Thursday, August 27, 2009

Filled Under:

အမှားမြင်ရင် အမှားပြင်ဖို့လည်း ၀န်မလေးပါနဲ့

မျိုးမြတ်မွန်
သြဂုတ်လ ၂၇ရက်၊ ၂၀၀၉ ခုနှစ်

ခုလအတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆိုင်းငံ့ အပြစ်ဒဏ်အဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ၊ စီရင်ချက် ချပြီးနောက် ပြည်တွင်းပြည်ပမှ ဝေဖန်ရှုံ့သံနဲ့အတူ ၎င်းသတင်းနဲ့ပတ်သက်ပြီး စစ်အစိုးရပိုင် ‘ကြေးမုံ’ သတင်းစာတွင် ဝေေ၀ဆာဆာ ဖတ်ရှုရပါတယ်။

သတင်းစာပါ ဆောင်းပါးများတွင်
အမှား အားနည်းချက်များ ထောက်ပြထားတာကို ဖတ်ရှုရတဲ့အတွက် ပြန်လည် သုံးသပ်ခွင့်ရပြီး၊ အားနည်းသော အမှားများမှ- အားသာချက်အမှန်ဆီသို့ ဦးတည် အကောင်အထည် ဖေါ်လိုသူတို့အတွက် များစွာ အထောက်အကူ ပြုပါတယ်။ သို့သော်လည်း သတင်းစာပါ အမြင်သဘောထား အတိုင်း ဆောင်းပါးရှင်များ အနေနဲ့ အကောင်အထည်ဖေါ် ကြိုးပမ်းခဲ့ဖူးပါသလား။ အာဏာရှိ အစိုးရကိုရော အကြံပြုခဲ့ဖူးပါသလား။ အာဏာရ အစိုးရအနေနဲ့လည်း အမှန်ကတယ် အကောင်အထည် ဖေါ်ခဲ့ပါသလား၊ အကောင်အထည် ဖေါ်နေဆဲ လား၊ အကောင်အထည် ဖေါ်သွားပါမည်လား စတဲ့အခြေခံ အချက်များအပေါ် လေ့လာဆန်းစစ်ဖို့ လိုလာပြီဟု ယူဆပါတယ်။

နိုင်ငံတကာမှ မြန်မာစစ်အစိုးရအား စီးပွားရေး ပိတ်ဆို့မှုကို ရည်ညွှန်းထားသည့် ၂၀ - ၈ -၂၀၀၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ - ကိုမြန်မာ ရေးသားသော ‘ပိတ်လေ-ဝေးလေ၊ ထိခိုက်လေမို့ ရွှေတံခါးကြီး ဖွင့်ကြစို့’ ဆောင်းပါးတွင် “ပိတ်ဆို့မှုတွေက ဒီမိုကရေစီကို အထောက်အကူပြုသလား။ ပိတ်ဆို့မှုတွေကြောင့် ပြည်သူလူထုမှာ ဒီမိုကရေစီ အသိအမြင် အတွေးအခေါ် ခံယူချက်တွေ ပြည့်ဝ မှာလား။” ဟူ၍ မေးခွန်းထုတ်ထားသည်ကို တွေ့လိုက်ရတယ်။ မေးသင့် မေးထိုက်သော မေးခွန်းများဖြစ်တယ်။ ထိုသို့သော မေးခွန်းများ မေးမြန်းထား တာကိုလည်း ထောက်ခံပါတယ်။ သို့သော်လည်း ဆောင်းပါးရှင်များ မဖေါ်ပြသော မြန်မာနိုင်ငံ၏ ပိတ်ဆို့မှုချို့ကို ထောက်ပြလိုပါတယ်။

မြန်မာနိုင်ငံ အင်တာနက်ဆိုင်များတွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသည့် ပြည်သူများအား အသိပညာ၊ အတတ်ပညာ ရှာဖွေနိုင်သည့် ၀က်ဆိုဒ် (အင်တာ နက် စာမျက်နှာများ) ပိတ်ပင်ထားသည်ကို တွေ့ရသည်။ နိုင်ငံသား ပြည်သူတို့ နားမျက်စိ ပွင့်စေသည့် သတင်းစာ၊ ဂျာနယ်အချို့ အပိတ်ခံရသည့်အပြင် သတင်းစာ၊ ဂျာနယ်တွင် တာဝန်ထမ်းဆောင်သော ပုဂ္ဂိုလ်များ အပြစ်ဒဏ် ခံရသည်လည်း ရှိသည်။ ထင်ရှားသော သာဓကများကို ဖေါ်ပြရမယ်ဆိုရင် Ecovision Journal သတင်းထောက် မအိခိုင်ဦးအား ထောင်ဒဏ်နှစ်နှစ် နှင့် Weekly Eleven Journal မှ ၀ါရင့်အယ်ဒီတာ ကိုကျော်ကျော်သန့်တို့အား ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခဲ့သည်ကို ကြားခဲ့ရပါတယ်။

ဤကဲ့သို့ ပြည်သူလူထုအား အကျိုးပြုစေတဲ့ ၀က်ဆိုဒ် စာမျက်နှာများ ပိတ်ပင် ထားပြီး ပြည်သူလူထုအား မျက်စိဖွင့်ပေးသော သတင်းထောက်၊ စာရေးဆရာများ ဖမ်းဆီး အပြစ်ပေးနေခြင်းသည် တနည်းအားဖြင့် ပိတ်ဆို့မှု တရပ်မဟုတ်လော။ အခြားထင်ရှားသည့် ဖြစ်ရပ်တခုကို ဖေါ်ပြရလျှင် - ဒေါ်အောင်ဆန်းစုကြည်အား ပြင်ပ သတင်းစာ၊ ဂျာနယ်များ ဖတ်ရှုခွင့်မရှိ၊ ပြင်ပ ရေဒီယိုနားထောင်ခွင့်မရှိ စသည့်ကန့်သတ် တားဆီးမှုများသည် ပိတ်ဆို့မှု မဟုတ်ပါသလား။ ထိုကဲ့သို့ ပြုမူခြင်းကို ဆောင်းပါးရှင်များမှ ပိတ်ဆို့မှုလို့ မမြင်သည်မှာ မယုံနိုင်စရာ ဖြစ်သည်။

တားမြစ် ကန့်သတ်ချက်များသည် ပိတ်ပင်မှု မည်၏။ နိုင်ငံအတွင်း ပိတ်ဆို့မှု မည်၏။ နိုင်ငံအတွင်းပိတ်ဆို့မှုသည် အနီးကပ် ပိတ်ဆို့မှု ဖြစ်၏။ နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့မှုသည် အဝေးမှ ပိတ်ဆို့ခြင်း ဖြစ်၏။ တူညီတဲ့ ပြင်းအားနဲ့ ရိုက်ချက်ချင်း တူသော်လည်း အနီးကပ် ခံရသူကို ပိုပြီးအထိနာမယ် ဆိုတာ ဆောင်းပါးရှင်များကိုယ်တိုင် ခံစားဖူးမယ် ထင်ပါတယ်။ ဤသဘောတရားနဲ့ အလားတူ ပြည်သူလူထုမှာ အဝေးမှ ပိတ်ဆို့နေသော နိုင်ငံတကာ ဖိအားထက် အနီးမှ ပိတ်ပင်နေသော အစိုးရ ပိတ်ဆို့မှုက ပြည်သူတွေ ပိုပြီးအထိနာ နေမည်မှာ အထင်အရှားဖြစ်ပါသည်။

ဆောင်းပါရှင် ဖေါ်ပြထားသော - ‘နားလည်ခံယူနိုင်ခြင်း မရှိပဲ “လူညီရင် ဤ ကို ကျွဲ ဖတ်လို့ရတယ်” ဆိုတာလောက်ပဲ သဘောပေါက်နေကြမယ်ဆိုရင် လူအုပ်စု အားကိုးပြီး အနိုင်ကျင့်တဲ့ မင်းမဲ့စရိုက်ဆီကို ဦးတည်သွားနိုင်တာမို့ ပိုပြီး အန္တရာယ် ကြီးပါတယ်။” လို့ ထောက်ပြထားတာလည်း လုံးဝမှန်ပါတယ်။ ဒီဝေါဟာရနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ အခြေခံ သဘောတရားကို လေ့လာသော် - နိုင်ငံ တနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ဖို့ဆိုရင် လွတ်လပ်စွာ စည်းရုံးနိုင်ခွင့်၊ လှုံ့ဆော်ခွင့်၊ ပြိုင်ဆိုင်ခွင့်တွေ ပေးထားဖို့။ အပြန်အလှန် အပေးအယူညှိနှိုင်းမှု Compromise နဲ့ ပြည်သူလူထု၏ အခြေခံ လွတ်လပ်ခွင့်ဖြစ်တဲ့ ပြောဆိုခွင့်၊ ရေးသားဖေါ်ထုတ်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ စုဝေးခွင့် စသည်တို့ ရှိရမယ်လို့ ဆိုထားပါတယ်။

ကျန်ုပ်တို့ နိုငံမှာ ဒီအခွင့်အရေးတွေ ပေးထားတာ ရှိသလား။ လောင်စာဆီဈေးနှုန်း တက်နေသည်ကို လျှော့ပေးဖို့ တောင်းဆို ဆန္ဒပြထုတ်ဖေါ်သူ ကိုထင်ကျော်ကို အပြစ်ပေးတာမျိုး၊ ၈၈ မျိုးဆက်ကျောင်းသားများ လူစုလူဝေနဲ့ စည်းရုံးလှုပ်ရှား သူကို ထောင်ထဲသွင်းသလို၊ ဒီအခြေအနေတွင် တကယ်ပင် လွတ်လပ်စွာ စည်းရုံး ခွင့် ရှိတယ်လို့ ဆိုနိုပါသလား။ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကိုလည်း နားမ ထောင်၊ ပြည်တွင် အတိုက်အခံအုပ်စု မေတ္တာရပ်ခံချက်များကိုလည်း စရုမစိုက် စိတ်ထင်သည့်အတိုင်း လုပ်နေတာမျိုးကို စစ်တပ်အားကိုးပြီး ပြည်သူ တွေကို အနိုင်ကျင့်ရာ မကျဘူးလား။ ထိုလုပ်ရပ်တွေဟာ လူအုပ်စု အားပြီး အနိုင်ကျင့်မှုလို့ ယုံကြည်ပါတယ်။

၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါ - ငါးမင်းဆွေ ရေးသော ‘ခွင့်လွှတ်ခြင်းနဲ့ မျှော်လင့်နေပါသည်’ ဆောင်းပါးတွင် “ကျန်ုပ်တို့သည် လွတ်လပ်ရေးကို ရလျှင် လွတ်လပ်ရေးနှင့် ထိုက်တန်သော လူမျိုးဖြစ်ရန် လိုပါသည်။” စကားကို သုံးသပ် ရလျှင် ကျန်ုပ်တို့ နိုင်ငံသားပြည်သူတို့သည် လွတ်လပ်ရေးနှင့် ထိုက်တန်သော လူမျိုး တမျိုးအဖြစ် နေထိုင်လိုသော ဆန္ဒအပြည့်အ၀ ရှိပါတယ်။ သို့ဖြစ်၍ အကဓိ လိုက်စားသော မ ဆ လ တပါတီ အာဏာရှင်ကို ၁၉၈၈ ခုနှစ်တွင် ကျောင်းသားနှင့် ပြည်သူတို့ ဖယ်ရှားခဲ့တယ်။ ၎င်းထက် ပိုမိုရက်စက်သော န အ ဖ အစိုးရကိုလည်း ရဟန်းသံဃာများနှင့် ပြည်သူတို့ ပူးပေါင်းပြီး ၁၉၉၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဖယ်ရှားရန် ကြိုးစားခဲ့သေးသည်။ သို့သော် ၎င်းလှုပ်ရှားမှု ခရီးမရောက်ခဲ့၍ နိုင်ငံသားပြည်သူများ ကြိတ်မှိတ်ခံနေရသည်။

စင်စစ်မှန်မူ နိုင်ငံတနိုင်ငံ၏ အကောင်းအဆိုး ကံကြမ္မာသည် အာဏာရ အုပ်ချုပ်သူ အစိုးရတွင် အဓိက တာဝန်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ လုပ်ပိုင်ခွင့် အာဏာရှိသည်။ လုပ်ပိုင်ခွင့် အာဏာရှိသူတွေက အကျိုးဘက်ကို မလိုလားဘဲ အဆိုးဘက်ကိုသာ ဦးတည်လုပ်ဆောင်ခဲ့ခြင်းကြောင့် လွတ်လပ်ရေး ရသော်ငြားလည်း လွတ်လပ်ရေးနဲ့ မထိုက်တန်တော့ဘဲ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့ပြီး နိုင်ငံသားပြည်သူများ လွတ်လပ်ရေး အသီးအပွင့် မခံစားရသည်မှာ လက်တွေ့ကြုံခဲ့ရပြီ ဖြစ်ပါသည်။

‘ခိုင်မာသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်မရှိဘဲ အာဏာလွှဲပေးပါက နိုင်ငံတော်တွင် ထိန်းမနိုင်၊ သိမ်းမနိုင် အခြေအနေများ ပေါ်ပေါက်လာနိုင်’ ဆိုသော ထောက်ပြထားခြင်းအပေါ် အနည်းငယ် အကြံပြုလိုပါသည်။ ဖွဲ့စည်းပုံ ရေးဆွဲစဉ် ဖွဲ့စည်းပုံနဲ့ ပတ်သက်၍ ညီလာခံကိုယ်စားလှယ်များ အကြံပေးခဲ့တာကို လက်ခံခဲ့သော အနေအထားရှိပါသလား။ ကိုယ်စားလှယ်များ၏ အကြံပေးချက်ကို လက်မခံဘဲ မိမိဖြစ်လိုတဲ့ ပုံစံအတိုင်းတာ ရေးဆွဲသော ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကန့်သတ်မှု အမျိုးမျိုးနဲ့ ပြည်သူတွေကို ဒုက္ခပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်နေရင် ၎င်း ဖွဲ့စည်ပုံဟာ ဘယ်လိုပင် ခိုင်မာသည် ဆိုစေဦးတော့ လက်ခံလို့ ရမှာမဟုတ်ပါဘူး။ အဘယ်ကြောင့်ဆိုသော် နိုင်ထက်စီးနင်းမှုနဲ့ အုပ်ချုပ်တဲ့ ဖွဲ့စည်းပုံ ဖြစ်နေလို့ဘဲ ဖြစ်တယ်။ နိုင်ထက်စီးနင်း အုပ်ချုပ်မှုသည် နိုင်ငံသား ပြည်သူတို့အား ဘေးဒုက္ခ ဖြစ်စေခြင်းကြောင့် ဖြစ်သည်။

မောင်နွယ်စစ် - ရေးသားသော ၁၆/ ဂ /၀၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှ ‘နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရတာဖြစ်တယ်’ ဆောင်းပါးတွင် “ပြည်သူကကြိုက်ရင်၊ သူတို့က မှန်နေရင်၊ ပြည်သူ့အကျိုးကို တကယ်ရှေးရှုရင် သူတို့အာဏာရဖို့ ဖြစ်နိုင်ခြေ ရှိသွားပြီလေ။ ရွေးကောက်ပွဲတွင် ပြည်သူတို့က သူတို့ကို မဲဆန္ဒ ပုံအောပြီး ရွေးကောက် တင်မြှောက်တော့မှာပေါ့” ဆိုသည့် အမြင်သည် လုံးဝမှန်ပါသည်။ သို့ဖြစ်၍ ဒီအမြင် အပေါ် အကြွင်းမဲ့ ထောက်ခံ ပါတယ်။ သို့သော် တကယ့်ဖြစ်ရပ်မှာ ထိုကဲ့သို့မဟုတ်ပါ။ ပြည်သူ့အကျိုးကို ရှေ့ရှု၍၊ ပြည်သူကကြိုက်၍ ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူတွေက ‘အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်’ ကို မဲဆန္ဒ ပုံအောပြီး ရွေးကောက် တင်မြှောက်ခဲ့ပါတယ်။ သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အာဏာရဖို့ အလားအလာ ကောင်းတွေလည်း ရှိခဲ့ပါတယ်။ သို့သော် လက်နက်မဲ့ မင်းသားအနေနဲ့ လက်နက်အားကိုး လူကြမ်း၏ ဓါးဒဏ်ရာ၊ သေနတ်ဒဏ်ရာ ခံရသည်မှာ အရှုံးလို့ မဆိုနိုင်ပေ။ အဆုံးသတ်ပွဲကို စောင့်ကြည့်ရမည် ဖြစ်သည်။

ဆောင်းပါးတွင် ဖေါ်ပြထားသော ဖြစ်နိုင်ခြေရှိတဲ့ အနေအထားကနေ လုပ်ဆောင်ဖို့ကိုလည်း သဘော်တူလက်ခံပါတယ်။ သို့သော် တပါးသူတို့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အမြင်ကို လက်မခံ လျှစ်လျူရှိပြီး မိမိဖြစ်လိုတဲ့ ဖြစ်နိုင်ခြေကိုသာ အကောင်အထည်ဖေါ်ခဲ့လို့ ၂၆ နှစ်ကာလ ဗိုလ်ပ်နေ၀င်း အုပ်ချုပ်ခဲ့တဲ့ မ ဆ လ ရဲ့ တပါတီအမြင်၊ စစ်တပ် တ၀က်တပျက် ပုံစံ ၏ ဖြစ်နိုင်ခြေကြောင့် သံယံဇာတ၊ ဆန်စပါး ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်ခဲ့ပါပြီးပါပြီ။

၂၁ နှစ်ကာလ န အ ဖ လို့ ခေါ်တဲ့ ‘တပ်မတော်အစိုးရ’ ရဲ့ ဖြစ်နိုင်ခြေအတိုင်း တသွေမတိမ်း အကောင်အထည် ဖေါ်ခဲ့ခြင်းကြောင့် ယနေ့မြန်မာနိုင်ငံဟာလည်း ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ ‘ပြည့်တန်ဆာနိုင်ငံ’ ဖြစ်နေသည်ကိုလည်း မျက်ဝါးထင်ထင် တွေနေရပြီ ဖြစ်သည်။ ၁၉၉၈ မှ ယနေ့အထိ မတိကျ မသေချာသော ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ အုပ်ချုပ်နေခြင်းကြောင့် ပြည်သူလူထုမှာ ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲ မွဲတေနေပြီ ဖြစ်ပါတယ်။

အနာဂတ် နိုင်ငံတော် ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် ပါဝင်နိုင်ရေး ဟူသော ဖြစ်နိုင်ခြေရှိရှိသော အမြင်နဲ့ တိကျတဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ နိုင်ငံကို ဆက်လက်အုပ်ချုပ်သွားမယ်ဆိုရင် ၂၀၁၀ နောက်ပိုင်း ကျန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံ ဘာဖြစ်လာဦးမယ်ဆိုတာ မတွေးဝံ့စရာဘဲ။

ပုတုဇဉ် လူသားတိုင်းတွင် အမှားနဲ့မကင်းကြပါ။ မည်သည့် အမှားမဆို ပြင်လိုတဲ့ ဆန္ဒရှိက ပြင်နိုင်ပါတယ်။ အမှားမြင်ပြီး အမှားမပြင်ခြင်း သည်သာလျှင် ဆက်လက် မှားနေသည်။ သို့ဖြစ်၍ အမှားမြင်တတ်သော ဆောင်းပါးရှင်များအနေနဲ့ အမှား များကို လက်ရှိအာဏာရ စစ်အစိုးရကို ထောက်ပြပြီး၊ ပြင်နိုင်အောင် တိုက်တွန်း ပေးပါလို့ ရေးသားအကြံပြုလိုက် ပါရစေ။

0 comments:

Post a Comment