မင်းချမ်းမွန်
စက်တင်ဘာလ ၇ ရက်၊ ၂၀၀၉ ခုနှစ်
ဟောင်ကောင်သည် ၁၉၉၇ ခုနှစ်တွင် ဗျိသိသျှအစိုးရမှ တရုတ်အစိုးရသို့ လွှဲပြောင်းပေးသော အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်သည်။ တရုတ် အစိုးရထံသို့ မလွှဲအပ်ခင် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ကျယ်ပြန့်သော စက်မှုကုန်ထုတ် လုပ်ငန်းများကြောင့် စီးပွားရေး အရှိန်အဟုန်ပြင်းစွာ ကြီးပွားတိုးတက် ပြောင်းလဲလာသည်နှင့် အတူ လူဦးရေ လည်းအဆမတန် တိုးပွားလာသည်။
စီးပွားရေး လုံးပမ်းနေရသော လောဘယမက်ကြောင့် ဟောင်ကောင် ပြည်သူ လူထုမှာ ၎င်းတို့၏ လူမှုနေထိုင်ရေး၊ လူမှုပတ်ဝန်းကျင် လုံခြုံရေးကိစ္စများကို အလေးမထားဘဲ အစိုးရ အောက်ခြေ ၀န်ထမ်းများကို မှီခိုအားထား လာရသည်။ ထိုတဆင့် ၎င်းတို့လူမှု ကျန်းမာရေး လိုအပ်ချက်ကို ကာကွယ် ဖြည့်ဆီးပေးနိုင်ရန် ရဲ၊ မီးသတ်၊ ကျန်းမာရေးဌာ အစရှိသည့် ၀န်ထမ်းများအား လာဒ်ထိုးလာရတော့ သည်။ ထိုအချိန်မှာစ၍ ပြည်သူလူထုနှင့် အောက်ခြေ ၀န်ထမ်းများအကြားတွင် လာဒ်ပေးလာဒ်ယူမှု တစတစ ကြီးထွားလာကာ အကတိ လိုက်စားမှုသည် ဟောင်ကောင်၏ အထွေထွေပြဿနာ ဖြစ်လာခဲ့သည်။
ထင်ရှားသော လာဒ်စားမှု ဥပမာတွေကို ဖေါ်ပြရရင် နေမကောင်း၍ ဆေးရုံ ပို့ရာတွင် လူနာတင်ကား Ambulance ၀န်ထမ်းများက ငွေတောင်းသည်။ နေအိမ်တအိမ် မီးလောင်သွားပါက မီးသတ်ကားရရန်ကိုပင် မီးသတ်ဝန်ထမ်းကို လာဒ်ထိုးရသည်။ အထူးသဖြင့် ရဲဌာနများ လာဒ်စားမှု ဆိုးရွားသည့် အခြေအသို့ ဖြစ်လာသည့်အခါ တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်လာဟု ဟောင်ကောင် အစိုးရမှ လက်ခံလာရသည်။ တချိန်တည်းမှာပင် လာဒ်စားမှုကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းရန် အစိုးရအနေနဲ့လည်း အခက်ကြုံလာသည်။ နေရာအများအပြားတွင် လာဒ်စားမှု ကျယ်ပြန့် လာခြင်းကြောင့် ပြည်သူလူထုသည် ၎င်းတို့ အကျိုး စီးပွား ထိခိုက် လာသည့်အခါ ယခင်က အောက်ခြေ ၀န်ထမ်းများ လာဒ်ပေး လာဒ်ယူမှုများ ခိုးပေးကြရာမှ အမြင်ပြောင်းလာပြီး ၎င်းလာဒ်ပေး လာဒ်ယူမှုကို ဆန့်ကျင် တိုက်ဖျက်လိုသည့် အယူအဆများ ပေါ်လာခဲ့သည်။
အစိုးရဌာန အပြားအများ လာဒ်စားလာမှု ကြီးထွားလာသည့်အခါ ပြည်သူလူထု မကျေမနပ်ဖြစ်လာပြီး ၎င်းဖြစ်ရပ်သည် အစိုးရထိပ်ပိုင်း တာဝန်ရှိသူများ၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။ နေရာအနှံ့အပြားတွင် လာဒ်စားမှု ဖြစ်ပေါ် နေခြင်းကြောင့် အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် အခက်ကြုံနေရသော်လည်း ပြည်သူလူထုနှင့် ကျောင်းသားများ လက်မခံသောကြောင့် မဖြေရှင်း၍ မရသည့် အခြေအနေသို့ ပေးပို့ခဲ့သည်။ ကျောင်းသားများ ရှေ့ဆောင်ပြီး “လာဒ်စားမှု တိုက်ဖျက်ကြ၊ လာဒ်စားတဲ့ ရဲမှူးကြီး Godber အား ဖမ်းဆီးကြ” စသည့် ကြွေးကြော်သံဖြင့် ဆန္ဒပြမှု ဖြစ်လာခဲ့သည်။
ဤတောင်းဆိုမှု အခြေအနေ ပြင်းထန်လာသည့်အခါ လွတ်လပ်သော လာဒ်စားမှု တိုက်ဖျက်ရေးကော်မရှင် (Independent Commission Against Corruption) ကို ဟောင်ကောင်အစိုးရ အထောက်အပံ့ ငွေဖြင့် ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ အစိုးရ အနေဖြင့် ငွေကြေးအထောက်အပံ့ ပေးသော်လည်း ထိုကော်မရှင်တွင် အစိုးရ အာဏာပိုင်များ ပါဝင်ခြင်း မရှိပေ။ အကြောင်းမှာ ကော်မရှင်တွင် အစိုးရ အာဏာပိုင်များ ပါဝင်နေခြင်းသည် ၎င်းတို့ အာဏာပိုင် အချင်းချင်း ကိုင်တွယ် ဖြေရှင်းရာတွင် လာဒ်စားမှု ပြဿနာ ပိုပြီး ကြီးထွားလာနိုင်သည်ဟု မြင်ကြသည်။ အခြားတဖက်တွင် နိုင်ငံတနိုင်၏ လူ့အခွင့်အရေးကို ကာကွယ်၊ မြှင့်တင် နိုင်ရန်နှင့် တရားဥပဒေ စိုးမိုးရေးမှု ဖြစ်စေနိုင်ရန် အဖွဲ့အစည်းများ အနေဖြင့် လွတ်လပ်သော လုပ်ပိုင်ခွင့်နှင့် လွတ်လပ်သော ဖွဲ့စည်း တည်ဆောက်မှု အယူအဆ ရှိခြင်းကြောင့် ဖြစ်သည်။
ဟောင်ကောင်၏ လာဒ်စားမှု ပြဿနာကို တိုက်ဖျက်ရာတွင် ပြည်သူလူထု၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးကြီးသကဲ့သို့ အစိုးရ အနေနဲ့လည်း အပြောင်းအလဲ လိုလားခြင်းကြောင့် လာဒ်စားမှုကို တိုက်ဖျက်နိုင်ခဲ့ပြီး ကောင်းမွန်သော အုပ်ချုပ်မှု စနစ်သို့ ပြောင်းလဲနိုင်ခဲ့သည့် သာဓကကို တွေ့ရသည်။
Monday, September 07, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment