Tuesday, September 08, 2009

Filled Under:

အသက်မပြည့် ကျောင်းသူများအား တရားရုံးမှ ပြစ်ဒဏ်ချ

BBC ----- 6/9/ 2009

အသက် ၁၆ နှစ်အရွယ်ဆိုတာ စာသင်ခန်းမှာ ရှိနေသင့်တဲ့ အရွယ် ဖြစ်ပေမဲ့ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာ အသက်မပြည့်တဲ့ ကျောင်းသူနှစ်ယောက်ကို မြို့နယ် တရားရုံးက လောင်းကစားမှုနဲ့ ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက် မပြည့်တဲ့အတွက် ထောင်က လက်မခံတဲ့အခါမှာ တရားလိုဖြစ်တဲ့ ရဲတွေက ထောင်က လက်ခံလာအောင် ဘယ်လို လုပ်ပါသလဲ။ ရနောင်းက ကျနော်တို့ သတင်းထောက် ဦးကျော်စိုးဟိန်းက ပြောပြထားပါတယ်။

ပဲခူးတိုင်း ဒိုက်ဦးမြို့ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု တာဝကျေးရွာက အသက် ၁၆ နှစ် မပြည့်သေးတဲ့ (၉) တန်း ကျောင်းသူ မသူဇာခိုင်၊ ၆ တန်းကျောင်းသူ မဧပြီထွန်း တို့ကို နှစ်ဦး အပါအ၀င် အမျိုးသမီး ၆ ဦးကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက နှစ်လုံးချဲ ထီရောင်းမှုနဲ့ အဖမ်းခံရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် အမိန့် ချမှတ်ခဲ့ပါတယ်။ ဒီအပတ် ကြာသပတေးနေ့က အင်းစိန်ထောင်ကို ပို့ခဲ့တာ ဖြစ်ပါတယ်။ အင်းစိန်ထောင်က ကလေးတွေ ဖြစ်လို့ လက်မခံဘဲ ဘယ်လိုပြောလိုက်တာလဲဆိုတော့ ဒီအမှုကို ဆောင်ရွက်ပေးနေတဲ့ လမ်းပြကြယ် အဖွဲ့ဝင်ဦးမြင့်သိန်း ပြောပြသွားတာက -

“ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့လိုက်တဲ့ အခါကျတော့ အင်းစိန်ထောင်ပိုင် တွေ၊ ထောင်မှူးတွေ ဘာပြောလဲဆိုတော့ ဒါဟာ ငါတို့ကို ပြဿနာရှာတာ၊ ဒီဒိုက်ဦးက တရားသူကြီးတွေ ဦးနှောက်မရှိဘူးလား။ ဒီကလေးတွေ ပြန်ခေါ်သွား။ ငါတို့ လက်မခံဘူး ဆိုပြီးတော့ ၃ ရက်နေ့ည ၁၀ နာရီလောက်မှာ ကလေးတွေ ဒိုက်ဦး အချုပ်ကို ပြန်ရောက်ပါတယ်။”

အင်းစိန်ထောင်က အသက်မပြည့်လို့ လက်မခံပေမဲ့ ဒိုက်ဦးမြို့နယ် ရဲစခန်း အာဏာပိုင်တွေကတော့ ရဲစခန်းက လက်ခံလာအောင် မိဘတွေကို အသက် မပြည့်တဲ့အကြောင်း၊ ထောက်ခံစာ လိမ်လုပ်ခိုင်းတယ် ဆိုတာကိုလည်း သူက ဆက်ပြောပါတယ်။

“ရဲစခန်းမှူးကနေပြီးတော့ ကလေးမိဘတွေကို ဒီကနေ့ ခေါ်ပြောပါတယ်။ သူကဘာပြောလဲဆိုတော့ ခင်ဗျားတို့ ကလေးတွေက နှစ်မပြည့်တဲ့အတွက် ဘယ်ထောင်ကမှ လက်မခံဘူး။ အဲတော့ ခင်ဗျားတို့ ဥက္ကဌကို ပြန်သွား။ အိမ်ထောင်စုစာရင်း ပြန်တင်။ ၁၈ နှစ်ပြည့်အောင် လုပ်ပေး၊ အဲလိုဆိုတော့ ကျနော်တို့ လုပ်မပေးနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မင်းတို့ အခုအချိန်အထိ နားမလည်ဘူးလား။ သွား အခုထွက်သွား ဆိုပြီးတော့၊ ရဲစခန်းထဲကနေ ကလေးမိဘတွေကို မောင်းထုတ်တော့ ကျနော့ဆီကို ငိုကြွေးပြီးတော့ ပြန်ရောက်လာတယ်။”

ကလေးတွေကို ထောင်က လက်ခံလာအောင် ရဲက လိမ်ခိုင်းတဲ့ အခြေအနေပါ။

အမှုဖြစ်နေတဲ့ ကာလမှာလည်း တရားသူကြီးကို ငွေ ၆၀၀၀၀ (ခြောက်သောင်း) ပေးတယ်လို့ သူကပြောပါတယ်။ အခုလို ကလေးတွေ ဘာကြောင့် ချဲထီရောင်း ရသလဲဆိုတော့ ကလေးမိဘတွေဟာ မိုးဓနိဖက် ရောင်းစားသူတွေဖြစ်လို့ ဆင်းရဲ နွမ်းပါးကြပါတယ်။ ကျောင်းစရိတ်ရဖို့အတွက် ကျေးရွာလူကြီးကိုယ်တိုင်က “ငါတာဝန်ယူတယ်၊ ဘယ်သူမှ မဖမ်းစေရဘူး” ဆိုပြီး ချဲထီရောင်းခိုင်းတဲ့အတွက် စရောင်းပြီး နောက်တနေ့မှာဘဲ ကလေးတွေ အဖမ်းခံရပါတယ်။ အခုလို အသက်မပြည့်တဲ့ ကျောင်းနေအရွယ်တွေကို ထောင်ချတာနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်က ဥပဒေနဲ့ ပတ်သက်ပြီး အခုလို ဝေဖန် အကြံပြု ပြောဆိုသွားပါတယ်။

“နိုင်ငံမှာက ပြန်ဌာန်းထားတဲ့ ကလေးအခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေ မှာလည်း အဲလိုအသက်မပြည့်သေးတဲ့ သူတွေကို အကျဉ်းထားလို့ရှိရင် သက်ဆိုင်ရာ အစိုးရကိုယ်တိုင်က ကျူးလွန်ဖေါက်ဖျက်တဲ့ ဖေါက်ဖျက်မှု ဆိုပြီးတော့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြောချင်တာ ကတော့ ဒီလိုမျိုး ကလေးနှစ်ဦးကို အသက်အရွယ် မပြည့်ဘဲနဲ့ ထောင်ထဲကို ပို့တဲ့ကိစ္စရပ်က အလွန်မှပင် မှားယွင်းနေတယ်။ တကယ်တမ်း ပြစ်မှု ကျူးလွန်တယ် ဆိုစေဦး၊ ကလေးသူငယ် နှစ်ဦးအတွက် ထိုက်သင့်တဲ့ သင်တန်းကျောင်းတွေမှာ သော်လည်းကောင်း၊ ဒါမှမဟုတ် မိဘ၏ ခံဝန်ချက် သော်လည်းကောင်း၊ ဒါမှမဟုတ် ရပ်ရွာ၏ ခံဝန်ချက်သော်လည်းကောင်း ပြန်လွှတ်ပေး သင့်တယ်ဆိုတဲ့ အကြောင်းကို ကျနော်တို့ ပြောချင်ပါတယ်။”

0 comments:

Post a Comment