်အလိုကျ ရွေးချယ် တင်မြှောက် ထားတဲ့ လူတွေ ဖြစ်တဲ့အတွက် တရားစီရင်စနစ်ဟာ ယခုတရားစီရင်ရေး စနစ်နဲ့ ဘာမှမထူးတော့ဘဲ ယခင်လိုဘဲ ပြန်ဖြစ်သွားမဲ့ သဘောမျိုး တွေ့ရပါတယ် ခင်ဗျား။

ဦးမင်းလွင်ဦး ပြောပြခဲ့တာပါ။ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီတော့ ICG ရဲ့ သုံးသပ်ချက်အပေါ် ဆွေးနွေး တင်ပြခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment