Monday, August 24, 2009

Filled Under:

ဥပဒေပုဒ်မ ၄၀၁ အပိုဒ် (၅- က) နဲ့ ပတ်သက်သော ရှင်းလင်းချက်

FRA ----- 24/ 8/ 2009

ဒေါ်အောင်ဆန်းစုကြည်ကို အခု ချမှတ်ထားတဲ့ ပုဒ်မ ၄၀၁ အပိုဒ် (၅) ဟာ ဘာလဲ။ အရင်က သတ်မှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် ပုဒ်မ ၁၀ (ခ)နဲ့ ဘယ်လိုကွာခြား သလဲ။ အခု သတ်မှတ်ချက်အပေါ် လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ရှုထောင့်က နေပြီးတော့ ဘယ်လိုမြင်သလဲ ဆိုတာကို သိရအောင် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ------ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ထားသည့် ၄၀၁ အပိုဒ် (၅) ဆိုတဲ့ ပုဒ်မရဲ့ အဓိပ္ပါယ်ကို နည်းနည်းလောက် ရှင်းပြပေးပါ။

ဦးမင်းလွင်ဦး ------ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ အပိုဒ် (၅ - က) မှာ ဘာပါလည်းဆိုတော့ “နိုင်ငံတော် သမ္မတက စည်းကမ်း တရပ်ထား၍ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပြုရာတွင် သတ်မှတ်ထားသည့် မည့်သည့် စည်းကမ်းချက် မျိုးမဆို ဤကျင့်ထုံးဥဒေအရ၊ အခွင့်အာဏာအရ တရားရုံးတရုံး၏ ပြစ်ဒဏ်တရပ် အရ သတ်မှတ်ကြောင်း မှတ်ယူရမည့်အပြင် ယင်းသို့ မှတ်ယူသည့် အတိုင်းဘဲ အတည်ပြုလုပ်ရမည်” ဆိုပြီးတော့ အဆင့်ဆင့် ပြဌာန်းထားတာ ရှိပါတယ်။

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသော်ငြားလည်း စည်းကမ်းချက် သတ်မှတ်ပြီး ပေးတဲ့အတွက် ဒီလိုပေးထားတဲ့ စည်းကမ်းချက် တွေက တရားရုံးမှာ ချမှတ်ထားတဲ့ အပြစ်ဒဏ်ကဲ့သို့ အာနိသင် ရှိနေသေးတယ် ဆိုတဲ့သဘောကို ဖေါ်ပြထားတာ ဖြစ်ပါတယ်။

မေး ------ အဲတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာတွေ လိုက်နာ ဆောင်ရွက်ရမှာလဲ၊ ဘာတွေ ရပိုင်ခွင့် ရှိသလဲ။

ဦးမင်းလွင်ဦး ------ ဒေါ်အောင်ဆန်စုကြည်အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်း တွေနဲ့အညီ နေထိုင်မယ် ဆိုလို့ရှိရင် သူတို့က လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ် ဆိုပြီးတော့ ဖေါ်ပြထားတာ ရှိတယ်။ ဒီဥစ္စာက ဘယ်အချိန်မှာ ပေးမယ်ဆိုတာကို ကျနော်တို့ မသိရသေးဘူး။ နောက်ပြီးတော့ န အ ဖ တက်လာပြီး နောက်ပိုင်းမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ရယ်လို့ သူတို့ပေးတာ မတွေ့ရပါဘူး။ သူတို့ပေးတဲ့ဟာက ကန့်သတ် လွတ်ငြိမ်း ချမ်းသာခွင့်လို့ခေါ်တဲ့ Limited Amnesty ကို ပေးတာဖြစ်တယ်။ ပြစ်ဒဏ်တွေ ပြောင်းလဲ သတ်မှတ်ပေးတယ်။ နောက်တခါ သူတို့ စိတ်ကြိုက်ရွေးထားတဲ့ သူတွေကို ပြစ်ဒဏ်လျှော့ပြီးတော့ လွှတ်ပေးတာ ဖြစ်တယ်။ အဲဒီတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မပေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် က တရားရုံးက ပြစ်ဒဏ် ချတ်မှတ်ထားတဲ့ သဘော ဖြစ်နေတဲ့အပြင် လာမဲ့ရွေးကောက်ပွဲမှာ ၀င်ရောက် ရွေးချယ် ခံနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအတွက် သူတို့က ဒီလိုမျိုး စီမံ ဆောင်ရွက်တယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။

မေး ----- အဲဒါက ဘာဖြစ်လို့လဲခင်ဗျား။ ဒေါ်အောင်ဆန်းစုကြည် ကို ချထားတဲ့ ပြစ်ဒဏ်က ရာဇ၀တ်မှုဆိုပြီးတော့ သတ်မှတ်ထားတဲ့ ပုဒ်မလား။

ဦးမင်းလွင်ဦး ----- ရာဇ၀တ်မှု ဆိုပြီးတော့ သတ်မှတ်ထားတဲ့ အပြစ်ဒဏ် မဟုတ်သော်ငြားလည်း ၄၀၁ (၅ - က) မှာ ပါတဲ့ ပြဌာန်းချက်အရ ဆိုလို့ရှိရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေက တရားရုံးမှ ပြစ်ဒဏ်ချထား သကဲ့သို့ မှတ်ယူရမည် ဆိုပြီးတော့ ဖြစ်နေတဲ့အတွက် ဒီဥစ္စာက တရားရုံးရဲ့ အမိန့်နဲ့ အတူတူဘဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီသတ်မှတ်ချက် စည်းကမ်း (၈) ချက်နဲ့ အပြစ်ပေးထားတဲ့သဘော သက်ရောက်တယ်။

မေး ------ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ပုဒ်မ ၁၀ (ခ) နဲ့ အခုချထားတဲ့ ၄၀၁ အပိုဒ် (၅) က ဘယ်လိုကွာခြားသလဲ။

ဦးမင်းလွင်ဦး ------ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ချမှတ်ထားတဲ့ နေအိမ် အကျယ်ချုပ်ဖြင့် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူများ အန္တာယ်မှ ကာကွယ်ထားသည့် ဥပဒေက ရှင်းရှင်းပြောရရင် နိုင်ငံရေး ပုဒ်မဘဲ ဖြစ်တယ်။ မည်သည့် အချိန်မဆို အုပ်ချုပ်ရေး အာဏာပိုင်များမှ ရုပ်သိမ်းနိုင်တယ်။ ပြစ်ဒဏ် သတ်မှတ်မယ် ဆိုတောင်မှ သတ်မှတ်လို့မရတဲ့ အခြေအနေ ဖြစ်တယ်။ တရားရုံးတင် တရားစွဲပြီးမှ ပြစ်ဒဏ်သတ်မှတ်ရမှာ ဖြစ်တယ်။ အဲတော့ အဲဒီလိုမျိုးကို ၁၀/ခ အောက်မှာ မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်လည်း အခုအမှုကို ကြံဖန်ပြီးတော့ ဥပဒေ ဘောင်အတွင်း ၀င်အောင် အတင်းဆွဲထည့် ပြီးတော့ ပြစ်ဒဏ်ပေး ဒီလိုမျိုး လုပ်နေတဲ့အတွက် အခုပေးတဲ့ ပြစ်ဒဏ်အရ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ ပြန်နေရတာခြင်း အတူတူ ယခင်ကထက် အခြေအနေ ပိုဆိုးသွားတယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။

မေး ----- နိုင်ငံတကာ လူ့အခွင့်အရေးရှုထောင့်နဲ့ လူ့အခွင့်အရေး ဥပဒေတွေအရ ဆိုလို့ရှိရင် ဘယ်လိုတွေ ဖြစ်သွားတာလဲ။

ဦးမင်းလွင်ဦး ----- ဒေါ်အောင်ဆန်းစုကြည်အမှုမှာ နောက်ဆုံး ဆုံးဖြတ်ချက် ချပြီးတော့ မကြာခင်မှာဘဲ အဓိကကျူးလွန်တဲ့ တရားခံ ဖြစ်တဲ့ ဂျွန်ဝေလျံ ယက်တောကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လိုက်တာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် ပြစ်မှုကို ကျူးလွန်တဲ့ အဓိက တရားခံကို လွှတ်ပေးပြီးတော့ ကျန်တဲ့သူတွေကို ဆက်လက် ဖမ်းဆီးထားခြင်းဟာလည်း မြန်မာနိုင်ငံ ဥပဒေနဲ့ လည်း ကိုက်ညီခြင်း မရှိပါဘူး။ နောက်ပြီးတော့ နိုင်ငံတကာ ဥပဒေနဲ့လည်း စံချိန်စံညွန်းနဲ့ ကြည့်မယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် အမှုမှာ မျှတတဲ့ တရားစီရင်ရေး မဟုတ်ဘူး ဆိုတာကို နိုင်ငံတကာက သိရှိလာတာ ဖြစ်တယ်။ နောက်ပြီးတော့ လွတ်လပ်တဲ့ တရားခွင်နဲ့ စစ်ဆေးစီရင်ခြင်း မဟုတ်ဘူး ဆိုတာကိုလည်း နောက်ဆုံး အမိန့် ချမှတ်သည့်နေ့မှာဘဲ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးမောင်ဦးက နေပြီးတော့ သက်သေ ပြထားပြီးသား ဖြစ်တယ်။

ဒါကြောင့် လွတ်လပ်တဲ့ တရားခွင်မရှိဘဲနဲ့ စစ်ဆေးစီရင်ခြင်း ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတကာ ဥပဒေ စံချိန်စံညွန်းနဲ့ ကြည့်မယ်ဆိုရင် ဘာမှညီညွတ်ခြင်း မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးအရ ပြောမယ် ဆိုရင်လည်း ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိုက်သင့်တဲ့ ခုခံချေပြခွင့်ကို မရခဲ့ဘူး။ နောက်ပြီးတော့ အမှုမှာ မှန်ကန်တဲ့ ဆုံးဖြတ်ခွင်ကို သူ့အနေနဲ့ ခံစားခွင့် မရဘူးဆိုတာကို ထင်ထင်ရှားရှား တွေ့မြင်ရတယ် ခင်ဗျား။

ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ပုဒ်မနဲ့ ပတ်သက်ပြီးတော့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်။

0 comments:

Post a Comment