Sunday, August 23, 2009

Filled Under:

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြန်မာနိုင်ငံ

မင်းလွင်ဦး
သြဂုတ်လ ၂၃ ရက်၊ ၂၀၀၉ ခုနှစ်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ် မြောက်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေး ရန် အေဆီယံ နိုင်ငံအပါအ၀င် နိုင်ငံတကာ အစိုးရများက မြန်မာ စစ်အစိုးရအား ဖိအားပေး ပြောဆိုမှု များ တစထက်တစ ကျယ်လောင်စွာ ကြားလာရသည်။

နိုင်ငံ တနိုင်တည်ငြိမ်ဖွံ့ ဖြိုးရေးနှင့် ကြွယ်ဝ ချမ်းသာစေရေးအတွက် အဓိကအရေးကြီးဆုံး အချက်တချက် မှာ နိုင်ငံရေး တည်ငြိမ်မှုပင် ဖြစ်သည်။ နိုင်ငံရေး တည်ငြိမ်မှု မရှိသည့် နိုင်ငံများတွင် စီးပွားရေးလုပ်ငန်း များနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရန် မလွယ်ကူလှပေ။ နိုင်ငံရေး တည်ငြိမ်မှု ရှိစေရန်မှာလည်း ပြည်သူလူထု၏ အကျိုးစီးပွါးကို အကာအကွယ် ပေးနိုင်သည့် အစိုးရ တနည်းအားဖြင့် ပြည်သူလူထု အကျိုးကို ကာကွယ် စောင့်ရှောက်သည့် အစိုးရ တရပ်ဖြစ်ရန်လိုသည်။ ထိုအစိုးရ ဆိုသည်မှာလည်း ဒီမိုကရေစီ နည်းအရ ပြည်သူများ၏ ဆန္ဒသဘောထား အမှန်နှင့် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် အစိုးရသာလျှင် ဖြစ်ရမည်ကို အထူးပြောရန် မလိုပေ။

ထို့ကြောင့် နိုင်ငံတိုင်းတွင် ပြည်တွင်းငြိမ်းချမ်းမှု ရရန်နှင့် နိုင်ငံရေးတည်ငြိမ်မှု ရှိစေရန် အဓိကထား ကြိုးပမ်းဆောင်ရွက် ကြရသည်။ နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းမှသာ နယ်နိမိတ်ခြင်း ထိစပ်နေသော အိမ်နီးချင်း နိုင်ငံများအကြား ဒေသတွင်း ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်မည် ဖြစ်သည်။ နိုင်ငံတကာတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်များ၊ အရေးအခင်းများနှင့် နိုင်ငံရေးပြဿနာများကို စေ့စပ်ညှိနှိုင်း အဖြေရှာသည့ှ်နည်းကို ယခုအခါ နိုင်ငံအများက လက်ခံကျင့်သုံး လာကြသည်။ ထိုကဲ့သို့ ဆွေးနွေးညှိနှိုင်း အဖြေရှာရာတွင် နိုင်ငံရေး အယူအဆ မတူကြသဖြင့် လက်နက်စွဲကိုင် တော်လှန်မှုများကြောင့် လူအများသေကြေပျက်စီး ဆုံးရှုံးမှုများကို မည်ကဲ့သို့ ကုစားမည် ဆိုသည့်အချက်မှာ အဓိက ပြဿနာတရပ် ဖြစ်လာခဲ့သည်။ နိုင်ငံရေး အယူအဆကို အခြေခံ၍ ဖြစ်ပွားခဲ့ရသည့် လက်နက်ကိုင် တော်လှန်ရေးနှင့် အကြမ်းဖက် လုပ်ရပ်များအား အရေးမယူဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်လား၊ သို့မဟုတ် အပြစ်ပေး အရေးယူမည်လား စသည့်ပြဿနာများသည် အဓိက ဆွေးနွေးရမည့် ပြဿနာများ ဖြစ်လာခဲ့သည်။ အဓိကအားဖြင့် လူသတ်မှု၊ မုဒိန်းမှုစသည့် ရာဇဝတ်ပြစ်မှုကြီးများကို ကျုးလွန် သူများကိုပါ တရားစွဲဆို အရေးယူ အပြစ်ပေးခြင်းမှ လွတ်ငြိမ်းချမ်းခွင့် ပြုသင့်၊ မပြုသင့် စသည်တို့ကိုပါ ထည့်သွင်း စဉ်းစားလာရပြန်သည်။

ထိုသို့ နိုင်ငံရေး ပဋိပက္ခများနှင့် လက်နက်ကိုင် တော်လှန်သည့် အဖွဲ့အစည်းများကို စေ့စပ်ညှိနှိုင်းကြရာတွင် တရားစွဲဆို အပြစ်ပေး အရေးယူခြင်းမှ ကင်းလွတ်ခွင့် ပေးရန် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန် ကျေညာခြင်းသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လာသည်။

လွတ်ငြိမ်းချမ်းသာခွင့် ဆိုသည့်စကားရပ်နှင့် ပါတ်သက်၍ အဘိဓါန်တွင် ဖေါ်ပြထားချက်များအရ နိုင်ငံရေးကိစ္စများနှင့် ပတ်သက်၍ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အစိုးရက အာမခံ၍ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်ကို (၃) မျိုးတွေ့နိုင်သည်။
၁။ အကြွင်းမဲ့လွတ်ငြိမ်းချမ်းသာခွင့်၊( Blanket ammesty)
၂၊၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၊ ( General Amnesty)
၃။ ကန့်သတ်လွတ်ငြိမ်းချမ်းသာခွင့်၊ ( Limited Amnesty)

၁။ အကြွင်းမဲ့လွတ်ငြိမ်းချမ်းသာခွင့်၊ (Blanket Amnesty)
အယူဝါဒ မတူသူများ ဆင်နွဲကြသည့် ပြည်တွင်းစစ်ပွဲများ အတွင်း ကျူးလွန်ခဲ့သည့် မည်သည့် ပြစ်မှုမျိုးကိုမဆို တရားစွဲဆို၍ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့် ပေးခြင်းကို ဆိုလိုသည်။ ဥပမာ- လူသတ်မှု၊ ဓါးပြမှု၊ မုဒိန်းမှုအပါအဝင် အခြားပြစ်မှုကြီးများကို ကျူးလွန်ခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းဖြစ်သည်။

၂။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၊ (General Amnesty)
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုရာတွင် နိုင်ငံရေးနှင့် စပ်ဆိုင်သည့် ပြစ်မှုများကိုသာ အပြစ်ပေး အရေးယူခြင်းမှ ကင်းလွတ်ခွင့် ပေးပြီး၊ အခြားနစ်နာသူများက တိုင်တန်းသည့် ကိစ္စရပ်များနှင့် ပတ်သက်၍မူ ပြစ်ဒဏ်မှ အလုံးစုံလွတ်
ငြိမ်းချမ်းသာခွင့်မပြုပေ။

၃။ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်၊ ( Limited Amnesty)
ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်ဟု ဆိုရာတွင် ပြစ်ဒဏ်များ ပြောင်းလဲ သတ်မှတ်ခြင်းတို့ ပါဝင်သည်။ နိုင်ငံတနိုင်ငံ၏ ထူးမြတ်သည့် နေ့ရက်များတွင် ပြစ်မှုများဖြင့် ပြစ်ဒဏ်ပေး ခြင်းခံရသူများ၏ ပြစ်ဒဏ်များကို လျော့ပေါ့ပြောင်းလဲ သတ်မှတ်ပေးခြင်းမျိုးကို ဆိုလိုသည်။

ထိုကဲ့သို့ ပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်များနှင့် ပတ်သက်၍ဗြိတိသျှ ကိုလိုနီ လက်အောက်တွင် ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်များကို ဥပမာအဖြစ်တွေ့ ရှိနိုင်သည်။

လွတ်ငြိမ်းချမ်းသာခွင့်သည် မြန်မာနိုင်ငံတွင် မည်သည့်ကာလက အစပြုခဲ့ပါသလဲ ဆိုသည့်အချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အတွင်း ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးအခင်းမှ စတင်ခဲ့သည်ဟု မှတ်တမ်းများအရ တွေ့ရှိရသည်။ ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမားများ၏ တော်လှန် ပုန်ကန်မှုတွင် ဗြိတိသျှအစိုးရသည် ၁၉၃၁ ခုနှစ်ဇူလိုင်လ အတွင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ် ထုတ်ပြန်၍-
၁။ ဟင်္သာတ
၂။ ပြည်
၃။ သရက်
၎။ အင်းစိန်
၅။ သာယာဝတီ စသောခရိုင်များတွင် ကျေညာလေသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ထုတ်ပြန်ကျေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် အစိုးရ အမှုထမ်း အရာထမ်းများ၊ အစိုးရ သစ္စာရှိသော ရွာသူရွာသားများအား သတ်ရာတွင် ကိုယ်ထိလက်ရောက် ပါဝင်ခြင်း မပြုသူ မှန်သမျှ လက်နက်ချ ဝင်ရောက်ပါက လွတ်ငြိမ်းချမ်းသာခွင့် ပြုမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။ သို့သော်လည်း အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် အစိုးရအနေဖြင့် မည်သည့်သူပုန်ကိုမဆို တရားစွဲလိုက စွဲနိုင်သည်ဟု ဖေါ်ပြ ကန့်သတ်ထားသည်။ ထို လွတ်ငြိမ်းချမ်းသာခွင့်အရ ၁၉၃၁ ဇူလိုင်လ ၁၅ ရက်မှ ၁၉၃၂ ခု ဇန္နဝါရီလ ၁ ရက် နေ့အထိ ခရိုင်အလိုက် လက်နက်ချ ဝင်ရောက်သောဦးရေမှာ-

ခရိုင် -------------- လက်နက်
သာယာဝတီ ---------- ၄၇၅
ပြည် -------------- ၃၄၈၆
သရက် -------------၂ဝ၈၅
ဟင်္သာတ ------------- ၁၅
အင်းစိန် ------------- ၃ဝ၂
ပဲခူး ------------------၂၈
စုစုပေါင်း ------------ ၆၃၉၁

လက်နက်ချ ဝင်ရောက်လာသော်လည်း အရေးကြီးသော ခေါင်းဆောင်များကိုမူ ချက်ချင်းပြန်မလွှတ်သေးဘဲ ချုပ်နှောင်ထား၍ စစ်ဆေးပြီးလျှင် အချို့ကို ခုံရုံးတင်၍ တရားစွဲဆိုရာ လွတ်သူနည်းလှ၍ သေဒဏ်၊ တသက် တကျွန်း ဒဏ်စသည့် ပြစ်ဒဏ်များကို ခံခဲ့ကြရသည်။ထို့ကြောင့် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် (Blanket Amnesty) နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ( General Amnesty) ဟုမဆိုနိုင်ပေ။

၁၉၃၁ခုနှစ် ဇူလိုင်လတွင် ကျေညာသည့် လွတ်ငြိမ်းချမ်းသာခွင့်မှာ အကန့်အသတ်ဖြင့် ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် (Limited Amnesty) ဖြစ်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင်၁၉၄၈ မှယနေ့အထိ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့်ဖြစ်ရပ်များ

၁၉၄၈ ဇန္နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နှစ်ကြီးသမားများ ၃ ဘို့ ၁ ဘို့၊ ကျန်ပြစ်မှုများ ၆ လ လျော့ရက်ပေးခဲ့သည်။ ထို့အပြင် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၁၉၄၈ ဇွန်လ ၁၅ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ကျေညာပြီးဇွန် ၃ဝ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ု ထုတ်ပြန်သည်။ ပါလီမန် ဒီမိုကရေစီ အစိုးလက်ထက်တွင် ၁၉၅၅ အောက်တိုဘာ ၁ ရက်နေ့ မှ၁၉၅၆ မေလ ၃၁ ရက်နေ့အထိ ပြည်တွင်းငြိမ်းချမ်းရေး အတွက်ကြေငြာသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ် ဦးနုက ၁၉၅၆ မေလ ဆဌမ သံဃာယတနာတင်ပွဲနှင့် သာသနာနှစ် ၂၅ဝဝ ပြည့်၊ အထူးလျော့ရက်များကို ထုတ်ပြန်ကြေညာ၍ အကျဉ်းသားများကို လွတ်ငြိမ်းခွင့် ပေးခဲ့သည်။

၁၉၆၂ ခုနှစ် တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တော်လှန်ရေးကောင်စီသည် စောဟံသာမွှေး ဦးဆောင်သော ကရင် တော်လှန်ရေးကောင်စီနှင့်သာ သဘောတူညီမှု ရရှိခဲ့သည်။ ၁၉၆၃ ဧပြီလ ၁ ရက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကျေညာခဲ့သည်။ သို့သော် အဆိုပါ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံ အရပ်ရပ်ရှိ အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၁၂ဝဝဝခန့် လွတ်ငြိမ်းချမ်းသာခွင့်ကို ခံစားကြရသည်။ ထိုပြစ်ဒဏ်များမှ လွတ်မြောက်လာသူများတွင် နိုင်ငံတော် လုံခြုံရေး အက်ဥပဒေဖြင့် အရေးယူ ဖမ်းဆီးခြင်း ခံရသူများ မပါဝင်ပေ။

၁၉၆၃ ခုနှစ် တပ်မှူးများ ညီလာခံနှင့် ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၃ ကြိမ်မြောက် တော်လှန်ရေးကောင်စီ အစည်းအဝေးက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အတည်ပြုကြောင်း ကျေညာသည်။ ယင်းအမိန့်အရ ဖမ်းဆီးထားသူ နိုင်ငံရေး အကျဉ်းသား၂၃ ဦး၊ သတင်းစာဆရာ ၅ ဦး၊ ကျောင်းသား ၁၃ ဦး၊ ကေအင်ဒီအို ၅ ဦးနှင့် တရားစွဲဆိုခြင်း ခံနေရသူ ၄ ဦး ရန်ကုန်ထောင်၊ အင်းစိန်၊ မင်္ဂလာဒုံတို့မှ လွတ်လိုက်သည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အရ ထောင်မှလွတ်မြောက်လာသော နိုင်ငံရေးသမားများတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် မစ္စတာရာဂျန်၊ ဆေးမှူးဒေါ်မိုးဆွေ (ခေါ်) ဒေါ်ကံရှိ၊ ဗိုလ်မှုးချစ်ကောင်း၊ သခင်ဖေဌေး၊ သခင်စိုး၏ ဇနီးဟောင်း ဒေါ်နှင်းမေ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဌဖြစ်သူ မိုးကျော် (ခေါ်) ကျော်နိုင်၊ ကေအင်ယူ ပေါလစ်ဗြူရို အဖွဲ့ဝင် ဆရာသာမြိုင်၊ သတင်းစာဆရာများနှင့် ကျောင်းသားများလည်း လွတ်မြောက်လာကြသည်။

နောင်ကို ထောင်ထဲပြန်မရောက်အောင် ကိုယ့်ကိုယ်ကို ထိန်းကြပါ။ စိတ်တိုင်းကျအားလုံး မရစေကာမူ၊ စားရမဲ့ သောက်ရမဲ့ ဘဝ မရောက်အောင် တတ်နိုင်သမျှ လုပ်ပေးသွားမည်။ ထောင်မှ လွတ်သူများအပြင်တွင် ငြိမ်ငြိမ် မနေလျှင် အစိုးရ အလုပ်တိုးမည်၊ အလုပ်မတိုးပါရစေနဲ့ဟု ရန်ကုန်ထောင်မှ အကျဉ်းသားများအား မလွှတ်ပေးမီ ဗိုလ်ချုပ်နေဝင်းက မိန့်ကြားသည်။

၁၉၆၃ သြဂုတ်လ ၉ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေး အလားအလာများ တိုးတက်ကောင်းမွန် လျက်ရှိသည်ကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အားထုတ် ဆောင်ရွက်လာကြသည့် ဦးကျော်ငြိမ်း၊ သခင်ခံမြင့်၊ ဗိုလ်ကြာညွန့်၊ ဗိုလ်ထွန်းတင်၊ ဦးကြီးချိုင်၊ ဦးဝင်း၊ ဦးမင်းခေါင် ၊ ဦးချမ်းသာ၊ ဦးချန်ထွန်းနှင့် ဦးလောရုံတို့ကို ထိန်းသိမ်းလိုက်ပြီးဖြစ်ကြောင်း ဆိုင်ရာမှ ကျေညာသည်။ ထိုနေ့တွင်ပင် အထိန်းသိမ်းခံ နေရသော သခင်တင်၊ ဗိုလ်မှုးအောင်နှင့် သခင်တင်မောင်တို့ကို လွတ်လိုက်သည်၊၊

၁၉၆၃ ခုနှစ် နိုဝင်ဘာလ၁၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီနှင့် မဒညတ တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သွားပြီ ဖြစ်ကြောင်း တော်လှန်ရေးကောင်စီမှ ကျေညာသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဆွေးနွေးပွဲ ပျက်ပြီးနောက် မြို့ပေါင်း ၂၇ မြို့မှ နိုင်ငံရေး ခေါင်းဆောင်များ၊ စာရေးဆရာများ၊ သတင်းထောက်များ စုစုပေါင်း ၂၇၁ ဦး ကို ထိန်းသိမ်းလိုက်သည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်လက်ျာအား ဖမ်းဆီးရမိသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပထစ အဖွဲ့ချုပ် ဥက္ကဌအသစ်ဖြစ်သူ ဗိုလ်မှုးအောင်အား ဆိုင်ရာမှ ဖမ်းဆီးသည်၊၊

၁၉၆၃ ခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီက ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြေပေါ်၊ မြေအောက် အပါအဝင် အုပ်ချုပ်ရေးအပိုင်း၌ ၎င်းနိုင်ငံရေးအပိုင်း၌ ၎င်းတကြိမ်တခါ မှားယွင်း ခဲ့သော ပြစ်မှု များအတွက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နောက်ဆုံးရက်အဖြစ် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အထိသာ တည်ရှိရမည်ဟု တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး နေဝင်းက ကျေညာသည်။

ထိုသို့ ကျေညာပြီးနောက် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ အပုပ္ပားတွင် ကျင်းပသည့် တောင်သူလယ်သမား နှီးနှော ဖလှယ်ပွဲ နောက်ဆုံးနေ့တွင် မိမိတို့တွင် အတွေ့အကြုံ ပြည့်ပြည့်စုံစုံမရှိ၊ ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေးကို မကြိုက်သော အစိတ်အပိုင်းကလည်း ရှိနေ၍ အခက်တွေ့နေရသည်။ အသွင်ကူးပြောင်းရေးကာလတွင် အခက်အခဲ တွေ့ရဦးမည်။ ကုန်သည်နှင့် အစိုးရ ဘတပြန် ကျားတပြန် ဖြစ်နေသည်။ တနေ့တွင် အစိုးရဘဲ နိုင်ရမည်၊ ကန်တကောဇ အမျိုးမျိုး ဆက်ဒုက္ခပေးနေလျှင် ယခင်ကကဲ့သို့ ငြင်ငြင်သာသာ လုပ်နေတော့မည် မဟုတ်ဟု ကျေညာလိုက်သည်။

၁၉၆၄ခုနှစ် မတ်လ၂၈ရက်နေ့တွင် အမျိုးသား စည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေပြဌာန်းကာ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအား ဖျက်သိမ်းခဲ့သည်။ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ချီတက်မည့် ဆိုရှယ်လစ်ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံအား ဦးဆောင်မည့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းတည်ထောင်ရန် လုပ်ဆောင်ခဲ့ သည်။

၁၉၇၁ ခုနှစ်ဇွန်လ ၂၇ ရက်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ညီလာခံ အထိမ်းအမှတ်အဖြစ် ရာဇဝတ်ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခြင်း ဆိုင်ရာကြေငြာချက်ကို ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ကြေငြာချက်အမှတ် ၈၇ဖြင့် ထုတ်ပြန်ခဲ့သည်။

၁၉၇၄ခုနှစ် မတ်လ(၁၉)ရက် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီရုံး၊ ကြေငြာချက် အမှတ်(၁) နိုင်ငံတော်အား လက်နက်စွဲကိုင် တော်လှန်သောင်းကျန်းနေသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းနှင့် ပြစ်ဒဏ် ကျခံနေသူများအား ပြစ်ဒဏ် လျော့ပေါ့ပေးခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက် အရ ၁၉-၃-၇၄ မှ ၁၆-၆-၇၄ နေ့အတွင်း တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လျှင် ယင်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက်ခြွင်းချက်များဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်ဟု ထုတ်ပြန်ကြေငြာသည်။

၁၉၇၄ စက်တင်ဘာလတွင် အထက်ပါ လွတ်ငြိမ်းချမ်းသာခွင့်အရ ခွန်ဆာပြန်လည်လွတ်မြောက်လာသည်။

၁၉၈ဝ ဇူလိုင်လ ၁၅ ရက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်

၁၉၈ဝပြည့်နှစ်၊ မေလ၂၇ရက်နေ့၌ ရန်ကုန်မြို့ အလုံလမ်း သမတ္တအိမ်တော် ဝင်းအတွင်း၌ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီ၊ နိုင်ငံတော် ကောင်စီနှင့် ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ အစည်းအဝေးတရပ် ကျင်းပသည်။ ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးတွင် မြန်မာနိုင်ငံ တဝှမ်းလုံးမှ တက်ရောက်လာကြသော သံဃာတော်များ၏ သြဝါဒများ၊ ဆွေးနွေးမှု များသည် အလွန်ထူးခြား မွန်မြတ်သော၊ အလွန်ကြည်ညို လေးစားဖွယ်ဖြစ်သော လုပ်ငန်းရပ်ကြီး ဖြစ်သဖြင့် ကြုံတောင့်ကြုံခဲလှသော အခါသမယဖြစ်၍ ယင်းပွဲကြီး အောင်မြင်စွာပြီး မြောက်သည်ကို နှစ်ထောင်းအားရစွာ ဂုဏ်ပြုသော အားဖြင့် ငြိမ်းချမ်းရေးနှင့် ညီညွတ်သော စိတ်ဓါတ်ကို ဖြစ်စေသည့် မဟာ သမယနေ့တွင် နိုင်ငံရေးပြစ်မှုများနှင့် အခြားပြစ်မှုများ ကျုးလွန်သူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။ ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ဂုဏ်ပြုသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့် တရပ် ထုတ်ပြန်ရန်ကို နိုင်ငံတော် ကောင်စီက ထုတ်ပြန်ရန် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် နိုင်ငံတော် ကောင်စီသည် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး စိတ်ဓါတ်ကို ပွားများစိမ့်သောငှာ အမိန့်အမှတ်၂-၈ဝ ကို ၁၉၈ဝ ပြည့်နှစ်မေလ ၂၈ရက်နေ့စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ်ကို ထုတ်ပြန်ကျေညာခဲ့သည်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် အရ ပြည်ပြေးအဖွဲ့မှ ဦးနုနှင့် ဇနီး ဒေါ်မြရီ၊ ဗိုလ်မှုးချုပ် စောကြာဒိုး၊ ဗိုလ်ရန်နိုင်၊ ဇာလီမော်၊ စခန်းမှုးဦးလှိုင် နှင့်မိသားစုဝင် ၁၁ ဦး၊ သခင်သင်းကြည်၊ ဒေါက်တာမန်းမြင့်ဆိုင်၊ ရန်ကုန်ဘဆွေ နှင့်မိသားစု၊ ကျားနက်တပ်ရင်းမှုး ထွန်းမြိုင် နှင့် ၁ဝ ဦး၊ အလယ်ပိုင်းတိုင်းမှ ပြည်သိမ်း တပ်ရင်းမှူးဖေတင်၊ တပ်မမှူးတင်ငွေ၊ ဒုတိယ တပ်ရင်းမှူးအောင်နိုင်၊ တပ်ရင်းမှူးဖေသိန်းနှင့် ၁၄ ဦး၊ အလယ်ပိုင်းတိုင်း ဒုတိယတိုင်းမှူး ဗိုလ်ကျော်ဒင်၊ လူငယ်ဥက္ကဌ မြဝတီ ဦးရဲခေါင်၊ တွဲဖက်အတွင်းရေးမှုး ဦးသုဝေနှင့် ဇနီးအပါအဝင် ပြည်ပြေးအဖွဲ့မှ (၄၈၅ )ယောက်။

ထိုင်းနိုင်ငံအတွင်းရှိ ပြည်သူ့ပြည်ချစ်ပါတီမှ ဦးသက်တင်နှင့် အဖွဲ့ဝင် ၃၉ ဦး၊ ဇွန်လ ၁၉ ရက်နေ့၊ ဦးမောင်ကလေးနှင့် ဦးတင်မြင့်တို့သည် ဇွန်လ ၁၂ ရက်နေ့၊ ယင်းပါတီမှ အလယ်ပိုင်းတိုင်း ရုံးတိုင်းမှူး ဗိုလ်အောင်မြင့်နှင့် အဖွဲ့ဝင် ၈ ဦးသည် ဇွန်လ ၁၈ ရက်၊ ဗိုလ်မှူးအောင်နှင့် ၂ ဦးသည် ဇွန်လ ၂၁ ရက်၊ ဗကပ ဗဟိုကော်မတီဝင် အနောက် မြောက်တိုင်းမှူး ဗိုလ်သက်ထွန်းနှင့် အဖွဲ့ဝင် ၆၄ ဦးသည် ဇူလိုင်လ ၁၈ ရက်၊ ရခိုင်ပြည် ကွန်မြူနစ်ပါတီ ဥက္ကဌ ကျော်ဇံရွီး နှင့်အဖွဲ့ဝင် ၅ ဦးသည် ဇူလိုင် ၁၉ ရက်၊ မေ ၂၈ ရက်မှ ရက်ပေါင်း ၉ဝ အတွင်း ပြည်တွင်းပြည်ပ မှအလင်းဝင်သူ စုစုပေါင်း ၂၁၈၉ ဦးရှိခဲ့သည်။

နိုင်ငံတော်တဝှမ်းရှိ အကျဉ်းထောင်အသီးသီးနှင့် ရဲဘက်စခန်းများမှ အကျဉ်းသား အမျိုးသား (၃၆ဝ၁)ဦီးနှင့် အမျိုးသ္မီး ( ၃၄၃) ဦးတို့ကို လွတ်ပေးခဲ့သည်။

၁၉၈ဝ လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ဘိန်းဘုရင် ဦးလောစစ်ဟန် ပြန်လည် လွတ်မြောက်လာသည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အုံကြွမှုကြီး မြန်မာနိုင်ငံ အနှံအပြားတွင် ဖြစ်ပွားခဲ့ရာ အကျဉ်းထောင်များမှ အကျဉ်းသားများကို ထောင်ဖွင့်၍ လွတ်ပေးခဲ့သည်။ ထိုသို့ လွှတ်ပေးခဲ့ပြီးနောက် စစ်တပ်မှ အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် အရေးအခင်း ကာလများအတွင်း လွတ်မြောက်သွားသူများနှင့် ပတ်သက်၍ အာဏာသိမ်းစစ်အစိုးရက ၁၉၈၈ ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းခြင်း၊ ပြစ်ဒဏ် ကျခံနေရသူများအား ပြစ်ဒဏ်ပြောင်းလဲ လျှော့ပေါ့ခြင်းနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်း၊ စသည်တို့ကို ထုတ်ပြန်ပြီး ကန့်သတ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ကို တွေ့ရသည်။

၁၁/၉၂တွင် အမိန့်ကြော်ငြာစာဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားရသည့် လွှတ်တော် ကိုယ်စားလှယ် ၃၃ ဦးနှင့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ခန့်ပြန်လည် လွှတ်ပေးခဲ့သည်။ အမျိုးသား ညီလာခံတက် ရောက်စေရန်နှင့် အမျိုးသား ညီလာခံက ချမှတ်မည့် အခြေခံမူများ ရေးဆွဲရန် ရည်ရွယ်၍ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးကို ရည်ရွယ်၍ ၁၉၉၃ခုနှစ် ဇန်နဝါရီလ ၁ ရက် တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ အမိန့်၊ အမိန့်အမှတ်၁/၉၃ဖြင့် ပြစ်ဒဏ်များ ပြောင်းလဲလျော့ပေါ့ သတ်မှတ်ခြင်းဆိုင်ရာ အမိန့်ကို ထုတ်ပြန်ကြေငြာ၍ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်ကို ခွင့်ပြုခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ပြောင်းလဲဖွဲ့စည်းသည့် အထိမ်းအမှတ်အဖြစ် ၁/၉၇ ဖြင့် ပြစ်ဒဏ်များ ပြောင်းလဲ သတ်မှတ်သည့် ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်များ ပြုခဲ့သည်။

ထောက်လှမ်းရေးမှ တရားစွဲဆိုပြီး ပြစ်ဒဏ် ချမှတ်ထားသည့် သူများအတွက် တရားဥပဒေနှင့်အညီ မဟုတ်သော ဖမ်းဆီးထားခြင်း ခံရသူများအား ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုသည့် အမိန့်ကို ၂၀၀၅ တွင်ထုတ်ပြန်ကျေညာခဲ့သည်။

နအဖ လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်များ ပြောင်းလဲ သတ်မှတ်ခြင်း တို့ကိုသာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိုမူ ထုတ်ပြန် ကြေငြာခဲ့ခြင်း မရှိကြောင်း တင်ပြလိုက်ရပေသည်။


အားကိုးအားထားပြုစာရွက်စာတမ်းများ

---------------------------------------
၁။ဗမာ့တော်လှန်ရေးအဘိဓါန်။ တပ်မတော်မြင့်သန္တာ၊ ပထမအကြိမ်စစ်မြေပြင်စာပေဖြန့်ချီရေး၊
၂။၁၉၆၉ခု၊ မေလ နှင့်၁၂၉၂ တောင်သူလယ်သမားအရေးတော်ပုံ စာ - ၁၆၆ ပြန်ကြားရေးဌာန၊
၃။ရဲဘော်လှမျိုး၏ သမိုင်းဝင်စာချုပ်စာတမ်းများ၊
၎။ လေနှင့်အတူ ၊လူထုဦးလှ
၅။ထောင်တွင်းမှပေးစာများ၊ လူထုဦးလှ
၆။မတ်လ ၆ ရက် ၊ ၁၉၅၆ ဟံသာဝတီသတင်းစာ၊
၇။ တပ်မတော်သမိုင်း၊ အတွဲ ၅
၈။ မြန်မာ့နိုင်ငံရေးစံနစ်ပြောင်းကာလ၊ ဒုတိယတွဲ
၉။၁၉၆၂-၆၇ သမိုင်းဝင်မှတ်တမ်းများ။ ဦးသိန်းဖေမြင့်
၁၀။ အလုပ်သမားအစည်းအရုံးသမိုင်း၊ အတွဲ၂။
၁၁။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကြိုးပမ်းဆောင်ရွက်ချက်များ
၁၂။ တပ်မတော်သမိုင်းအတွဲ၆။
၁၃။ မောင်ပြည်သူ (စီအာဒီပီသို့မဟုတ် ပြည်ပြေးတကျော့ပြန်)
၁၄။ နေ့စဉ်ထုတ်မြန်မာ့အလင်းသတင်းစာ
၁၅။ န၀တ နှင့် နအဖ ထုတ်ပြန်ကျေညာချက်များ

0 comments:

Post a Comment