Tuesday, August 11, 2009

Filled Under:

RFA သတင်းမြင်ကွင်းကျယ် အစီအစဉ်

RFA ----- 10/ 8/ 2009

လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖေါက်မှု တော်တော်များများဟာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်အောင် လုပ်နေသူ တွေဟာ အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ လူမှုရေး အဖွဲ့အမည်ခံ အဖွဲ့တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအဖွဲ့ တွေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အပါအ၀င် စွမ်းအားရှင်လို အဖွဲ့တွေ ဖြစ်ကြပါတယ်။ မြန်မာသတင်း သမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်က အခုလိုပြောပါတယ်။

ဦးမောင်မောင်မြင့် ------ “အစိုးရက အနေနဲ့ သူတို့ရဲ့ ပုလိပ်တပ်ဖွဲ့တွေကို မသုံး ချင်တဲ့ နေရာမျိုး တွေဆိုရင် ကြံ့ဖွံ့အဖွဲ့နဲ့ စွမ်းအားရှင် အဖွဲ့တွေကို သုံးတတ်ပါတယ်။ ကြံ့ဖွံ့နဲ့ စွမ်းအားရှင် အဖွဲ့တွေဟာ ဥပဒေ ပြင်ပတော့ ဥပဒေပြင်ပ။ သို့သော်လည်း သိပ်မစွမ်း မရောက်တဲ့ ကိစ္စမျိုး လူရိုက်မဲ့ နေရာမျိုးတွေမှာ စွမ်းအားရှင်ကို သုံးတဲ့ အနေအထားမှာ ရှိတယ်။”

ဦးမောင်မောင်မြင့် ပြောသွားတာပါ။ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး ကလည်း မြန်မာနိုင်ငံက လူမှုရေး အဖွဲ့ အမည်ခံ အကြမ်းဖက် အဖွဲ့တွေ ခေါင်းထောင်လာတာဟာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေကို ထိန်းသိမ်းလိုက်ပြီး နောက်ပိုင်းမှာ ပိုပြီး ထင်ထင်ပေါ်ပေါ် တွေ့လာတယ်လို့ ဆိုပါတယ်။

ဦးမင်းလွင်ဦး ------ “ ယခင်ထောက်လှမ်းရေး တွေနောက်ပိုင်းမှာ ကြံ့ဖွံ့တွေ သုံးလာတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ ကြံ့ဖွံ့တွေအပြင် စွမ်းအားရှင်တွေကို သူတို့ ကနေပြီးတော့ ဖွဲ့စည်းဖို့အတွက် မြို့နယ်အတွင်းမှာ ရှိတဲ့ ရယက တွေကို တာဝန်ပေးပြီးတော့ ကျနော်တို့ တွေ့ရတယ်။ ဘယ်နေရာမှာ ပိုပြီးတော့ ထင်ထင်ရှားရှား သိလာတယ် ဆိုလို့ရှိရင် ဆန်ဈေးနှုန်းတွေတက်လို့၊ လောင်စာဆီတွေ ဈေးကြီးလို့ဆိုပြီး ဆန္ဒပြတဲ့ ကိုထင်ကျော်တို့ အုပ်စု။ နောက်ပြီးတော့ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြတဲ့ ဦးအုန်းသန်းတို့ ကိစ္စ၊ ပြီးတော့ ရွှေဝါရောင် သံဃာ့အရေး အခင်းတွေမှာ ကျောင်းတွေကို စောင့်ကြည့်တဲ့ကိစ္စ၊ နောက်ပြီးတော့ အရေးအခင်းကို ဖြိုခွဲဖို့ သံဃာတွေကို ၀င်ရောက်ရိုက်နှက်တဲ့ ကိစ္စ၊ ကျောင်းတွေကို ၀င်စီးတဲ့ ကိစ္စရပ်တွေမှာ ဒီလူတွေ ကနေပြီးတော့ ပါဝင်ပြီး ဆောင်ရွက်တယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်။”

ဒီဖြစ်ရပ်တွေ အားလုံးအပြင် နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ် သူတွေကို စောင့်ကြည့်မှုများ၊ နှောင့်ယှက် ဖျက်ဆီးမှုတွေကို လုပ်ကိုင်ခွင့် လိုင်စင် ရထားသူများကို ပေါ်ပေါ်ထင်ထင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဦးမောင်မောင်မြင့် ကတော့ အာဏာရှင် နိုင်ငံတွေမှာ လုပ်နေကြ အလုပ်ဘဲလို့ သုံးသပ်ပါတယ်။

ဦးမောင်မောင်မြင့် ------ “ဒါတွေများနေတယ် ဆိုတဲ့အခါကျတော့ ကျနော့ စိတ်ထဲမှာ ဒီဟာတွေမှာလည်း ဒီအတိုင်းဘဲ။
လက်ရှိအာဏာရ အစိုးရ အနေနဲ့က အတိုက်အခံတွေကို နှိမ်နင်းဖို့ လက်ကိုင်ဒုတ် အဖွဲ့ တွေကို သုံးတတ်ပါတယ်။ အဲဒါကတွေက နောက်ဆုံး သမိုင်း နောက်ကြောင်း ပြန်လှန်မယ်ဆိုရင် နာဇီ ဂျာမနီဖြစ်ဖြစ့်၊ ဟစ်တလာ အနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် ဟစ်တလာက အာဏာမရခင် ကတည်းက လူငယ်အဖွဲ့ တွေကို ဖွဲ့ပြီးတဲ့ အခါကျတော့ လက်ကိုင်ဒုတ် ဖွဲ့ပေးတယ်။ ဒါမျိုးတွေ သူတို့ လုပ်တယ်။ နောက်ပိုင်း သူအာဏာ ရလာပြီး နောက်ပိုင်း မှာလည်း လူထုအချင်းချင်း ပြန်ပြီး ရန်တိုက် ပေးတယ်။ သူတို့ ဘက်ကို သစ္စာခံမဲ့ သူတွေကို ပြန်ရွေးပြီးတော့ သုံးတာမျိုး ရှိတယ်။ ဒါကို ပြန်ကြည့်မယ် ဆိုလို့ရှိရင်တော့ ဒါဟာ အာဏာရှင်တွေရဲ့ လုပ်ရိုး လုပ်စဉ်လို့ဘဲ ပြောရမယ် ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးတဲ့ စွမ်းအားရှင်အဖွဲ့တွေ ပြုလုပ်သွားတယ်လို့ ယုံကြည်ရတဲ့ ဖြစ်စဉ် ပေါင်းများစွာ ရှိတဲ့အနက် ထင်ရှားမဲ့ ဖြစ်ရပ် နှစ်ခုကတော့ သမိုင်းတွင်မယ့် အနေအထား ရှိတယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ် နှစ်ခုလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်နေတာပါ။

ဦးမောင်မောင်မြင့် ------ ဒီပဲယင်း အရေးအခင်း ဆိုရင် ကျနော်တို့ အားလုံး သိကြတဲ့အတိုင်း အချက်အလက်အားလုံးက လူသတ်ပွဲပါ။ အဲဒီလူသတ်ပွဲက တကယ်တန်းပြောရမယ် ဆိုလို့ရှိရင် ထိပ်ဆုံးကနေ လာတဲ့အမိန့်အရ ကြံ့ဖွံ့အဖွဲ့က ဖေါ်ဆာင်ပေးရတဲ့ အနေအထား တွေလည်း ရှိနေတယ်။ သတင်းထွက်နေတဲ့ အချို့သတင်းတွေအရ ပြောရမယ် ဆိုလို့ရှိရင်လည်း မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်တဲ့ ကိစ္စမှာ ကြံ့ဖွံ့များ ပတ်သက်မှာလား ဆိုတဲ့ သဘောမျိုး ထွက်နေတာကို သိရပါတယ်။ ခိုင်ခိုင်လုံလုံ ဘာမှမသိဘူး ဆိုရပေမဲ့လည်း မဟုတ်ဘူးလို့ အခုအချိန်မှာ ဘာမှ ငြင်းလို့ ခက်လိမ့်မယ်လို့ ထင်ပါတယ်။”

ဦးမောင်မောင်မြင့်ရဲ့ အမြင်ပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့များ၊ စွမ်းအားရှင်များဟာ အကြမ်းဖက်တာမျိုးတွေ ဒေါင်းကျကျ လုပ်နေသလို ဥပဒေစိုးမိုးရေးအတွက် အာဏာပိုင်တွေ လုပ်ဆောင်ရမဲ့ လုပ်ငန်းတွေမှာပါ ၀င်ရောက် လုပ်ဆောင် နေကြကြောင်း၊ ဥပမာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဆောင်ရွက်ရမဲ့ အဖမ်းအဆီးကိစ္စ တွေမှာလည်း သူတို့ပါနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဦးမင်းလွင်ဦး ----- “လူတဦးတယောက်ကို ဖမ်းဆီးမယ်ဆိုလို့ရှိရင် ရဲတပ်ဖွဲ့ကသာ ဖမ်းဆီးနိုင်တာဖြစ်တယ်။ အခုတော့ အဲလိုမဟုတ်ဘဲနဲ့ သိမ်ကြီးရှေ့မှာ ဆန္ဒပြတဲ့ ကိုထင်ကျော်တုန်းက ဆိုလို့ရှိရင် စွမ်းအားရှင်ကိုတိုင် ၀င်ဖမ်းတယ်။ သူတို့ဖမ်းပြီးတော့ စစ်ကြောရေး စခန်းတွေ ပို့လိုက်တယ် ဆိုတာကို တရားရုံးမှာ သူတို့ကိုယ်တိုင် လာပြီး သက်သေ ထွက်ဆိုခဲ့တာရှိတယ်။ နောက်တခါ ဦးအုန်းသန်း ကိစ္စမှာ ဆိုလို့ရှိရင်လည်း ထိုနည်းတူစွာဘဲ။ ကျောာက်တံတား မြို့နယ်အတွင်းမှာ တာဝန်ကျနေတဲ့ ရဲတွေနဲ့အတူ လုံခြုံရေး ဆိုပြီးတော့ စွမ်းအားရှင်တွေက ၀င်ရောက်ပြီးတော့ တာဝန်ယူတယ်။ နောက်ပြီးတော့ ရဲတွေမဖမ်းဘဲနဲ့ စွမ်းအားရှင်တွေ ဖမ်းတယ်ဆိုတာကို တရားရုံးမှာ သူတို့ တရားဝင်လာပြီး ထွက်ဆိုတယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်။”

စွမ်းအားရှင်အဖွဲ့တွေအနေနဲ့ ဖမ်းဆီးခွင့် ရှိ၊ မရှိ တရားရုံးမှာ မေးမြန်းဖို့ ရှိပေမဲ့ အဲဒီအဖမ်းခံရတဲ့သူတွေ အမှုရင်ဆိုင်ရတဲ့အခါ ရှေ့နေ ငှားရမ်းခွင့်တွေ မပေးတာကြောင့် တရားရုံးမှာ မေးမြန်းခွင့်တွေပါ ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။ ဒီကိစ္စတွေအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ မေးစရာပါ။ ဦးမင်းလွင်ဦး မေးကြည့်တဲ့အခါမှာ သူက အခုလို ဆိုပါတယ်။

ဦးမင်းလွင်ဦး ----- ဥပဒေအရ ကျနော်တို့အနေနဲ့ တရားမ၀င်ဘူး ဆိုတာကို အတိအလင်း သိနေပေမဲ့လည်း အာဏာပိုင်တွေက နောက်ခံပြုထားတဲ့အတွက် အရေးယူနိုင်ဖို့ တော်တော်ခဲယဉ်းတာတွေ ဖြစ်တယ်။ အဲတော့ ဟင်္သာတ ကျေးရွာ အုပ်ပုံသား ကိုမြင့်နိုင် ဆိုရင်လည်း တရားရုံးတွေရှေ့မှာ အင်အားပြပြီးတော့ လာစောင့်နေတယ်။ ရိုက်တာလည်း သူတို့ဘဲ။ နောက်တခါ မတ္တရာ လွှတ်တော် အမတ် ဦးသန်းလွင်တို့ကို ရိုက်တာလည်း ဒီလူတွေဘဲ။ ဒါတွေကို ကျနော်တို့ သိသော်လည်း ပြန်တရားစွဲတဲ့အခါမှာ တရားရုံးတွေကိုယ်တိုင်က ဒီလူတွေကို ထိုက်သင့်တဲ့ အပြစ်ဒဏ်မပေးပဲနဲ့ တရားစွဲတဲ့ သူတွေကို ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ပေးတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိနေရတယ်။ ဒါကြောင့် အာဏာပိုင် တွေနဲ့ ပတ်သက်တယ်။ တရားရုံးတွေမှာ ဒီကိစ္စတွေမှာ အာဏာပိုင် တွေရဲ့ အလိုကျ လိုက်လံဆောင်ရွက် ပေးနေရတယ် ဆိုတာကို ကျနော်တို့ တွေ့နေရတယ်။ အဲတော့ လုပ်ရကိုင်ရတာ နဲနဲခက်ခဲတဲ့ အခြေအနေမှာ ရှိပါတယ် ခင်ဗျား။”

ဦးမင်းလွင်ဦး ပြောပြသွားတာပါ။ လုပ်ရကိုင်ရ ခက်ခဲနေတဲ့ အခြေအနေမှာ ရှိတယ် ဆိုတာကတော့ ပြဿနာရဲ့ အဖြေ မဟုတ်ပါဘူး။ ဒါပေမဲ့ မှတ်တမ်းတွေ ပြုစုထား တာက တနေ့နေ့ တချိန်ချိန်မှာ အသုံးပြုနိုင်ဖို့ အတွက် ဖြစ်လာမှာပါ။ အဲဒီ တရားမဲ့ လုပ်ရပ်တွေကို လူ့အခွင့်အရေး အဖွဲ့တွေက မှတ်တမ်းတွေ ပြုထားသလိုဘဲ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊ အဖွဲ့အစည်း တွေကလည်း စောင့်ကြည့် နေတယ်လို့ ဆိုပါတယ်။ ဒီပြဿနာတွေရဲ့ အဖြေအတွက် အချိန်တခုတော့ စောင့်ရဦးမယ် ဖြစ်ပါတယ်။

0 comments:

Post a Comment