Monday, August 17, 2009

Filled Under:

ဂျွန်ယက်တော လွတ်မြောက်လာခြင်းအပေါ် သုံးသပ်သူတို့ရဲ့ အမြင်

VOA ----- 16/ 8/ 2009
မစ္စတာ ဂျွန်ယက်တော ပြန်လွတ်လာ တာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်လို့ပါ။ ဒါဟာ လုပ်ပိုင်ခွင့်ရှိလို့ လုပ်လိုက်တာကြောင့် တရားဝင်တယ် ဆိုတဲ့အကြောင်း ဂျွန်ယက်တောရဲ့ အကျိုးဆောင် ရှေ့နေ ဦးခင်မောင်ဦးက VOA ကို ရှင်းပြပါတယ်။

“နိုင်ငံတော် ငြိမ်ဝပ်ပြီးပြားမှု တည်ဆောက်ရေး အဖွဲ့ ဥက္ကဌ ရဲ့ သဘော ထောင်ကျတဲ့ ကိစ္စပေါ့လေ။ သူတို့ လွှတ်လိုက်လို့ ရတယ်။ လျော့ပစ်လို့ရတယ်။ လုံးဝ လွှတ်လိုက်လို့ ရတယ်။ စည်းကမ်းချက်နဲ့ ဖြစ်စေ၊ စည်းကမ်းချက် မပါဘဲ ဖြစ်စေ ဆောင်ရွက်လို့ ရတယ်။ နိုင်ငံတော် အကြီးအကဲ အနေနဲ့” ဂျွန်ယက်တောရဲ့ ရှေ့နေ ဦးခင်မောင်ဦး ဖြစ်ပါတယ်။

အမေရိကန် အခြေစိုက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆောင်ရွက် ပေးနေတဲ့ နိုင်ငံတကာ အကျိုးဆောင် ရှေ့နေ မစ္စတာ ဂျယ်ရက်ကန်ဆာ ကတော့ -

“အခုပြစ်ရပ်ဟာ မြန်မာ စစ်အစိုးရကနေ နိုင်ငံတကာကို ၀ါဒ ဖြန့်ချီလိုက်တာ ဖြစ်ပြီး သိပ်လည်း အပြောင်းအလဲ မရှိပါဘူး။ အခုလို ဂျွန်ယက်တော ပြန်လွတ်လာ တာဟာ ကျနော့အတွက် အံ့သြစရာ မဟုတ်ပါဘူး။ ဒါဟာ မြန်မာ အစိုးရက နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ၀ါဒဖြန့်ချီရေး သက်သက် လုပ်လိုက်တာ ဖြစ်တယ်။ တကယ့် အခြေခံကျတဲ့ အကြောင်းအရာ တွေက မြန်မာပြည်မှာ ဘာမှ အပြောင်းအလဲ မဖြစ်ခဲ့ပါဘူး။ ဂျွန်ယက်တောက ကံကောင်း ထောက်မလို့ အိမ်ကို ပြန်ရတော့ မယ်ပေါ့လေ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၂၀၀၀ ကျော်တဲ့ နိုင်ငံရေး အကျဉ်းသား တွေက ဒီအတိုင်းဘဲ အဖမ်းဆီးခံရတဲ့ ဘ၀နဲ့ ဆက်ပြီးကျန်ရစ် နေဦးမှာပါ။ မြန်မာ စစ်အစိုးရကတော့ ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ မပါဘဲနဲ့ ဆက်ပြီး လုပ်သွား ပါလိမ့်မယ်။ အခြေခံကျတဲ့ အကြောင်းအရာ တွေက ဘာမှ ထူးထူးခြားခြား မပြောင်းလဲ သေးဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေ မစ္စတာ ဂျယ်ရက်ကန်ဆာ ပြောသွားခဲ့တာပါ။

ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး ကတော့ -

“ မြန်မာနိုင်ငံ အတွင်းမှာ နိုင်ငံခြားသား တွေကို ပြန်ပို့တဲ့ ဟာတွေက အရင် ဂျိမ်းမော်စလေ ကိစ္စတုန်းက တခါရှိခဲ့တယ်။ နောက်တခါ ၉၉၉၉ ( ၉ လေးလုံး) နှစ်ပါတ်လည်နေ့မှာ ရန်ကုန်မြို့မှာ ပို့စကဒ်တွေဝေလို့ ၁၇ ယောက် ပြန်ပို့လိုက်ရတဲ့ ကိစ္စရပ်တွေ ရှိတယ်။ သူတို့ကိုတော့ ချက်ချင်း ပြန်ပို့တာပါ။ ဂျိမ်းမော်စလေ ကတော့ ၆ လလောက် ကြာတယ်။ အခုတခါ ဂျွန်ယက်တော ပြစ်ဒဏ်ချမှတ်ပြီး မကြာခင်မှာဘဲ ပြန်ပို့တယ် ဆိုတော့ကာ ဒါက နိုင်ငံခြားသား တွေကို မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် ထဲမှာ မထားချင်တာ ပါတယ်။

အဲဒီလို ထားလိုက်လို့ရှိရင် မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေကို သူတို့ သိသွားမယ်။ နိုင်ငံတကာကို ပြန်ပြီးတဆင့် ဖေါက်သယ်ချမယ် ဆိုလို့ရှိရင် အရှက်တကွဲ အကျိုးနည်း ဖြစ်စရာရှိတယ်။ ဒါကြောင့် သူတို့ အနေနဲ့ အတတ်နိုင်ဆုံး အမြန်ဆုံး ပြန်ပို့တယ်လို့ ကျနော်တို့ တွက်ဆလို့ရပါတယ်။”

အခု မစ္စတာ ဂျွန်ယက်တောကို ပြန်လွှတ်ပေးလိုက်တဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက် ဘယ်လို တောင်းဆိုမှု အခွင့်အရေးတွေ ထွက်လာမှလဲ မေးတဲ့ အခါမှာတော့ ဦးမင်းလွင်ဦးက -

“ ဒီလိုတော့ အခွင့်အရေး တွေ မရနိုင်ပါဘူးခင်ဗျား။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ယက်တောကို ပြန်လွှတ်လိုက်တဲ့ ကိစ္စက နိုင်ငံတော် သမ္မတ အာဏာနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ သူတို့က နေပြီးတော့ ပြစ်ဒဏ်ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတော့ လွှတ်လိုက်တာ၊ ပြည်နှင်ဒဏ် ပေးလိုက်တာ ဖြစ်တယ်။ ဒီအပေါ်မှာ ဒေါ်ဆောင်ဆန်းစုကြည်က ဒီအချက်ကို ထောက်ပြပြီးတော့ ပြောဆိုနိုင်ဖို့ အခွင့်အရေးတော့ မရနိုင်ပါဘူး ခင်ဗျား။”

ဝါရှင်တန်အခြေစိုက် အမေရိကန် ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်က -

“ အမေရိကန် အစိုးရအနေနဲ့ရော ကွန်ကရက် လွှတ်တော် အနေနဲ့ရော အားလုံး နားလည်ထားတာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်က တကယ်တန်း ကျတော့ အပြစ်မရှိဘဲနဲ့ အဖမ်းခံရတယ်၊ ထောင်ကျတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က မလွတ်ဘဲနဲ့ မစ္စတာယက်တော လွတ်လာတဲ့ အတွက်ကြောင့် Senator ဂျင်မ်ဝက်ဘ် အနေနဲ့ ဘာမှ ဂုဏ်ယူစရာ မရှိပါဘူး။ သူ့ကို ဘယ်သူကမှ ချီးကျူး ဂုဏ်ပြုကြမယ် မဟုတ်ပါဘူး။”

ဂျွန်ယက်တောရဲ့ အမျိုးသမီးကိုယ်တိုင်က -

“သူ့အမျိုးသား ပြန်လွတ် လာတာကို ၀မ်းသာပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ပြန်မလွတ် လာတဲ့အတွက် စိုးရိမ် ပူပန်နေပါတယ်။ ဒါဟာအံ့သြဖို့ ကောင်းလောက် အောင် ၀မ်းသာစရာ သတင်းပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သက်ညှာမှု ပေးတာ မတွေ့ရတဲ့အတွက် စိုးရိမ်နေတုန်းပါဘဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အလားတူ သက်ညှာမှု ပေးလိုက်မယ်လို့ ကျမ မျှော်လင့်ပါတယ်။”

ထောင် ၇ နှစ် ကျခံရတဲ့ မစ္စတာ ဂျွန်ယက်တော ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာတော့ စစ်အစိုးရ လုပ်ရပ်ကို အကောင်းမြင်ဘက်က မြင်တာတွေ နည်းပါးပြီးတော့ စစ်စိုးရရဲ့ သဘာဝအတိုင်း နိုင်ငံတကာကို လှည့်စားနေတဲ့ လုပ်ရပ်ဘဲလို့ မြင်တာက များနေပါတယ် ခင်ဗျား။

0 comments:

Post a Comment