Friday, August 14, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည်တရားခွင်နှင့် မြန်မာနိုင်ငံ တရားစီရင်ရေးစံနစ်

တိုက်ရိုက်လေလှိုင်း ဆွေးနွေးခန်း
VOA ----- 12/ 8/ 2009

မြန်မာပြည်ရဲ့ တရားရေးစနစ် ကျင့်သုံးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ် ထပ်ပေးလိုက်တဲ့ ကိစ္စဟာ မြန်မာ့ နိုင်ငံရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမှလဲ ဆိုတာကို ဒီနေ့ ကျနော်တို့ ပြောဆို ဆွေးနွေးကြမယ် ဖြစ်ပါတယ်။ ပြောဆိုဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ သူတွေက ရန်ကုန်မြို့ NLD ပြောရေးဆိုခွင့် တဦးဖြစ်တဲ့ ရှေ့နေဦးသိန်းညွန့်၊ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်မှ မြန်မာ့ လူ့အခွင့်အရေး ကိစ္စတွေကို လုပ်ဆောင်နေတဲ့ ရှေ့နေ ဦးမင်းလွင်ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ တွဲဘက်အထွေထွေ အတွင်းရေးမှူး ကိုငွေလင်း၊ အမေရိကန်မှာ ဥပဒေရေးရာကို လေ့လာနေတဲ့ ဒေါက်တာ အင်ဒရူးငုံကျုံးလျှံ တို့ကို ဖိတ်ခေါ်ထားပါတယ်။ ဥပဒေ ရေးရာတွေကို အဓိက ပြောဆို ဆွေးနွေးကြမယ် ဖြစ်ပါတယ်။

မေး ------ ဒေါ်အောင်ဆန်းစုကြည် ကိစ္စကတော့ တကမ္ဘာလုံး သိသွားပြီ ပြောရမှာပါ။ နိုင်ငံခြား သတင်းတွေမှာလည်း ဒီသတင်းကိုဘဲ ထိပ်တန်း ဦးစားပေး ပြောနေပါတယ်။ မြန်မာပြည်မှာလည်း မြန်မာ့ ရေဒီယိုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်လိုက်တယ်။ ဒါပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့ မေတ္တာရပ်ခံချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထ၀က် သက်သာအောင် သူလုပ်ပေးလိုက်တဲ့ အကြောင်းတွေကို မြန်မာ ပြည်သူတွေ သိပြီးလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ကျနော်တို့ ဆွေးနွေးကြမဲ့ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားရေး တရားခွင် ကြည့်ပြီးတော့ မြန်မာပြည်မှာ တရားရေးစံနစ် ကျင့်သုံးပုံတွေဟာ ဥပဒေ ရှုထောင့်အရ ဘာတွေ ပြောစရာ ရှိသလဲ ဆိုတာကို ဆွေးနွေးချင်ပါတယ်။ ဆရာ့ရဲ့ အမြင်ကို သိပါရစေ။

ဦးသိန်းညွန့် ------ အရင်းကတော့ဗျား၊ မနေ့က ၄၀၁ အပိုဒ် (၅) ကို ကျင့်သုံးတဲ့ ကိစ္စဘဲ။ ဒီလို ကျင့်သုံး လိုက်တာတော့ ဘာဘဲပြောပြော ပေါ့ဗျား၊ မနေ့က ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ကနေ နေအိမ် ပြန်ရောက်သွား တဲ့အတွက် ကျနော်တို့ စိတ်သက်သာရာ ရပါတယ်။ ဥပဒေနဲ့ အညီ ပြောရင်တော့ ပြန်လွှတ်ပေးရမယ် ဆိုတာကို အားလုံးက မျှော်လင့် ထားကြတယ်။ ဒါပေမဲ့ အဲဒီ အခြေအနေ ဖြစ်မလာတဲ့အခါမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ အပိုဒ် ၅ ကို ကျင့်သုံး လာတဲ့အတွက် ၄၀၁ (၅) ကို ကျနော်တို့ အလေးအနက် ကြည့်ဖို့ လိုလာတယ်။ ၄၀၁ (၅) ဆိုတာက တရားရုံးရဲ့ လုပ်ပိုင်ခွင့် မဟုတ်ဘူး။ အရင်တုန်းကတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးကတော့ သမ္မတ ပေါ့ဗျား။ အခုတော့ စကားရပ်များ ဥပဒေအရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဥက္ကဌက လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်တဲ့ အခွင့်ထူး ပုဒ်မကို ကျင့်သုံးလိုက်တယ်။

ဆိုလိုတာကတော့ နည်းနာ လုပ်ပိုင်ခွင့်ပေါ့ဗျား။ ဆိုလိုတာကတော့ နည်းနာ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ အိမ်ကို ပြန်ပို့တယ် ဆိုတာက ဥပဒေ ကြောင်းဆိုင်ရာ ထူးခြားချက် ပေါ့ဗျား။ အဲဒီထူးခြားချက်ကို အဓိပ္ပါယ်ကတော့ အမျိုးမျိုး ပြန်ကြမယ်ပေါ့ဗျား။ အဲလို ပြန်တဲ့နေရာမှာ ကျနော်တို့ အဓိက စဉ်းစားရမဲ့ အချက်တချက်ကတော့ မေလ ၂၀ ရက်နေ့က စင်ကာပူ အပါအ၀င် သံသမန်တွေနဲ့ တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြက ဒီကံမကောင်း အကြောင်းမလှတဲ့ ဖြစ်ရပ်ကနေ ရလဒ်ကောင်း တစုံတရာ ပေါ်ထွက်လာဖို့ နောက်မကျသေးဘူး။ သက်ဆိုင်သူ အားလုံးက လိုလားကြတယ်။ ရနိုင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် အခွင့်အလမ်းတွေ ရှိသေးတဲ့ အတွက် ကျနော် တဦးခြင်း သဘောထားကို ပြောရရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေါ်ပေါက် လာအောင် ဥပဒေ လမ်းကြောင်း အရရော၊ အခြားလမ်းကြောင်း အရရော ၀ိုင်းပြီးတော့ တိုက်တွန်း ရမှာဘဲ ဖြစ်တယ်။

မေး ----- အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦး ကျေးဇူးပြုပြီး အကျဉ်းချုပ် ပြောပေးပါ။ ဒေါ်အောင်ဆန်းစုကြည် အပေါ် စီရင်ချတဲ့ ကိစ္စကို ကြည့်ပြီးတော့ မြန်မာပြည်ရဲ့ တရားရေးစနစ် ကျင့်သုံးမှုတွေကို ဥပဒေအရ ဘာပြောစရာ ရှိပါသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး -----
မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ကတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ ၀င်ရောက် ပါဝင်စွက်ဖက်တယ်၊ လွှမ်းမိုးမှု ရှိတယ် ဆိုတဲ့ဟာတွေက အခု ဒေါ်အောင်ဆန်းစုကြည် အမှုမှာ ရှင်းရှင်းလင်းလင်း သိနိုင်ပြီ ဖြစ်တယ်။ ဥပဒေရဲ့ အထက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခု ပိုပြီး ပေါ်လွင်တယ်ပေါ့ဗျား။ အဲတော့ ကျနော်တို့ နိုင်ငံရဲ့ တရား စီရင်ရေး စံနစ်မှာ နိုင်ငံရေးအမှုတွေနဲ့ ပတ်သက်တဲ့ အရာတွေ အာလုံးနီးပါးဟာ အခုလိုမျိုး စစ်ဆေး စီရင်ခြင်း ခံရတာဖြစ်တယ်။ တရားဥပဒေအရ ခွင့်ပြုထားတဲ့ အခွင့်အရေးတွေ ပိတ်ပင်ခံရတာ ရှိတယ်။ ခွင့်ပြုထားတဲ့ အခွင့်အရေး ကိုတောင်မှ မရဘဲနဲ့ ဒီအမှုတွေမှာ ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကတော့ နိုင်ငံတကာက သိအောင် မြန်မာနိုင်ငံက တရားစီရင်ရေး စံနစ်က ပျက်စီးနေပြီး၊ တရားဥပဒေ စိုးမိုးမှုမရှိဘူး။ ဥပဒေအထက်မှာ စစ်အာဏာရှင် အစိုးရ ရှိနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သိမြင်ဖို့ ဖြစ်လာတယ်လို့ ကျနော်တို့ ပြောချင်တယ်။

နောက်တချက်က အစောက ဆရာ ဦးသိန်းညွန့် ပြောသလိုဘဲ လွတ်ငြိမ်းချမ်းသာ ခွင့် ပေါ်လာမယ် ဆိုတဲ့ကိစ္စကို ကျနော် နည်းနည်း ပြောချင်တယ်။ အဲဒါကတော့ ဘာလဲ ဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောတဲ့ အခါမှာ မြန်မာနိုင်ငံမှာ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်လို့ သူတို့အနေနဲ့ စီမံ ဆောင်ရွက်နေတယ်။ အဲဒါတွေက မဲပေးနိုင်အောင်ကိုဘဲ သူတို့လုပ်တာ ဖြစ်တယ်။ ၀င်ရောက် အရွေးခံနိုင်ဖို့ အတွက် လွတ်ငြိမ်း ချမ်းသာခွင့်ကို သူတို့ အနေနဲ့ ပေးမယ် မဟုတ်ဘူး ဆိုတာကို ကျနော်တို့ သတိထားဖို့ လိုတယ်။ ဒါကြောင့် အဲဒီလို လွတ်ငြိမ်းချမ်းသာခွင့် ဆိုတိုင်းလည်း ရှေ့က ကြုံခဲ့ဖူးတဲ့ ဥပမာတွေအရ နိုင်ငံရေးသားက ၃/ ၄/ ၅ ယောက်ပါတာ ရှိတယ်။ တခါတလေ တစ်ရာ တောင်မပြည့်ဘူး။ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးတာ ရှိတယ်။ ကျနော်တို့ အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဆိုတာကိုလည်း အများကြီး သတိထားပြီး စောင့်ကြည့်ရဦးမယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။

မေး ----- ဒေါက်တာ အင်ဒရူးငုံကျုံးလျှံပါ။ ဒေါက်တာ အင်ထရူးကျုံး အနေနဲ့ ဘဘယ်လို မြင်ဘာသလဲ ခင်ဗျား။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ကိစ္စ၊ တရားခွင်မှာက ခဏက ပြောသွားတဲ့ အတိုင်းဆိုရင် ဥပဒေရဲ့ အထက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ်ကို တရားခွင်ကနေ ၃ နှစ်ကနေ တနှစ်ခွဲ သက်သာ သွားတာဟာ ကောင်းတယ်လို့ ပြောလို့ မရဘူးလား ခင်ဗျား။

ဒေါက်တာအင်ဒရူးငုံ ကျုံးလျှံ ---- ဟုတ်ကဲ့ပါ ဆရာ။ ၃ နှစ်ကနေ ၁ နှစ်ခွဲ ချတာက တမျိုးပေါ့လေ။ ဒါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း သမီးလို့ လက်ခံလာတယ်။ နောက်ပြီးတော့ အချက် ၃ ချက် အပေါ် မူတည်ပြီးတော့ ပြောထားတယ်။ အဲဒါက ဘာမှ သိပ်ပြီး ဆွေးနွေးစရာ မရှိဘူးလို့ ထင်ပါတယ်။

ဒါပေမဲ့ ဆွေးနွေးစရာ ရှိတာက အောက်တိုဘာလ ၁၈ ရက်နေ့ ၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးသူရ ရွှေမန်း ပြောသွားတဲ့အချက်က ဘယ်သူမှ ဥပဒေရဲ့ အထက်မှာ မရှိရဘူး ဆိုတာကို သူပြောသွားတယ်။ ဆိုတော့ ဒီနေ့ အင်းစိန် အထူးတရားရုံးမှာ တရားစီရင်ချက် ချပြီးတာနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်မောင်ဦးကို လွှတ်ပြီးတော့ တရားရုံးကို မထီမဲ့မြင် ပြုတာ။ ဆိုတော့ ဘယ်သူဘယ် ဖြစ်ဖြစ်၊ ဗိုလ်ချုပ်ရွှေမန်းရဲ့ စကားအရ တရားဥပဒေရဲ့ အထက် ဘယ်သူမှ မရှိဘူးဆိုတာကို အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရားရုံးရဲ့ လုပ်ထုံးလုပ်နည်း အားလုံးကို မထီမဲ့မြင်ပြုပြီး လာလုပ်နေတာကို၊ သူ့ကို တကယ် ဖြစ်သင့်တဲ့ ကိစ္စက တရားရုံးရဲ့ ၀န်ထမ်းတွေက သူ့ကို တရားစွဲဆိုရမှာ ဖြစ်တယ်။

အင်းစိန် အထူးတရားရုံးက လုပ်နေတဲ့ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေကို ဗိုလ်ချုပ်မှူးကြီးက မထီမဲ့မြင် ပြုတယ် ဆိုပြီးတော့ တရားစွဲသင့်တဲ့ကိစ္စ။ ကျနော်တို့ ကြည့်မယ်ဆိုရင် ဦးအောင်သိန်းတို့၊ ဦးခင်မောင်ရှိန်တို့၊ ဆရာညီညီထွေးတို့၊ ဆရာညီညီခိုင်တို့ သူတို့ ရှေ့နေရှေ့ရပ် လုပ်နေတဲ့ အချိန်မှာတောင်မှ သူတို့ဟာ တရားရုံးကို မထီမဲ့မြင် ပြုတယ်ဆိုပြီးတော့ တရားစွဲလိုက်၊ ထောင်ချလိုက်၊ လိုင်စင် ရုပ်သိမ်းလိုက်နဲ့ လုပ်နေတယ်။ အခုအချိန်မှာ ကျနော့ အထင်မှာတော့ တရားရုံးချုပ်က တရားရေး ၀န်ထမ်းတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်ဦးတို့ လုပ်ရပ်ဟာတွေက မြန်မာပြည်ရဲ့ တရားစီရင်ရေးကို စော်ကားရာ ရောက်တယ်၊ မထီမဲ့မြင် ပြုရာ ရောက်တယ် ဆိုပြီးတော့ အရေးယူ သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက သူပြောထားတဲ့ ကတိအတိုင်း၊ စကားရပ်အတိုင်း၊ တရားဥပဒေ အထက်မှာ ထင်ရာစိုင်းနေတဲ့ သူတယောက်ကို အရေးယူသင့်တဲ့ အချိန်လို့ ကျနော် ထင်ပါတယ်။

မေး ------ ဆိုတော့ ခဏက ပြောသွားတဲ့ အတိုင်းဘဲ အာဏာပိုင်တွေက လက်ရှိ တရားရေးစနစ်ကို လွှမ်းမိုးထားတယ် ဆိုတဲ့အချက်က အခုဖြစ်သွားတဲ့ ဒေါ်စု အခြေအနေ အပေါ်မှာ ကြည့်မယ်ဆိုရင် ထင်ရှားတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဥပဒေကြောင်း အခြေအနေအရ ပြောသွားခဲ့ပါတယ်။ ဆိုတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဘက်အတွင်းရေးမှူး ကိုငွေလင်း ခင်ဗျား။ မြန်မာပြည်မှာ နောက်နှစ် ဆိုလို့ရှိရင် ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်တယ်။ မြန်မာ စစ်အစိုးရက နိုင်ငံတကာကို အသိပေးပြီးတော့ လုပ်နေပြီ။ ဆိုတော့ အချိန် သိပ်မကျန်တော့ဘူး။ ဒီကာလမှာ တရားရေးစနစ်က အခုလို အာဏာပိုင်တွေက ချုပ်ထားတာကြောင့်မို့ ဒီအချက်ကို ကြည့်ပြီးတော့ နိုင်ငံရေးအရ အလားအလား ကောင်းတွေ မြင်ရပါသလားခင်ဗျား။

ဦးငွေလင်း ------ ဒေါ်စု အပေါ်မှာ အခုလို တရားစီရင် လိုက်တဲ့ကိစ္စဟာ မြန်မာနိုင်ငံအတွက် အလားအလာကောင်း လုံးလုံး ဆုံးရှုံးသွားပြီးလို့ ကျနော်တို့ ပြောချင်ပါတယ်။ ဘာကြောင့်လည်း ဆိုလို့ရှိရင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီမှာ ဒေါ်စုကို နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုတွေ ကြားကနေ ဒေါ်စုကို ဖယ်ထုတ်ဖို့ သေသေချာချာ ကြိုးစားလိုက်တယ်လို့ဘဲ ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။ အဲတော့ သေချာတာက အားလုံး ရွှေကုန်တိုင် ကြေငြာချက်မှာလိုဘဲ ဒေါ်စု အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးဖို့လိုတယ်။

ဒီကနေ့ ဖြစ်ပေါ် ပြောင်းလဲမှုဟာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှုဟာ အင်မတန်ကြီးပါတယ်။ အဲတာကို အင်အားစုတွေအားလုံး၊ ပြည်သူတွေနဲ့ နိုင်ငံတကာက အသိအမှတ်ပြု ထားပါလျှက်နဲ့ အဲဒီကိစ္စကို ရှောင်လွှဲပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုကနေ ဖယ်ထုတ်ပစ်ဖို့ ဆိုဒါဟာ တကယ့်ကို ဥပဒေအထက်မှာ ကျကျနန နေရာယူပြီးတော့ စစ်အစိုးရက ထပ်ပြီးတော့ ကျူးလွန် လိုက်တယ်လို့ ကျနော်က အဲလိုဘဲ မြင်ပါတယ်။ ဒါက အလားအလားကောင်း လုံးဝ မဟုတ်ဘူး၊ ပိုဆိုးတဲ့ အကြောင်းတွေ ဖန်လာပြီးလို့ ကျနော်တို့ မြင်ပါတယ်။

မေး ------ ဆိုတော့ မြန်မာပြည်မှာက နိုင်ငံရေးအရ အရှိန်အ၀ါကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD က ပုဂ္ဂိုလ်တွေကလည်း ဒီအမှုမှာ တိုက်တိုက်တွန်းတွန်း လုပ်ခဲ့ကြပေမဲ့ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုရှိတယ် ဆိုတဲ့အနေအထားနဲ့ အခုလို ရောက်သွားတဲ့ အခါမှာ တရားရေး စနစ်ကလည်း စိတ်ချရတဲ့ အနေအထားမရှိဘူး။ နိုင်ငံရေး အရလည်း အလားအလာ မကောင်းဘူး ဆိုတော့ ဒီအခြေအနေ ဆိုးကနေပြီးတော့ ဘာများအကောင်း မျှော်လင့်စရာ ရှိတယ်ဆိုတာကို ထပ်ပြီးစဉ်းစားဖို့ လိုမယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ ကနေပြီးတော့ တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးပူကျင်ရှင်းထံ ရဲ့ သဘောထားကို ပေးထားတာ ရှိပါတယ်။ နားဆင်ကြည့်ပါ ခင်ဗျား။

ဦးပူကျင်ရှင်းထံ ------ ဒီဥစ္စာက ကမ္ဘာ့ဖိအားကို မကြောက်လို့ အခုလိုမျိုး လုပ်တယ်လို့ ထင်ပါတယ်။ အမှန်တရား မရောက်သေးဘူး။ ဒေါ်စုကိစ္စ ဆိုလို့ရှိရင် အစက နေပြီးတော့ တရားစွဲဖို့ လုံးဝမရှိဘူး။ လွှတ်ဖို့ဘဲ။ အဲဒါကို ကြံဖန်ပြီးတော့ ဒီအမှုဖြစ်လာတာ၊ အပေါင်း လက္ခဏာ နည်းနည်း ဆောင်လာတဲ့သဘော၊ စကားလုံးတွေ သုံးတဲ့အခါမှာ အများကြီး သက်သာလာတာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို နည်းနည်းလေး ဦးတည်နေတယ်လို့ ပြောလို့ရတယ်။

မေး ------ အဲတာကတော့ ဦးပူကျင်ရှင်းထံ ဖြစ်ပါတယ်။ သူပြောတဲ့ အထဲမှာ အဓိက ကျတ့ အချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည် အမှုကို လျှော့ပေါ့အောင် သူပြောသွားတဲ့ အချက်တွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အလားအလာ ကောင်းသဘောမျိုး ဦးပူကျင်ရှင်းထံ သုံးသပ်သွားတယ် ခင်ဗျား။ ဒီအချက်ကို ဆက်ပြီး ဆွေးနွေးပါ့မယ်။ ဒီအချက်ကို ဆရာ ဦးသိန်းညွန့် ပြောထားခဲ့တယ် ဆိုတော့ ဂရုဏာ လုပ်ပိုင်ခွင့်အရေ အလားအလာ ကောင်းတွေ ဖြစ်လာနိုင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်စုကိုလည်း နှစ်ဘက် ပြေလည်ရေးအတွက် ပြောတဲ့ သဘောမျိုး ယူဆလို့ ရမှာလား ခင်ဗျား ဆရာ ဦးသိန်းညွန့်။

ဦးသိန်းညွန့် ------ ကျနော်တို့ တိုင်းပြည်ရဲ့ ကနေ့ အခြေအနေဟာ အားလုံး သိတဲ့အတိုင်းဘဲ၊ လူတစုက ချမ်းသာပြီး လူအများစုက ဆင်းရဲတယ်။ နောက်တခုက တယောက်နဲ့ တယောက် အခုတွေ့နေရတဲ့ ဖြစ်ရပ်တွေဟာ အာဃာဓ တရားတွေ၊ ခံပြင်းမှုတွေ ပိုပြီးကြီးထွား လာစေတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ မျက်နှာ၊ ပြည်သူလူထု မျက်နှာကို ထောက်ပြီးတော့ ကျနော်တို့ဟာ နာစရာတွေကို လွမ်းစရာဖြင့် ဖြေပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရအောင် လုပ်ရမှာပါ။ နွားတွေကို နားစရာ ဖြစ်အောင် ဖန်တီးပြီးတော့ နွားကို ခံပြင်းစရာဖြစ်အောင်၊ ဒေါသ ဖြစ်အောင် တုန့်ပြန်နေမယ် ဆိုရင်တော့ ကျနော်တို့ ဘယ်တော့မှ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရမယ်မဟုတ်ပါဘူး။

အဲတော့ ကျနော်တို့ အမျိုးသားပြန်လည် သင့်မြတ်ရေး ရဖို့ဆိုတာ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းလေး တခုကို အတိုးချဲ့ပြီးတော့ ရွှေကုန်တိုင် ကြေငြာချက် အပါအ၀င်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ဖို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေါ်လာအောင် ကုလသမဂ္ဂကလည်း တောင်းဆိုသလို ပြည်တွင်းမှာရှိတဲ့ သူတွေကလည်း ဒီကိစ္စကို ဥပဒေနဲ့အညီ တရားဥပဒေ ဘောင်ကနေ ဆောင်ရွက်နိုင်သမျှကို အပြည့်အစုံ ဆောင်ရွက်သွားရမှာပါ။ အဲတော့ ကျတော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာက အမျိုးသားပြန်လည် သင့်မြတ်ရေးအပေါ်မှာ မူတည်နေတဲ့အတွက် ဘယ်ထောင့်ကနေ ကြည့်ကြည့် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် တိုင်းပြည်ကို ချစ်တဲ့လူတိုင်းရဲ့ တာဝန်ပါဘဲ။

မေး ------ ဆိုတော့ ဆရာ ဦးမင်းလွင်ဦးကလည်း ဘယ်လိုထင်ပါသလဲ။ နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောတဲ့ အာဃာတ မရှိစေရေး အတွက် တဦးနဲ့တဦး ဒေါ်အောင်းဆန်းစုကြည်အပေါ်မှာ ထောက်ထား ညှာတာမှုနဲ့ အခြေအနအရ ပြစ်ဒဏ်လျှော့ပေါ့အောင် လုပ်ခဲ့တယ်ဆိုတော့ ဒီလိုပြောဆိုတဲ့ သဘောထားတွေက ဒေါ်အောင်ဆန်းစုကြည် အပေါ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေအပေါ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကောင်းတဲ့လက္ခဏာနဲ့ ချဉ်းကပ်မှုအသစ်နဲ့ ဆောင်ရွက် လာတယ်လို့ မြင်ပါသလား။

ဦးမင်းလွင်ဦး ----- ကျာနော်တော့ အဲလို မထင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုလို့ရှိရင် နိုင်ငံတကာက ဖိအားပေးလာတဲ့ အခါတိုင်းမှာ ပြောတဲ့ကိစ္စတွေ၊ နောက်ပြီးတော့ စစ်အစိုးရ ကိုယ်စားလှယ် ပြောနေတဲ့ ကိစ္စရပ်တွေဟာ သူတို့က ရှေ့နောက်စကား ဆင်ခြင်ပြီး ပြောတာ မဟုတ်ပါဘူး။ လတ်တလော ကြုံတဲ့ ပြဿနာကို စကားလှလှ သုံးပြီးတော့ ပြောလိုက်တာဘဲ ရှိတယ်။ ပြောပြီးတော့ ဘယ်လောက် မကြာဘူး သူတို့လုပ်ချင်တာ ပြန်လုပ်တာ ဖြစ်တယ်။ ဒါကြောင့် သူတို့ ပြောတဲ့ စကားအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ရင်ကြားစေ့ရေးတို့၊ တဦးနဲ့ တဦး အမုန်း မပွားရေးတို့ ဒီဥစ္စာတွေကို ကျနော့တဦးထဲ အမြင်အရ ပြောမယ်ဆိုရင် ကျနော် အယုံအကြည် မရှိဘူး။

နောက်ပြီးတော့ သူတို့ပြောတဲ့ စကားအပေါ်မှာလည်း သူတို့ တန်ဖိုးထားတဲ့လူ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ အနေနဲ့ အခုဖြစ်တဲ့ ကိစ္စရပ်နဲ့ ပတ်သက်လို့ရှိရင် ပြောရမယ်ဆိုလို့ရှိရင် တော်တော်များများက အကောင်းမြင်တဲ့ဘက်က ပြောနိုင်မယ်လို့ ကျနော်မထင်ဘူး။ နောက်ပြီတော့ အခုလို ဖြစ်တဲ့ကိစ္စကလည်း ၄၀၁ (၅) အရ နိုင်ငံတော် သမ္မတက ပေးနိုင်တယ် ဆိုပေမဲ့လည်း ဥပဒေမှာ ပြဌာန်းထားတာက ရှင်းတယ်ဗျ။ နိုင်ငံတော် သမ္မတ ဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဖြင့် တည်ထောင်ထားတဲ့ အစိုးရ၊ ဒါမှမဟုတ်ရင် နိုင်ငံတော် သမ္မတ။ ဒီဥစ္စာကို ခဏက ဆရာဦးသိန်းညွန့် ပြောသွားတဲ့ စကားရပ်များ အစားထိုးတဲ့ ဥပဒေအရ သူက သမ္မလိုလိုနဲ့ အခုပေးသွားတဲ့ ဥစ္စာက။ ဒီဥပဒေကို လက်တလုံးကြားလုပ်ပြီးတော့ မလိမ့်တပါတ် လုပ်နေတာဘဲ ဖြစ်တယ်။ ဒါသူတို့ရဲ့ သဘောထား အမှန် မဟုတ်ဘူး ဆိုတာကို ကျနော်တို့ အနေနဲ့ သိဖို့လိုတယ်။ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါနိုင်အောင် နည်းမျိုးစုံ ကန့်သတ်ဖို့ သူတို့မှာ စီမံချက်ရှိရှိနဲ့ ဆောင်ရွက်ပြီးသား ဖြစ်တယ်လို့ ကျနော်ကတော့ ထင်တယ်။ ဒါကြောင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို သူတို့အနေနဲ့ ထည့်သွင်း စဉ်းစားလိမ့်မယ် မဟုတ်ဘူးလို့ ကျနောကတော့ မြင်တယ်။

မေး ------ ဟုတ်ကဲ့ခင်ဗျား၊ ဆရာ အင်ဒရူးကျုံးလျှံ ကလည်း ကျနော့ကို တိုတိုလေး ပြောပေးပါခင်ဗျား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည် အပေါ် စာနာမှုတွေကြောင့် သက်သာသွားတာ ဆိုတဲ့ကိစ္စဟာ အလားအလာ ကောင်းတယ်လို့ မြင်ပါသလား ခင်ဗျား။

ဒေါက်တာ အင်ဒရူးကျုံးလျှံ ----- စာနာထောက်ထားမှုနဲ့ ကျနော်တို့ ပြောနေတဲ့ အလားအလာကိစ္စကို အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေး တည်ဆောက်ရေး လုပ်ငန်းတွေဟာ စာနာထောက်ထားတဲ့ အပိုင်းက ဗိုလ်ချုပ်ကြီးရဲ့ စာနဲ့ ပေနဲ့တွေ့ရတာက ၀မ်းသာတယ်၊ ကြိုဆိုတယ်၊ ရှိသင့်တာလည်း ကြာလှပြီ။ ရှိသင့်တဲ့ အတိုင်းလည်း လုပ်သင့်ပါတယ်။ တဖက်က ကျနော်တို့ အဲဒီလို စေတနာရှိတိုင်း ကိုယ်ထင်ရာ ကိုယ်စိုင်း လုပ်လို့မရတဲ့ ပြဿနာ အများကြီးရှိတယ်။ အင်းစိန် အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ၃ နှစ် ပြစ်ဒဏ် ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ အနေနဲ့ သူတို့အယူခံမှာဘဲ။ အယူခံမှာ တိုင်းတရားရုံး အဆင့်ဆင့်သွားပြီး နောက်ဆုံး ဗဟိုတရားရုံးရောက်မှ အဲဒီစေတနာကို နည်းမှန်လမ်းမှန် အတိုင်း သူက ကျင့်သုံးသင့်တယ်။ ကျင့်သုံး ခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ခဏက ဆရာမင်းလွင် ပြောသွားတဲ့ကိစ္စကို ကျနော် မဆွေးနွေး လိုတော့ပါဘူး။ အဲဒီအချိန်ကျမှ သူကလုပ်သင့်တယ်။ အခုတော့ တရားရုံးတ တခုလုံးရဲ့ လုပ်ဆောင်ချက်ကို လာပြီးတော့ အာဏာ ရှိပါတယ်၊ လုပ်ပိုင်ခွင့် ရှိပါတယ်၊ လာလုပ်တဲ့ကိစ္စက တဖက်ကနေ ဥပဒေရေးရာ ရှုထောင့်ကနေကြည့်ရင် လုံးဝ မလုပ်သင့်တဲ့အလုပ် တရားဥပဒေကို စော်ကားတဲ့အလုပ်၊ တဘက်က တရားဥပဒေကို လုံးဝ ဂရုမစိုက်တော့ဘဲနဲ့ တရားမဲ့ တိုင်းပြည်နဲ့ မင်းမဲ့ တိုင်းပြနည်နဲ့ အာဏာရှိတဲ့ ကောင်က အုပ်ချုပ် နေပါစေတော့၊ လုပ်ပါစေတော့ ဆိုလိုရှိရင် အခုသူလုပ်တဲ့ စာနာထောက်ထား သောအမှု တနှစ်ခွဲ လျှော့ခိုင်းလိုက်တဲ့ ကိစ္စက ကောင်းတဲ့အချက် ဖြစ်ပါတယ်။

မေး ----- ဗိုလ်ချုပ်မှူုးသန်းရွှေရဲ့ အခုလိုလုပ်လိုက်တဲ့ ကိစ္စကို ကိုငွေလင်းအနေနဲ့ ဘယ်လို ထင်ပါသလဲ ခင်ဗျား။

ဦးငွေလင်း ------ တကယ်တန်း ကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဖို့တောင် မထိုက်ဘူး။ လုံးဝလွှတ်ပေးသင့်တဲ့ ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးဥာဏ်ဝင်းတို့ ဆရာဦးကြည်ဝင်းတို့ တောက်လျှောက် ပြောနေတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ကိုလုံးဝ မချသင့်ဘူး။ သူ့ကို လုံးဝ လွှတ်သင့်တယ်။ အဲဒီ လွှတ်သင့်တဲ့ ဥစ္စာကို စွတ်အတင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆိုပြီးတော့ ၃ နှစ် ချတယ်။ ချပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကရုဏာရှင်ကြီး ပုံစံနဲ့ စကားလုံးလှလှ သုံးပြီးတော့ တနှစ်ခွဲ လျှော့ချ ပစ်လိုက်တယ်။ အဲဒီကိစ္စ ကျနော်တို့ ဘယ်လိုဆက်ပြီး ကျေးဇူးတင်လို့ ရမှာလဲ။ ဒါလုံးဝ ကျေးဇူးတင်စရာမရှိဘူး။ ၃ နှစ်လည်း မချသင့်ဘူး။ တနှစ်ခွဲလည်း မချသင့်ဘူး။ တရက်ခွဲလည်း မချသင့်ဘူး။ အဲဒီလို ချနေတဲ့ကိစ္စတွေဟာ ဘယ်လိုဘယ် စကားလုံး လှလှတွေ သုံးနေပါစေ အနှစ်သာရအရ အဓိပါယ်မရှိဘူး။

အနှစ်သာရအရ ဘာလဲ ဆိုလို့ရှိရင် လူထု ခေါင်းဆောင်နဲ့ လူထုကို အဆက်ဖြတ်တာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်ဆောင်ဆန်းစုကြည်ကို အဆက်ဖြတ်တာ။ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဆက်ဖြတ်တာ။ အဲဒါကလွဲရင် အခြား ဘာအဓိပါယ်မရှိဘူးလို့ ကျနော်တို့က မြင်ပါတယ်။ အဲတော့ ဒီနေ့ ကျတော်တို့ ဆောင်ရွက်ရမဲ့ ကိစ္စဟာ ဥပဒေ ကြောင်းအရ အယူခံတင်သည် မတင်တဲ့ ကိစ္စက ဥပဒေကြောင်း ကိစ္စဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိက ကတော့ ကျနော်တို့ လုပ်စရာ ရှိတဲ့အလုပ် တွေကို ရွှေကုန်တိုင် ကြေငြာချက်က ပြဌာန်းပေးလိုက်တဲ့ အလုပ်တွေကို တိတိကျကျ လုပ်ရုံကလွဲ၍၊ အမျိုးသား ဒီမိုကရေစီ တကယ်လူထုကို သေသေချာချာ ချပြပြီးတော့မှ လုပ်သင့် လုပ်ထိုက် တာကို လုပ်ရုံကလွဲပြီး အခြားနည်းလမ်း ဘာမှ မရှိဘူးလို့ ကျနော် မြင်ပါတယ်။

မေး ----- မနေ့က မြန်မာ မီဒီယာတွေမှာ ကြေငြာသွားတဲ့ မရှင်းတဲ့ အချက်တွေ ကတော့ ပူးတွဲပါ သတ်မှတ်ချက်တွေနဲ့ အညီ ဒေါ်အောင်ဆန်းစုကြည် ဟာ နေအိမ်မှာ ကောင်းကောင်းမွန်မွန် နေမယ်ဆိုလို့ရှိရင် ဆိုင်းငံ့ထားတဲ့ ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်ဆိုတဲ့ အချက်ပါဘဲ။ ပူးတွဲပါ သတ်မှတ်ချက် ဆိုတာ ကျနော်တို့ မသိရသေးပါဘူး။ သေချာတာ ကတော့ ဒီဥပဒေ အတိုင်း သွားမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမှာ အကြုံးမ၀င် တော့ဘူး ဆိုတာမျိုး ဖြစ်နေပါတယ်။

ဆိုတော့ ၂၀၀၃ ခုနှစ် ကနေပြီးတော့ နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တနှစ်ခွဲလုပ်လိုက်တော့ မကျေနပ်မှု တွေက ပိုပြီးတော့ ထွက်ပေါ်လာတယ်။ နိုင်ငံတကာက မြန်မာစစ်အစိုးရကို တိုးပြီးတော့ အပြစ်မြင်လာတယ်။ ဒီအခြေအနေ ကနေပြီး မြန်မာ့နိုင်ငံရေး အပေါ် လယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မှာလဲ ဆိုတာကို အကျဉ်းချုံးပြီးတော့ ပြောကြရအောင် ဆရာဦးသိန်းညွန့်က စပြီး အတိုချုံး ပြောပေးပါ ခင်ဗျား။ နိုင်ငံရေးအရ ဘယ်လောက်အထိ အကျိုးရှိမယ် ဆိုတာကို ဆရာ ဦးသိန်းညွန့် ပြောပြပေးပါ ခင်ဗျား။

ဦးသိန်းညွန့် ----- ကျနော်တို့ နိုင်ငံက သိတဲ့အတိုင်းဘဲလေ။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ကတော့ မနေ့က သူတို့ ထုတ်ပြန်ထားတဲ့ ကြေုငာချက် မှာလည်း ပါပါတယ်။ သိရသလောက်လည်း အချက် ၈ ချက်လို့ ကြားပါတယ်။ အပြည့်အစုံက မကြားရပေမဲ့ မီဒီယာတွေ ကတော့ သတ်မှတ်တာ တပိုင်းပေါ့ဗျား။ တကယ့် အရေးပါတာကတော့ ဒီမိုကရေစီ အရေးကို တကယ်သွားမယ် ဆိုလို့ရှိရင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရမယ်၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လုပ်ပေးရမယ်။ အဲဒီ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ကလည်း ၆၃ ခုနှစ်က ထုတ်ခဲ့တယ်။ ၈၀ ခုနှစ်က ထုတ်ခဲ့တယ်။ အဲဒီမှာ အတိအလင်းနဲ့ နိုင်ငံအရေး အကျဉ်းသားတွေကို အားလုံးနီးပါး လွှတ်ခဲ့ပါတယ်။ အဲဒီအထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကတော့ အခု၂၀၁၀ မတိုင်ခင်မှာ မဖြစ်မနေ လိုအပ်ပါတယ်။ အဲဒီလိုအပ်ချက်နဲ့ ပတ်သက်ရင် အာဏာပိုင် တွေဘက်က တိုင်းပြည်အတွက် ရေရှည် အမျှော်အမြင် စဉ်းစားဖို့ လိုတယ်။ ဒီနေ့ကျနော်တို့ တိုင်းပြည် အခြေအနေဟာ တယောက်နဲ့ တယောက် အင်အားသုံးပြီးတော့ လုပ်လို့ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ တယောက်နဲ့ယောက် အပေးအယူ လုပ်ပြီးတော့ ပြန်လည်သင့်မြတ်ရေးနဲ့ သွားမှသာလျှင် ကျနော်တို့ အလုပ်လုပ်လို့ ရမယ် ဖြစ်တယ်။ အဲတော့ ကျနော့တဦးချင်း သဘောထားပြောရရင် အစောက ကျနော် ပြောထားတဲ့ အတိုင်းဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပေါ်ပေါက်လာတဲ့ အခွင့်အလမ်း မှန်သမျှကို ကျနော်တို့ ဆုပ်ကိုင်ဖို့ လိုပါတယ်။ အတွေ့ကြုံအရ ဒီတိုင်းပြည်အပေါ်မှာ စနစ်တကျ အသုံးမချ တတ်လို့လည်း ၂၁ နှစ် ကျနော်တို့ ကြာခဲ့တဲ့ အပိုင်းတွေ ရောက်ခဲ့ပါတယ်။ အဲတော့ ကျနော် ပြောချင်တာကတော့ ပြည်တွင်းမှာ လုပ်နေတဲ့ သူတွေကတော့ နေ့လား၊ ညလား၊ အရေးတယူ လုပ်နေရတာ ဖြစ်တဲ့အတွက်၊ နောက်တခါ တိုင်းပြည်အတွက် ပြောတဲ့ အချိန်မှာ ဥာဏ်ပညာနဲ့ သတ္တိကို ပေါင်းစပ်ပြီးတော့ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။

မေး ---- ဆရာဦးမင်းလွင်ဦး အနေနဲ့ ဒေါ်စုအပေါ်မှာ ဆုံးဖြတ်ချက်ကိစ္စကို နိုင်ငံရေး အနေနဲ့ ဘယ်လို အကျိုးသက်ရောက်မှု ရှိမယ်ဆိုတာကို ဘယ်လိုမြင်ပါသလဲ။

ဦးမင်းလွင်ဦး ------ ကျနော်ကတော့ အဲလိုပြစ်ဒဏ် ချမှတ်လိုက်တဲ့ကိစ္စက Convicted ဖြစ်တယ်လို့ သတ်မှတ် လိုက်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့လည်း မလွယ်ကူတော့တဲ့ အခြေအနေ ဖြစ်လာတယ်။ နောက်ပြီး ရွေးကောက်ပွဲ ဥပဒေမှာက ဘယ်လိုမျိုး ကန့်သတ်ထားတယ် ဆိုတာကို ကျနော်တို့ မသိနိုင်ဘူ်း။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ပိုင်း လွှတ်တာ မလွှတ်တာ တကဏ္ဍဗျား။ အမှန်က အပြစ် မရှိတဲ့အတွက် ဒီအမှုကနေ တရားသေ လွှတ်ရမဲ့ကိစ္စရပ် ဖြစ်တယ်။ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ နောက်ပိုင်း ကျတော့မှ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်တာဘဲ ပြောပြော ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မ၀င်နိုင်အောင် Convicted ပြစ်ဒဏ် ချမှတ်ထားတယ်လို့ ကျနော်ထင်တယ်။ အဲဒါက လုံးဝမတရားဘူးလို့ ကျနော့အနေနဲ့ ပြောချင်ပါတယ်။

မေး ----- ကိုငွေလင်း ဘက်ကရော မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက် ရိုက်ခတ်မှု ရှိမှယ်လို့ ထင်ပါသလဲ။

ဦးငွေလင်း ----- ဒီမှာ သူပြောထားတာက သတ်မှတ်ထားတဲ့ စည်းကမ်းများနဲ့အညီ ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားတဲ့ ပြစ်ဒဏ် အားလုံးမှ လွတ်ငြိမ်း ချမ်းသာခွင့် ပြုမည် လို့ ဆိုတယ်။ အဲဒါ ဘာတွေလဲဆိုတော့ စစ်အစိုးရရဲ့ တဖက်သတ် ရေးဆွဲ ထားတဲ့ မလုပ်ချင်တာကို လုပ်တော့မယ်လို့ အားပြုထားတဲ့ လမ်းပြမြေပုံအတိုင်း လမ်းပြမြေပုံကို မနှောင့်မယှက် နေလို့ရှိရင် ဒါကောင်းမွန်စွာ နေထိုင်တယ်လို့ အဓိပ္ပါယ် သက်ရောက်မှာပါ။ အဲတော့ ရွှေကုန်တိုင် ကြေငြာချက်အတိုင်း တကယ့်ကို တိတိကျကျ ဒေါ်အောင်ဆန်းစုကြည် လက်ခံပြီး နေထိုင်မယ်ဆိုရင် ကောင်းမွန်စွာ နေထိုင်ခြင်း မဟုတ်တော့ဘူး။

ဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့က အရပ်စကား ပြောရမယ်ဆိုရင် ဗိုလ်သန်းရွှေ ပြောလိုက်တဲ့ ကိစ္စက ဒါဟာ သက်သက်ကို စော်ကားတာ ဖြစ်တယ်။ ကျနော်တို့က ယုံကြည်တာကို ယုံကြည်တဲ့အတိုင်း ဆောင်ရွက်ဖို့လိုတယ်။ ကျနော်တို့ရဲ့ ယုံကြည်ချက်က ရွှေကုန်တိုင် ကြေငြာချက် ဖြစ်တယ်။ အဲဒီရွှေကုန်တိုင် ယုံကြည်ချက်ကို ရအောင်ယူမယ်။ အဲလို ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တော့မှ အလျှော့ပေးပြီးတော့ ငြိမ်ခံပြီးတော့မှ ဗိုလ်သန်းရွှေ အကြိုက် ငြိမ်ခံနေလိမ့်မယ် မဟုတ်ဘူးလို့ ကျနော်တော့ မြင်ပါတယ်။ အဲဒီအတိုင်းဘဲ ဆောင်ရွက်သင့်တယ်။ တကယ့်တကယ်ကျတော့ NLD ဟာ ဒေါ်အောင်ဆန်းစုကြည် လက်ခံချက် အတိုင်းဘဲ သေသေချာချာ ပြင်ပြင်ဆင်ဆင် ဆောင်ရွက်သင့်တယ်လို့ ကျနော်မြင်တယ်။ ဒီဥစ္စာက အမျိုးသားပြန်လည် သင့်မြတ်ရေး အကြောင်းအရာကို မယုံကြည်လို့ ပြောနေတာ မဟုတ်ဘူး။

ကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment