Friday, September 04, 2009

Filled Under:

အရှင်ဆန္ဒာဓိကအား ပြစ်ဒဏ်ချမှုသည် ပြဌာန်းချက်ဥပဒေနဲ့ လွဲချော်နေတယ်လို့ AHRC ပြော

VOA ----- 3/ 9/ 2009

အင်းစိန်ထောင်မှာ အဖမ်းခံထားရတဲ့ အရှင်ဆန္ဒာဓိက အမှုနဲ့ပတ်သက်ပြီး အဓိက ထောက်ပြတာကတော့ အမှုကို စွဲဆိုထားတဲ့ စွဲချက်တွေရော၊ တရားခွင်ရဲ့ စစ်ဆေးရေး တွေမှာပါ တရားခွင်ရဲ့ ကျင့်ထုံးတွေ၊ ပြဌာန်းချက် ဥပဒေတွေနဲ့ လွဲချော်နေတယ်လို့ ထောက်ပြပါတယ်။ အခု အရှင်ဆန္ဒာဓိကကို သာသနာ ညှိုးနွမ်းအောင် လုပ်မှုနဲ့ တရားစွဲဆိုထားပေမဲ့ ဦးဇင်းအနေနဲ့ ဘယ်လို အကြောင်း နဲ့မှ ဒီစွဲချက်တွေနဲ့ ညိစွန်းတာ၊ ချိုးဖေါက်ကျူးလွန်ခဲ့တာ မရှိဘူးလို့ AHRC အဖွဲ့မှ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်တဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ အရှင်ဆန္ဒာဓိက က နေပြီးတော့ အင်းစိန် အကျဉ်းထောင်ရှေ့မှာရှိတဲ့ NLD အဖွဲ့ဝင်တွေနဲ့ စကားပြော တယ်။ စကားပြောပြီးတဲ့ အခါမှာ NLD ရုံးချုပ်ကို ၀င်ရောက် လည်ပတ်တယ်။ အပြန်မှာ အဖမ်းခံရတာ ဖြစ်တယ်။ သို့သော်လည်း အရှင်ဆန္ဒာဓိက အနေနဲ့ အင်းစိန်ထောင် သွားတဲ့ကိစ္စက ရဟန်းသံဃာတွေ သွားသင့်တဲ့ အရပ်၊ နောက်ပြီး တော့ NLD ရုံးချုပ်ကို လည်ပတ်တာက ဥပဒေ အရသော်လည်းကောင်း၊ ၀ိနည်း အရ သော်လည်းကောင်း တားမြစ်ထားတာ မရှိတဲ့အတွက် ဒီလို သွားရောက် လည်ပတ်တာက သံဃာတပါးအနေနဲ့ မသွားသင့်တဲ့ နေရာတွေ သွားတာမဟုတ် ဘူး ဆိုတာကို ထင်ထင်ရှားရှား ကျနော်တို့ သိရှိရတယ်။”

ရန်ကုန်တိုင်း သံဃာ့နာယက အဖွဲ့ကြီးက အရှင်ဆန္ဒာဓိက လုပ်ရပ်ဟာ ၀ိနည်းနဲ့ ညီတဲ့ လုပ်ရပ်တွေ ဖြစ်တာမို့ သာသနာ ညှိုးနွှမ်းအောင် လုပ်ခဲ့တာ မဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုခဲ့ပေမဲ့ နောက်ဆုံး အာဏာပိုင်တွေက ဦးဇင်းကို ဖမ်းပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပြီးတော့ အမှုကို ဗဟန်းတရားရုံးမှာ စစ်ဆေး နေတာ ဖြစ်ပါတယ်။

“ဦးဇင်းကို တိုင်းသံဃာမဟာနာယက ကနေပြီးတော့ ဒီဦးဇင်းက ၀ိနည်းတွေနဲ့ အညီ လာရောက်တာ ဟုတ်မဟုတ်၊ ၀ါတွင်းကာလ ဖြစ်တဲ့အတွက် ၀ါပန်ခြင်း ရှိမရှိ စတာတွေကို မေးမြန်းတယ်။ အဲလို မေးမြန်းတဲ့အခါမှာ ၀ိနည်းတော်နဲ့အညီ ဆောင်ရွက်တဲ့ ကိစ္စတွေ ဖြစ်နေတဲ့အတွက် ပြန်လွှတ်လိုက်တာ ဖြစ်တယ်။ အဲဒီမှာ ရဲတွေကနေပြီး ဗဟန်းမြို့နယ် သံဃာ့နာယကကို ခေါ်သွားပြီး အဲဒီမှာ အတင်းအဓမ္မ လူဝတ်လဲစေပြီးတော့ ရဲစခန်းမှာ အမှုဖွဲ့ အရေးယူတယ်လို့ ကျနော်တို့ သိရတယ်။ နောက်ပြီးတော့ စစ်ကျောရေးစခန်းမှာ ရဲအုပ်နဲ့ ဒုရဲအုပ် တယောက်ကနေပြီး ဦးဇင်းကို နှိပ်စက် ညှဉ်းပန်းတဲ့အတွက် ဝေသနာ ခံစားနေရတယ် ဆိုတာကိုလည်း ကျနော်တို့ သိရှိခဲ့ရပါတယ် ခင်ဗျား။”

ဒါကတော့ ဦးမင်းလွင်ဦးတို့က သူတို့စုံစမ်း သိရှိထားသမျှကို ပြောပြတာ ဖြစ်ပါ တယ် ရှင်။ ဒါ့အပြင် တရားလို ရဲဝန်ထမ်းတွေရဲ့ ထွက်ဆိုထားတဲ့ ဦးဇင် ဆန္ဒာဓိကဟာ မိမိကိုယ်ကို မီးရှို့ပြီး ဆန္ဒပြဖို့ ရှိတယ်လို့ ထွက်ဆိုခဲ့ပေမဲ့ ဒီစွဲချက် တွေနဲ့ ပတ်သက်ပြီးတော့ ခိုင်လုံတဲ့ သက်သေ ပြနိုင်ခဲ့တာ မတွေ့ခဲ့ရဘူးလို့လည်း ပြောပါတယ်။

“အရှင်ဆန္ဒာဓိက ကို ဖမ်းဆီးတဲ့အခါမှာ ဓါတ်ဆီသော်လည်းကောင်း၊ မီးလောင်ဖို့ အားပေးတဲ့ ဘာပစ္စည်းမှ သိမ်းဆည်းရမိတာ မရှိဘူး။ ဒါ့ကြောင့် ဒါတွေက အခြေအမြစ်မရှိတဲ့ စွတ်စွဲချက်တွေ ဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား ကျနော်တို့ သိရှိရတယ်။ ပထမဦးဆုံး အနေနဲ့ ဗဟန်းမြို့နယ် တရားရုံးက စစ်ဆေးစီရင်ဖို့ ရုံးထုတ်တဲ့အခါမှာ ရှေ့နေငှားခွင့် မရခဲ့ပါဘူး။ ကိုယ်တိုင် ထုချေရတဲ့ အဆင့်မျိုး ဖြစ်ပါတယ်။ သို့သော်လည်း စွဲချက်တင်တဲ့နေ့မှာ ဦးဇင်းဘက်က လိုက်ပါ ဆောင်ရွက်မေးတဲ့ အကျိုးဆောင် အချို့က လိုက်ပါခွင့် ရခဲ့ပါတယ်။ ဒါကြောင့် အခုတော့ ရှေ့နေတွေနဲ့ ခုခံချေပနေတယ်လို့ ကျနော်တို့ သိရှိရပါတယ်။”

အမှုစစ်ဆေးစီရင်တဲ့ အခါမှာလည်း ရဲသက်သေ ၄ ဦးကို စစ်ဆေးပြီးတော့ စွဲချက်တင်ထားတဲ့ ကိစ္စရပ်တွေက ဒီအမှုကို စစ်ဆေးစီရင်တဲ့ အခါမှာလည်း ဥပဒေ ပြဌာန်းချက်တွေနဲ့ အညီ စစ်ဆေးစီရင်ဖို့အတွက် ကျနော်တို့ တင်ပြ တောင်းဆိုခြင်း ဖြစ်ပါတယ် ခင်ဗျား။

ဒါကတော့ အင်းစိန်ထောင်မှာ သာသနာ ညှိုးနွှမ်းအောင် အဖမ်းခံထားရတဲ့ အရှင်ဆန္ဒာဓိကရဲ့ အမှုဟာ ပြဌာန်းဥပဒေ တွေနဲ့ လွဲချော်နေရတဲ့ အကြောင်းကို တော့ AHRC မှ ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့ပါတယ် ရှင်။

0 comments:

Post a Comment