Sunday, August 16, 2009

Filled Under:

ဥရောပ သမဂ္ဂမှ န အ ဖ အစိုးရအား ဒဏ်ခတ်မှု တိုးမြှင့်

VOA ----- 14/8/2009

EU ဥရောပ သမဂ္ဂမှနေပြီးတော့ စစ်အစိုးရအပေါ် လုံးဝ အရင်ကအရေးယူ ဒဏ်ခတ်ထားတာကို အခုထပ်ပြီး တိုးမြှင့်လိုက် ပါတယ်။ မကြာသေးခင်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် အခုလို အရေးယူဒဏ်ခတ်မှုတွေကို EU ဘက်က တိုးမြှင့်လိုက်တာပါ။ တိုးမြင့်တဲ့ EU Sanction အဖွဲ့တွေထဲမှာ နောက်ထပ် ပုဂ္ဂိုလ်တွေ ထည့်သွင်းထားပါတယ်။ ဒီအထဲမှာ စီးပွားရေး လုပ်ငန်းရှင် ၁၀ ဦးလည်း အစိုးရပိုင်သတင်း media ၄ ခု အပြင် ထူးထူးခြားခြား တရားရေးဌာနမှ ဒေါ်အောင်ဆန်းစုကြည် ကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ တရားသူကြီး ၄ ဦးလည်း ပါဝင်ပါတယ်။

ဒီလို တရားရေးဌာနကိုပါ အရေးယူလိုက်တာဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ဆိုးဆိုးဝါးဝါး ချို့ယွင်းနေတာကို ပြသရာရောက်တာမို့ ကြိုဆိုတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်မှလည်း ပြောဆိုလိုက်ပါတယ်။ AHRC မှ ရှေ့နေဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းရာ ဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

ဦးမင်းလွင်ဦး ------ အစိုးရရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ ၀ိုင်းဝန်းကူညီ ပံ့ပိုး ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံက တရားသူကြီးတွေ၊ ရှေ့နေချုပ်တွေ၊ အစိုးရ ရှေ့နေတွေ အပေါ်မှာ အခုလို တားမြစ်မိန့် ထုတ်ပြန်လိုက်တာကို ကျနော်တို့ အနေနဲ့ ကြိုဆိုတယ်။ ဒီတရားသူကြီးတွေ၊ အစိုးရ ရှေ့နေတွေက ဒီအမှုမှာ တရားဝင်ဖြစ်အောင်၊ ဥပဒေဘောင်ထဲ မရောက် ရောက်အောင် သူတို့ အနေနဲ့ ဒါတွေကို စီမံ ဆောင်ရွက် နေတဲ့အတွက် EU ကနေပြီး အခုလိုမျိုး ကန့်သတ်မိန့်တွေ၊ တားဆီးမိန့်တွေ ထုတ်ပြန်တယ်လို့ ကျနော်တို့ သိရှိရတယ်။

ဒီဥစ္စာကလည်း မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာရှင်တွေကို နိုင်ငံတကာ ခုံရုံးတင်ဖို့ ကိစ္စရပ်တွေ တောင်းဆိုနေတဲ့ အချိန် ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ တရားသူကြီးတွေ၊ နောက်ပြီး အစိုးရရှေ့နေတွေ ပါဝင်ပတ်သက်မှု အများကြီးရှိတယ်။ ဒါတွေအပေါ်မှာ နိုင်ငံတကာက အခု ဒေါ်အောင်ဆန်းစုကြည် အမှုကနေ စပြီးတော့ အလေးထားပြီး သုံးသပ် ဆုံးဖြတ်တဲ့အပေါ်မှာတော့ ကျနော်တို့ အနေနဲ့ ကြိုဆိုတယ်လို့ ပြောရမယ် ဖြစ်ပါတယ်။

မေး ------ အခုလို EU ဥရောကနေ ပထမဦးဆုံး တရားသူကြီးတွေကို တရားရေး ဌာနတွေ အနေနဲ့ ပတ်သက်ပြီးတော့ အရေးယူ ဒဏ်ခတ်လိုက်တဲ့ အပေါ်မှာ ပေါ်ပေါက်လာမဲ့ အကျိုးဆက်တွေက ဘာတွေရှိပါသလဲ။

ဦးမင်းလွင်ဦး ------ ဟုတ်ကဲ့ခင်ဗျား။ ဒီလိုမျိုး တရားသူကြီးတွေ၊ အစိုးရ ရှေ့နေတွေ ကို အရေးယူလိုက်တဲ့ အပေါ်မှာ ဘာဖြစ်လာ နိုင်သလဲ ဆိုလို့ရှိရင် ယခင် စစ်ဆေးခဲ့တဲ့ အမှုတွေမှာ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် အရေးယူ ဆောင်ရွက်တဲ့ ကိုထင်ကျော်တို့ အမှုတွေကို စီမံ ဆောင်ရွက်တဲ့ သူတွေ၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ကြီးလေးတဲ့ အပြစ်ဒဏ်တွေ အမိန့် ချမှတ်ခဲ့တဲ့ တရားသူကြီးတွေ၊ နောက်တခါ ကျောင်းသား ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့ အဖွဲ့တွေမှာ ဦးဆောင်ခဲ့တဲ့ ဦးမြင့်အေးတို့ကို ပြစ်ဒဏ် အမြင့်ဆုံး ပေးခဲ့တဲ့ တရားသူကြီးတွေ၊ အဲဒီလိုမျိုး အမှုတွေမှာ နောက်ပိုင်း ကျလို့ရှိရင် လူ့အခွင့်အရေး အဖွဲ့တွေကလည်း တင်သွင်းမယ်၊ လက်ရှိ တရားစီရင်ရေး စံနစ်ကလည်း ဒီလိုဘဲ ဆက်ဖြစ်နေရင်တော့ ဒီစာရင်းထဲမှာ ပါနေတဲ့ လူတော်တော်များများကို ဆက်လက်ပြီးတော့ ပိတ်ပင်တားဆီး သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။
AHRC မှ ဦးမင်းလွင်ဦးကို ဒေါ်ခင်မျိုးသက်မှ ဆက်သွယ်မေးမြန်း ထားပါတယ်ရှင်။

0 comments:

Post a Comment