Thursday, September 03, 2009

Filled Under:

သာသနာ ညှိုးနွှမ်းအောင် လုပ်မှုနဲ့ အရှင် ဆန္ဒာဓိကအား ဖမ်းဆီးထားသည့်အပေါ် AHRC မှ အရေးပေါ် ပန်ကြားလွှာပို့

RFA ----- 3/ 9/ 2009

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်တဲ့နေ့က အင်းစိန်ထောင်ရှေ့ကို ကြွရောက်ခဲ့တဲ့အတွက် အရှင် ဆန္ဒာဓိက ကို ဖမ်းဆီး စွဲဆိုထားတဲ့ အမှုဟာ ပုဒ်မ ၂၉၅ သာသနာကို ညှိုးနွှမ်းအောင် လုပ်တယ်ဆိုပြီး စွဲချက် တင်နိုင်လောက်အောင် ခိုင်လုံခြင်း မရှိတာကြောင့် အရှင် ဆန္ဒာဓိကကို ပြန်လွှတ်ပေးဖို့ အာရှ လူ့အခွင့် အရေး ကော်မရှင်က တောင်းဆို လိုက်ကြောင်းကို ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးမင်းလွင်ဦးက RFA ၀ိုင်းတော်သား ကိုဇော်မိုးကျော် အား အောက်ပါအတိုင်း ရှင်းလင်း ဖြေကြားခဲပါတယ်။

မေး ------- ဦးမင်းလွင်ဦး ခင်ဗျား။ အာရှ လူ့အခွင့်အရေး ကော်မရှင်ကနေပြီးတော့ ဖမ်းဆီးထိန်းသိမ်း ရုံးတင်ခံနေရတဲ့ အရှင်ဆန္ဒာဓိကနဲ့ ပတ်သက်ပြီး ဘယ်လို တောင်းဆိုချက်တွေ ပြုလုပ်ထားပါသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ဦးဆန္ဒာဓိက အမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဒီအမှုမှာ စွတ်စွဲထားတဲ့ စွဲဆိုချက်တွေက မှားတယ်ဆိုတဲ့ အချက်တွေကို ထောက်ပြပြီးတော့ ဒီအမှုကနေ အပြီးအပြတ် လွှတ်ပေးဖို့ ကျနော်တို့ ဒီနေ့ အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ် ခင်ဗျား။

မေး ----- ဒီမေတ္တာရပ်ခံစာမှာ ဘယ်တွေကို အဓိက ရည်ရွယ်ပြီးတော့ ထုတ်ဘာသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အာဏာပိုင် အဖွဲ့အစည်း အသီးသီးကို အဓိကပေးပို့တယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ လက်အောက်ခံ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်း ဆိုင်ရာ စောင့်ကြည့်လေ့လာ ရေးအဖွဲ့၊ လွတ်လပ်တဲ့ ရှေ့နေများ တရားသူကြီးများအဖွဲ့ စတဲ့လုပ်ငန်းအဖွဲ့ တွေကိုလည်း ကျနော်တို့ ပေးပို့တာဖြစ်တယ်။ နောက်ပြီးတော့ မကြာခင်ကမှ ဖွင့်လှစ်လိုက်တဲ့ အရှေ့တောင်အာရှ လူ့အခွင့်အရေးဆိုင်ရာ ရုံးခွဲနဲ့ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်း ဆိုင်ရာ ဌာနတွေကိုလည်း ကျနော်တို့ ပေးပို့ထားပါတယ်။

မေး ----- ဦးမင်းလွင်ဦး ပြောသွားတဲ့ အထဲမှာ ဦးစန္ဒာဓိက ကို ဖမ်းဆီးရုံးတင် အမှုစစ်ဆေးတဲ့ ကိစ္စမှာ မမှန်ကန်မှုတွေ၊ လွဲချော်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဘယ်လို အချက်အလက်၊ အခြေအနေတွေက လွဲချော်နေတာကို နည်းနည်းလောက် ရှင်းပြပေးပါခင်ဗျား။

ဦးမင်းလွင်ဦး ------ ဦးဆန္ဒာဓိက က ဒေါ်အောင်ဆန်းစုကြည်အမိန့် ချမှတ်တဲ့ ၁၁ ရက်နေ့မှာ အင်းစိန်ဈေးရှေ့ကို ရောက်သွားတာ ဖြစ်တယ်။ ဈေးရှေ့မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူတွေနဲ့ စကားပြောတာရှိတယ်။ အဲလို ပြောဆိုပြီးနောက် နေ့လည်ပိုင်းမှာ NLD ရုံးကို ခေတ္တ ၀င်ရောက်လည်ပတ်တာကို ကျနော်တို့ သိရှိရတယ်။ ဒါတွေက ၀ါတွင်းကာလမှာ ၀ါပန်ပြီးတော့ လာတဲ့အတွက် ၀ိနည်းတွေနဲ့ အညီ ဆောင်ရွက်တာဖြစ်တယ်။ သို့သော်လည်း ဒီအမှုမှာ တရားလိုဖြစ်တဲ့ ရဲအုပ် ဇော်ဘုန်းဝင်းတို့ ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အမိန့်ချတဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေးရင် ကိုယ့်ကိုယ်ကို ဓါတ်ဆီလောင်းမီးရှို့ပြီး ဆန္ဒပြမယ်လို့ သတင်းရထား တဲ့အတွက် လာစောင့်ကြည့် တယ်။ နောက်ပြီးတော့ ဘုန်းကြီးက ၀ိနည်းနဲ့ မညီတဲ့ ဒေသကို သွားတယ်ဆိုပြီး သံဃာ့နာယက အဖွဲ့သို့ ခေါ်သွားတာကို ကျနော်တို့ သိရှိရတယ်။

သံဃာ့နာယက ကနေပြီးတော့ ဒါက ၀ိနည်းနဲ့အညီ သွားရောက် ခရီးသွားတဲ့ကိစ္စ ဖြစ်တဲ့အတွက် ဘာမှ အပြစ်မရှိဘူး ဆိုပြီးတော့ ပြန်လွှတ်လိုက်ပါတယ်။ အဲဒီလို ပြန်လွှတ်ပြီးတဲ့ အခါမှာ ဖမ်းဆီးတဲ့ ရဲကနေပြီးတော့ သူတို့ပိုင်တဲ့ ဗဟန်းမြို့နယ် သံဃာ့နာယက ကို ခေါ်သွားပြီးတော့ အဲဒီမှာ အတင်းအဓမ္မ လူဝတ်လဲပြီး အခုအမှုကို စွဲဆိုတယ်ဆိုတာကို ကျနော်တို့ စစ်ဆေးပေါ်ပေါက် ချက်တွေအရ သိရတယ်။

မေး ------ အခု ဦးဆန္ဒာဓိက ကို စွဲဆိုထားတာက ဘာစွဲချက်နဲ့လဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------- အဓိက စွဲဆိုထားတဲ့ စွဲချက်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က)၊ သာသနာရေးကို ညှိုးနွမ်းအောင် လုပ်ဆောင်တယ်ဆိုတဲ့ အမှုနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ် ခင်ဗျား။

မေး ------ အမှုသွား အမှုလာအရ ဦးမင်းလွင်ဦးတို့ လေ့လာ သိရှိချက်အရ ဦးဆန္ဒာဓိက ဟာ မသွားသင့်တဲ့နေရာ သာသာနာ ညှိုးနွမ်းအောင်လုပ်တဲ့ အချက်အလက်တွေ ပေါ်ပေါက်တာမျိုး တွေ့ရှိပါသလားခင်ဗျား။

ဦးမင်းလွင်ဦး -------
ဝိနည်းထဲမှာ ပြဌာန်းထားတာက ရဟန်းသံဃာတွေ မသွားသင့်၊ မသွားအပ်တဲ့ အရပ်ဆိုပြီးတော့ သေရေသင်းငုတ်၊ ပြည့်တန်ဆာ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ နေရာတွေပါတယ်။ ဒီအချက် နှစ်ချက်ကလွဲပြီး ကျန်တဲ့နေရာတွေ ကန့်သတ်ထားတာကို ကျနော်တို့ မတွေ့ရှိရဘူး။ ဒါ့အပြင် အရှင် ဆန္ဒာဓိက ကလည်း ၀ါတွင်းကာလမှာ ၀ါပန်ပြီးတော့ အလှူရှင်တွေ ပင့်ဖိတ်တဲ့ ကာလမှာ လာရောက်တဲ့အတွက် ဒါတွေက ၀ိနည်းတော်နဲ့အညီ ဆောင်ရွက်တာ ဖြစ်တယ်။ သာသနာ ညှိုးနွှမ်းအောင် လုပ်ဆောင်တာ တချက်မှ မတွေ့ရတဲ့အတွက် ဒီအမှုမှာ အရှင်ဆန္ဒာဓိက ကို အမှုကနေ လွှတ်ပေးဖို့အတွက် ကျနော်တို့ ဒီကနေ့ ထုတ်ပြန်ရခြင်း ဖြစ်တယ်။

(AHRC မှ ပေးပို့သော ပန်ကြားလွှာ အပြည့်အစုံကို ဤအင်တာနက် စာမျက်နှာတွင် လေ့လာ ဖတ်ရှုနိုင်ပါတယ်။) http://www.ahrchk.net/ua/mainfile.php/2009/3247/

0 comments:

Post a Comment