Saturday, September 05, 2009

Filled Under:

ပုဒ် ၂၉၅ (က) သာသနာ ညှိုးနွှမ်းစေမှုနဲ့ ဦးဆန္ဒာဓိကအား ဖမ်းဆီး

BBC ---- 4/ 9/ 2009

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက စီရင်ချက်ချတဲ့နေ့က ပြစ်ဒဏ်စီရင်ရင် ကိုယ့်ကိုယ်ကို ဆန္ဒပြ မီးရှို့မယ်လို့ ကြံစည်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ သံဃာတပါးကို စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းခဲ့တယ်လို့ သိရပါတယ်။ ခရမ်းမြို့နယ်မှ ဦးဇင်း ဦးဆန္ဒာဓိကကို လူဝတ်အတင်းလဲစေပြီး အခုတော့ သာသနာတော် ညှိုးနွှမ်းအောင်လုပ်မှုနဲ့ စွပ်စွဲချက်တင်လိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ရနောင်းမှ BBC သတင်းထောက် ဦးကျော်စိုးဟိန်းက ပြောပြမှာပါ။

ခရမ်းမြို့နယ် NLD အဖွဲ့ဝင် အရှင်ဆန္ဒာဓိကကို သြဂုတ်လ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ တာပါ။ ဘာဖြစ်လို့ အဖမ်းခံရတယ်။ စစ်ကြောရေးစခန်းမှာ ဘယ်လို အစစ်ဆေး ခံရတယ်ဆိုတော့ မနေ့က ဗဟန်းတရားရုံး ထုတ်ခဲ့ချိန်မှာ ဆွေမျိုးသားချင်းတွေက မိတ်ဆွေတွေကို ပြန်ပြောပြပါတယ်။

“ဦးဇင်းကို ဘာဖြစ်လို့ ဖမ်းသလဲလို့ မေးတဲ့အခါမှာ ဦးဇင်းကို ကျနော်တို့ ထားထား တာက ဒေါ်အောင်ဆန်းစုကြည် အမိန့်ကြားနာနေတဲ့ အင်းစိန်ရုံးရှေ့မှာ ဓါတ်ဆီ လောင်း မီးရှို့မယ်လို့ ကြားတယ်။ အဲဒါကို ဦးဇင်းဝန်ခံပါလို့ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတယ်။ အဓမ္မ ပြောဆိုခိုင်းတာ ဖြစ်တယ်။ အဲဒါနဲ့ မေးလိုက် ရိုက်လိုက် လုပ်တယ်။ လက်ကောက်ဝတ်လောက် ၀ါးလုံးရှည် ကြေမွသွားတယ်။ သင်္ကန်းချွတ်ပြီးတော့ ရိုက်တယ်။ အဲဒီမှာ ရိုက်တဲ့ပုဂ္ဂိုလ်က ရဲမှူးကြီး၊ ဒုရဲအုပ် ရိုက်တာတဲ့။”

မနေ့က ဗဟန်းတရားရုံးထုတ်ချိန်မှာ သွားတွေ့ခဲ့တဲ့ မိတ်ဆွေတဦး ပြောပြခဲ့တာပါ။ ရိုက်နှက်ခဲ့တဲ့ ဝေဒနာ ခံစားနေရသလို အူကျရောဂါ ဖြစ်နေတဲ့အတွက်လည်း ထောင်ဆေးရုံးမှာ ပြနေရပါတယ်။ ရုံးချိန်းကနေ ထောင်အပြန် အစားအသောက် တွေကိုလည်း အင်းစိန်ထောင်ဝက သိမ်းယူလိုက်တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ သံဃာ့ကျင့်ဝတ်နဲ့ ထောင်ထဲမှာ နေတယ်လို့ အရှင်စန္ဒာဓိက က ပြောပါတယ်။ ရုံးချိန်းကို လာမဲ့ အင်္ဂါနေ့ကို ချိန်းဆိုလိုက်ပါတယ်။ ရဟန်းဝတ်တာ ၅ လ လောက်ရှိပြီး ဒုလ္လပတ် ရဟန်းအဖြစ် ခဏ ၀တ်ရာကနေ လူမထွက်ဘဲ ပဲခူးမြို့ တောင်ပေါ်ကျောင်း၊ လေးကျွန်းမဏ္ဍိုင် ကျောင်းတိုက်မှာ တရားအားထုတ် နေရာမှ ဆရာတော်ကို ၀ါပန်ပြီး ရန်ကုန်ကို တက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချတဲ့နေ့က NLD ရုံးချုပ် ဗဟန်းမြို့နယ်ကအပြန် အဖမ်းခံရတာ ဖြစ်သလို ပုဒ် ၂၉၅ (က) သာသနာ ညှိုးနွှမ်းစေမှုနဲ့ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ် ခင်ဗျား။

အာရှ လူ့အခွင့်အရေး ကော်မရှင် ကတော့ အခု ဦးဇင်းဆန္ဒာဓိက ကို စွဲဆိုထားတဲ့အမှုဟာ ဥပဒေနဲ့ မညီကြောင်း၊ သူ့ကကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ သူ့ကို စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ရဲအရာရှိတွေကိုလည်း အရေးယူပေးဖို့ မြန်မာ အာဏာပိုင်တွေကိုရော၊ ကုလသမဂ္ဂ အဖွဲ့အစည်း အဆင့်ဆင့်ကိုပါ စာရေးသား တောင်းဆိုလိုက်ပါတယ်။ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးက -

“ ဒီအမှုမှာ တရားလိုတွေရဲ့ ထွက်ချက်တွေ၊ စစ်ဆေးပေါ်ပေါက်ချက်တွေအရ အရှင်ဆန္ဒာဓိက က ၀ါတွင်းကာလ ဖြစ်သော်ငြားလည်း ၀ါပန်ပြီးတော့မှ သူခရီးသွားတာ ဖြစ်တယ်။ နောက်ပြီးတော့ သွားလာတဲ့ နေရာတွေကလည်း ၀ိနည်းတော်နဲ့အညီ မသွားရဘူးလို့ သတ်မှတ်ထားတဲ့ နေရာမဟုတ်ဘဲ လွတ်လပ်စွာ သွားနိုင်တဲ့ နေရာတွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

နောက်ပြီးတော့ အရှင်ဆန္ဒာဓိက ကို ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အမိန့်ချမယ် ဆိုလိုရှိရင် မီးရှို့ပြီး ဆန္ဒပြမယ်လို့ သတင်းရတဲ့အတွက် ဖမ်းဆီးတယ်လို့ တရားလို ဖြစ်တဲ့သူတွေက ပြောတယ်။ သို့သော်လည်း ဖမ်းဆီးတဲ့အချိန်မှာ မီးလောင်စေတဲ့ ဓါတ်ဆီ သော်လည်းကောင်း၊ ရေနံဆီ သော်လည်းကောင်း ဘာမှဖမ်းဆီးရရှိခြင်း မရှိဘဲနဲ့ တရားလိုဘက်က သက်သက်စွပ်စွဲချက် ဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

အာရှလူ့အခွင်အရေးကော်မရှင်မှ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။

0 comments:

Post a Comment