Wednesday, August 19, 2009

Filled Under:

ဖိအားပေးနိုင်မှသာ ဗိုလ်ချုပ်မှူးကြီး အကောင်းဘက်သို့ သဘောထားပြောင်းမည်

ညီညီချမ်း
သြဂုတ်လ ၁၉ရက်၊ ၂၀၀၉ ခုနှစ်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ‘၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံစေရန်’ ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့က နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားမှ ကြေငြာ သည်ကို ကြားလိုက်သည်နှင့် တပြိုင်နက် ဒေါ်အောင်ဆန်း စုကြည်သည် တပါးသူနည်းတူ အင်းစိန်ထောင်တွင် ပြစ်ဒဏ် ရင်ဆိုင်ခံရဖွယ်ရှိကြောင်း ထင်ခဲ့မိပါသည်။ သို့သော် ဒေါ်စု၏ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အကျဉ်းသားဘ၀ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုပ်ပိုင်ခွင့် အာဏာဖြင့် ကယ်တင်လိုက်ပြီ မဟုတ်ပါလော။ သို့ဖြစ်၍ ဗိုလ်ချုပ်မှူးကြီး မည်သို့သော သဘောထားနှင့် ကယ်တင်လိုက်သည်ကို လေ့လာ သုံးသပ်ရန် လိုလာပါသည်။

စာရေးသူသည် မိမိကိုယ်တိုင် မတွေ့ကြုံဘူးဘဲ၊ တပါးသူပြောသည်ကို လက်ခံ ယုံကြည်တတ်သည့် ပင်ကိုယ်အရည်အသွေး မရှိခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီးသည် “ပရိယာယ်များကြောင်း၊ န အ ဖ စစ်တပ်တွင် အာဏာရှိကြောင်း” အများတကာ ပြောသည်ကို မယုံကြည်ခဲ့သည်မှာ အမှန်ပင်။ ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တယောက် ရုပ်ပြသာ ထင်ခဲ့သော စာရေးသူ၏ ထင်မြင်ချက်သည် ပကတိဖြစ်စဉ်နှင့် လုံးဝမှားနေကြောင်း ၀န်ခံပါရစေ။ ထိုင်း - ဗမာနယ်စပ်တွင် နေထိုင်စဉ် ‘ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး’ ရဲဘော် စာရေးသူ၏ မိတ်ဆွေတဦးမှ “ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ ဒု-ဗျူဟာမှူး ဖြစ်တုန်းက သူ့ရဲ့ ဗျူဟာမှူးကိုပင် ဖြုတ်ခဲ့ဖူးတယ်” လို့ ပြောသည်ကိုပင် အလေးအနက် မထားခဲ့။ သို့သော်၂၀၀၄ ခုနှစ် နှောင်းပိုင်း ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်အား ဖယ်ရှားစဉ် “ ပုံ - သန်းရွှေ” ဟူသော အမိန့် ကြေငြာချက်ကို ကြားလိုက်ရတော့ ဗိုလ်ချုပ်မှူးကြီးသည် အမှန်ပင် ဥာဏ်များကြောင်း၊ အာဏာရှိကြောင်းကို တစိတ်တပိုင်းအားဖြင့် လက်ခံလာခဲ့ရသည်။

တဖန် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်အဖြစ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ် ချလိုက်သည်ကိုပင် နအဖ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးကို အရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းကြောင့် လည်းကောင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ရည်စူး၍ မိမိ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် စာနာ ထောက်ထားညှာတာမှု ပြုသည်” ဟူသော ကြေငြာချက်ချက်ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံနေရာမှ နေအိမ်အကျယ်ချုပ် (၁၈) လသာ လျော့ပေး နိုင်သူ ဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အကြွင်းမဲ့အာဏာ ရှိကြောင်းနှင့် သူဖြစ်ချင်သည်ကို အမှန်တကယ်ပင် လုပ်နိုင်ကြောင်းကို ယုံမှား သံသယ ဖြစ်စရာ မလိုပါ။

သို့သော် ဒေါ်အောင်ဆန်းစုကြည် အပေါ် စာနာထောက်သော ဗိုလ်ချုပ်မှူးကြီး တယောက် ကံမကောင်းရှာ။ ဒေါ်စု အမှုအား စီရင်ချက် ချပြီးသည်နှင့် တပြိုင်နက် ပြည်တွင်းပြည်ပ ဒီမိုကရေစီ လိုလားသူများက သူ့အား အကောင်းမမြင်ကြ။ ဗိုလ်ချုပ်မှူးကြီး လျော့ပေးလိုက်သော အပြစ်ဒဏ်သည် “ မျှတသော စီရင်ချက် မဟုတ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်ပြီး၊ ကမ္ဘာတ၀ှမ်းလုံးကို စိတ်ပျက်သွား စေကြောင်း” လူ့အခွင့်အရေးအဖွဲ့များမှ ဝေဖန်ရှုံ့ချ ရသည်အထိ ဖြစ်လာသည်။ ဤသို့ဖြစ်ရခြင်းမှာ ဗိုလ်ချုပ်မှူးကြီး ကံကြမ္မာ၊ ကံဇာတာ ညံ့၍မဟုတ်။ သူ့စေတနာနှင့် လက်တွေ့လုပ်ဆောင်ချက် မှားနေခြင်းကြောင့်ဟု ဆိုရပေလိမ့်မည်။

ဗိုလ်ချုပ်မှူးကြီးသည် စစ်ခေါင်းဆောင်တဦး ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေသော နိုင်ငံခေါင်းဆောင် တဦးဖြစ်သည်။ စစ်ခေါင်းဆောင်တို့မည်သည် နိုင်ငံအပေါ် ကျရောက်လာမည့် ပြည်ပ အန္တရာယ်နှင့် ပြည်တွင်း ဆူပူမှုများကို တိုက်ထုတ် ဖယ်ရှားရမည့် တာဝန်ဖြစ်သည်။ အလားတူ နိုင်ငံတနိုင်ငံ၏ ခေါင်းဆောင်သည် နိုင်ငံတည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေး၊ နိုင်ငံအတွင်း တိုင်းရင်းသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း သင့်မြတ်ရေးအတွက် အစဉ်အမြဲ ဂရုစိုက် ဖြေရှင်းနေရမည်။

မြန်မာနိုင်ငံ အနေအထားကို သုံးသပ်လျှင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည်။ အရှေ့တောင်အာ ASEAN အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ ကုလသမဂ္ဂ ပဋိညာဉ်တွင် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာ အာဏာကို အခြားနိုင်ငံများက လေးစား အသိအမှတ်ပြုရန် ပါရှိသည်။ အလားတူ အာဆီယံ ပဋိညာဉ်တွင်လည်း တပါး ပြည်တွင်းရေး ၀င်ရောက်မစွက်ဖက်ရေးမူ ပါရှိနေပြန်သည်။ ဒါ့အပြင် မြန်မာနိုင်ငံ သည် အိမ်နီးချင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတန်း အဖွဲ့ဝင် ကွန်မြူနစ် မဟာအင်အားကြီး တရုတ်နိုင်ငံနှင့် မဟာမိတ် ဖြစ်နေသည်။ ထိုနည်းတူစွာ အိမ်နီးချင်း ဒီမိုကရေစီ အန္ဒိယနိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်နေသည်။

နိုင်ငံတွင်း အခြေအနေကို သုံးသပ်ရာတွင် လက်နက်ကိုင် တိုင်းရင်းသား အင်အားစု အားလုံးနီးပါးလည်း နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းလိုခြင်းကြောင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ပြီးပြီ။ အချို့သော အပစ်ရပ်အဖွဲ့ ခေါင်းဆောင်များမှာ “သူတို့ စစ်မတိုက်လိုကြောင်း၊ ငြိမ်းငြိမ်း ချမ်းချမ်း နေလိုကြောင်း” ပြောဆိုလာသည်အထိ ရှိသည်။ ပြည်တွင်းပြည်ပ တိုင်းရင်းသား အင်အားစုများလည်း သုံးပွင့်ဆိုင်ဆွေးနွေးရေးကို အစဉ်တစိုက် တောင်းဆိုခဲ့သည်။ ဒီမိုကရေစီ အင်အားစုများကလည်း လက်နက်တစုံတရာမပါပဲ ၎င်းတို့လိုလားသည့် ဒီမိုကရေစီ အခွင့်အရေးကို ငြိမ်းချမ်းစွာ လှုပ်ရှား တောင်းဆို ခဲ့သည်။ လှုပ်ရှားတောင်းဆိုနေဆဲလည်း ဖြစ်သည်။ ဤအနေအထားကို ကြည့်လျှင် မြန်မာနိုင်ငံသည် ဘယ်မှာလဲ ပြည်ပရန်၊ ဘယ်မှာလည်း ပြည်တွင်း ဆူပူသူ။ ပြည်တွင်း၊ ပြည်ပရန် မရှိသည့် မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး တယောက် ဘာတွေလုပ်နေသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ဗိုလ်ချုပ်မှူးကြီးသည် - အပြစ် မရှိသူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အပြစ်ရှိသူ တဦးအဖြစ် ဖန်တီးခဲ့သည်။ အပြစ်မှ သက်သာစေရန် လျော့ပေါ့ ပေးခဲ့သည်။ တမူထူးခြား သည်မှာ ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ် ကျခံစေရန် အဓိက လူကြမ်းဖြစ်ခဲ့သူ အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၇ နှစ် ကျခံရသော နိုင်ငံခြားသား ဂျွန်ယက်တောကို ပြစ်ဒဏ်မှ လွတ်အောင် ကယ်တင် ခဲ့သည်။ သို့သော် ဤတာဝန်သည် စစ်တပ်ခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင် ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး၏ တာဝန်မဟုတ်ပေ။

ဤ လုပ်ဆောင်ချက်များကြောင့် ဗိုလ်ခင်ညွန့်အား ဖယ်ရှားစဉ် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် “ဥပဒေအထက်တွင် မည်သူမှ မရှိစေရ” ဟူသည့် တပ်မတော်ခေါင်းဆောင် တဦး၏ စကားကို အခြားအထက်အရာရှိ တဦးမှ မျက်ကွယ်ပြုလိုက်သည်။ တရားစီရင်ရေးနဲ့ တရားသူကြီး၏ လုပ်ပိုင်ခွင့် ၀င်ရောက် စွက်ဖက်လိုက်သည်။ တရားဥပဒေ စိုးမိုးရေးကို ချိုးဖေါက်လိုက်သည်ဖြစ်၍ ဥပဒေအထက်တွင် ဗိုလ်ချုပ်မှူးကြီး ရှိနေသည်ကို ထင်ရှားစေသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုအား လျော့ပေါ့ပေးရာတွင် ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှုပြီး ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေလိုသော ရည်ရွယ်ချက်အတိုင်း ဗိုလ်ချုပ်မှူးကြီး သဘောထား မှန်ကန်မည်ဆိုလျှင် ၀ါရင့်နိုင်ငံရေးသမား သခင်ချန်ထွန်း ပြောသကဲ့သို့ပင် “တွေ့ဆုံ နွေးနွေးဖို့” အပြောင်းအလဲ လုပ်သင့်သည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များမှလည်း “အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အချိန်မနှောင်းသေးဘူး” လို့ ကြိုဆိုနေဆဲဖြစ်သည်။ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ‘ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု’ ပေးအပ်ချီးမြှင့်ရာတွင် လက်နက်ကိုင် ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုးမန်ရှာအား ရွေးချယ် ပေးအပ်ရာတွင် မွန်ပြည်စစ်ပါတီ အထွေထွေအတွင်းအရေးးမှူး နိုင်ဟံသာမှ “စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် လူမျိုးစုံတိုင်းရင်းသား တန်းတူရေးကို လက်ခံပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရာတွင် ကြိုးပမ်းသူ မည်သူမဆို ဒီလိုမျိုး ဆုကို ရွေးချယ် ချီးမြှင့် သင့်သည်။ အမှန်တကယ် ကြိုးပမ်းဆောင်ရွက်သူဖြစ်ပါက န အ ဖ တပ်မှ ပုဂ္ဂိုလ်တွေကိုလည်း ဒီဆုကို ပေးအပ် ချီးမြှင့် သင့်သည်”ဟု မွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းခန်း တခုတွင် ပြောဆိုခဲ့ဘူးသညိ။

လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအတွက် အနစ်နာခံ ကြိုးပမ်းသူတို့ကို ကမ္ဘာ့နိုင်ငံများမှ လေးစား၊ တန်းဘိုးထားကာ ဂုဏ်ပြုမှုနှင့် ဆုများ ချီးမြှင့်သည်။ ထိုအသိအမှတ်ပြုကို မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေသူ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သူ ခွန်ထွန်းဦး၊ ဦးပူရှင်ကျင်းထန်၊ ပဒိုမန်းရှာ၊ နိုင်ငွေသိမ်း၊ ဦးအေးသာအောင် အစရှိသည့် ခေါင်းဆောင်များ၊ လူသားချင်း စာနာ ထောက်ထားမှုအတွက် ဆောင်ရွက်နေသူ ဒေါက်တာစင်တီယာမောင်၊
လူ့အခွင့်အရေးအတွက် အနစ်နာခံကြိုးပမ်းသူ ဦးမြင့်အေး၊ မစုစုနွေး အစရှိ သူတို့သည် မြန်မာနိုင်ငံအတွက် အနစ်နာခံ ကြိုးပမ်းသူများဖြစ်၍ ကမ္ဘာ၏ အသိအမှတ်ပြု လေးစား ချီးမြှင့်မှုကို ခံကြရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေတွင် စည်းစိမ်ဥစ္စာရှိသည်။ စစ်တပ်ရှိသည်။ မြန်မာ နိုင်ငံတွင် လုပ်ပိုင်ခွင့်အာဏာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ဒဏ်လျော့ပေါ့ရာတွင် သူပြောခဲ့သည့်အတိုင်း တဦးအပေါ်တဦး အာဃာတမထား၊ ဒီမိုကရေစီ လမ်းကြောင်းအပေါ် အနှောင့်အယှက်မရှိစေဘဲ လုပ်ဆောင်လိုသည့် ဆန္ဒရှိပါက ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသား အင်အားစုတို့မှ ကြိုဆိုနေသည့် အချိန်ကာလတွင် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး တွေ့ဆုံဆွေးနွေးရေးအတွက် လုပ်ဆောင်ပါက နိုင်ငံတကာနှင့် မြန်မာနိုင်ငံသားများ သူ့အား မြင့်မြတ်သော ဆုတခုခုကို ပေးအပ်ချီးမြှင့်မည်ပင်။

သို့ရာတွင် ဗိုလ်ချုပ်မှူးကြီး အာဏာရပြီးနောက် သူ၏လုပ်ဆောင်ချက်များကို ကြည့်လျှင် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ ကြိုဆို ကမ်းလှမ်းချက်ကို လက်မခံ၊ နိုင်ငံတကာ သတိပေးမှု၊ စီးပွားရေး ပိတ်ဆို့မှု ကိုလည်း ဂရုမစိုက်၊ ရှုံ့ချမှုကိုလည်း ဘေးဖယ်ထားပြီး သူပြုချင်သလို ပြုနေသူ ဖြစ်သည့်အလျှောက် ပြည်ပမှ ဖိအားပေးမှုနှင့် ပြည်တွင်းမှ တိုက်ပွဲဝင်ရုံမှတပါး အခြားနည်းလမ်းမရှိ။

စင်စစ်တွင်မူ ဗိုလ်ချုပ်မှူးသည် နိုင်ငံတကာဖိအားနှင့် ပြည်တွင်းလှုပ်ရှားမှု ကြောင့်သာလျှင် ဒေါ်အောင်ဆန်းစုကြည် အပြစ်ဒဏ်အား မလွှဲမရှောင်သာ လျှော့ပေးလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အပြောင်းအလဲလုပ်ရာတွင် ပြည်တွင်းလှုပ်ရှားမှုနှင့် နိုင်ငံတကာ ဖိအားသာလျှင် ဗိုလ်ချုပ်မှူးကြီး၏ ဆန္ဒကို အကောင်းဘက်သို့ ပြောင်းလဲ ပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ယုံကြည်ပါသည်။

1 comments: