Saturday, September 12, 2009

Filled Under:

ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်ခြင်းကြောင့် AHRC မှ မြန်မာစစ်အစိုးရသို့ အရေးပေါ်ပန်ကြားစာပို့

RFA ----- 12/ 9/ 2009

သြဂုတ်လ ၁၅ ရက်နေ့မှာ ကြို့ပင်ကောက်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်မာမာအေးကို ဒေါ်အောင်ဆန်းစုကြည် ပုံပါတဲ့ T- Shirt ကို တွေ့ရှိရမှုနဲ ဖမ်းဆီးပြီးနောက် သြဂုတ်လ ၂၆ ရက်နေ့မှာ စစ်ဆေးပြီးထောင် ထောင်ဒဏ် ၂ နှစ် အပြစ်ပေး ခဲ့ပါတယ်။ ဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်ချက်တွေကို အာရှလူ့အခွင့်အရေး ကော်မရှင်က ထောက်ပြတာ၊ ကြေငြာချက် ထုတ်ပြန်ခဲ့သည်ကို RFA သတင်း ဌာနမှ မေးမြန်းရာ အာရှလူ့အခွင့်အရေး ကော်မရှင် ဦးမင်းလွင်ဦးက ဤသို့ ဖြေဆိုခဲ့ပါသည်။

မေး ----- ဦးမင်းလွင်ဦး ရေ။ အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန် ကြေငြာချက်အရ မမာမာအေး အမှုကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေနဲ့မညီဘဲ ဆောင်ရွက်ထားတာကို တွေ့ရပါတယ်။ အဲတော့ ဦးမင်းလွင်ဦးတို့အနေနဲ့ တရားဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်ချက်တွေဟာ ဘာတွေလဲ ဆိုတာကို ရှင်းပြပေးပါခင်ဗျား။

ဦးမင်းလွင်ဦး ------- ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင် အနေနဲ့ မမာမာအေးရဲ့ အမှုကို စာရွက်စာတမ်းတွေ၊ ရရှိတဲ့ မေးမြန်းချက်တွေအရ ကျနော်တို့ သိရှိတာကတော့ မမာမာအေးကို စတင်ဖမ်းဆီးတဲ့ အချိန်ကနေ စပြီးတော့ ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့တယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ ဘာတွေလည်း ဆိုလို့ရှိရင် မမာမာအေးကို စတင် လာရောက်ဖမ်းဆီးတဲ့ အချိန်မှာလည်း လူဖမ်းဝရမ်း ပါမလာတာကို ကျနော်တို့ တွေ့ရှိရတယ်။

နောက်ပြီးတော့ လာဖမ်းတဲ့ ဒုရဲအုပ်နဲ့ ရဲမေ နီနီမာက၊ မမာမာအေးကို မရက ဥက္ကဌကနေပြီးတော့ တွေ့ချင်တဲ့အတွက် ခေတ္တ လိုက်ခဲ့ပါ ဆိုပြီးတော့ လာရောက် ခေါ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ မာမာအေးကနေပြီး ဒါဆိုရင် အ၀တ်အစား တွေ ယူခဲ့ရမလား ဆိုပြီးတော့ မေးပါသေးတယ်။ အဲဒီလို မေးတဲ့အခါမှာ လာရောက် ခေါ်ဆောင်တဲ့ ရဲအရာရှိတွေက မလိုပါဘူး။ ညနေကျရင် ပြန်ရမှာပါ။ ဒါတွေ ယူဆောင်စရာမလိုဘူး ဆိုပြီးတော့ မမာမာအေးက လိုက်သွားတာဖြစ်တယ်။ ဒါပေမဲ့လည်း အဲလိုလိုက်သွားတဲ့ နောက်ပိုင်းမှာ မမာမာအေးကို လုံးဝ ပြန်မလွှတ်ဘဲနဲ့ ဖမ်းဆီးထိန်းသိမ်း လိုက်တာကို ကျနော်တို့ တွေ့ရှိရတယ်။ ဒါက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကိစ္စပါ။

မေး ----- ဦးမင်လွင်ဦး ရေ။ မမာမာအေးရဲ့ အိမ်ကို လာရောက်ရှာဖွေတဲ့အခါ ဘာတွေ ဥပဒေနဲ့မညီတာတွေ တွေ့ရဘာသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ----- နောက်တရက်မှာကျတော့ မမာမာအေးရဲ့ အိမ်ကို ရဲအရာရှိတွေ လာရောက်ပြီးတော့ ရှာဖွေဝရမ်း ပြခြင်းမရှိဘူး။ ရှာဖွေပုံစံသက်သေတွေ ပါလာခြင်းမရှိဘဲနဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေတယ်လို့ ကျနော်တို့ သိရှိရတယ်။ အဲလို ရှာဖွေတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါတဲ့အင်္ကျီ ၂ ထည်၊ နောက်ပြီး NO စာတမ်းပါတဲ့ T – Shirt ၃ ထည်၊ နောက်ပြီးတော့ ကြက်ခြေခတ် အမှတ်အသားပါတဲ့ T- Shirt တစ်ထည်၊ ဒါတွေကို သိမ်းဆည်း သွားတယ်လို့ ကျနော်တို့ သိရှိရတယ်။

အဲဒီ အင်္ကျီတွေနဲ့အတူ လူ့အခွင့်အရေး ကြေငြာစာတမ်း စာအုပ် ၁၈ အုပ်ကိုပါ သူတို့ သိမ်းဆီးသွားတာ ဖြစ်တယ်။ စာအုပ်တွေကို နောက်တနေ့မှာ ပြန်ပေး တယ်လို့ ကျနော်တို့ သိရှိရပါတယ်။ ဒါကြောင့် ကျနော်တို့က ဖမ်းဆီးတာကလည်း ဥပဒေနဲ့အညီ မဟုတ်ဘူး။ အိမ်ကို ၀င်ရောက်ရှာဖွေတာကလည်း ဥပဒေနဲ့အညီ ၀င်ရောက်ရှာဖွေ သိမ်းဆီးတာ မဟုတ်ဘူးဆိုတာကို ကျနော်တို့အနေနဲ့ ပြောလိုခြင်း ဖြစ်တယ်။

မေး ----- တရားရုံးမှာ အမှု စစ်ဆေးတဲ့ အခါမှာရော ဘာတွေ တွေ့ရှိသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ တရားရုံးမှာ ဒေါ်မာမာအေးရဲ့ အမှုကို တင်တဲ့အခါမှာ ဥပဒေနဲ့ အညီဆောင်ရွက်ခဲ့ခြင်း မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ ဖမ်းဆီးပြီး တရားရုံးဝင်တာကို မမာမာအေးရဲ့ မိသားစုဝင်တွေ သိရှိခြင်း မရှိပါဘူး။ အများပြည်သူတွေက ပြောတော့မှသာလျှင် မိသားစုဝင်တွေက သိရှိပြီးတော့ တရားရုံးကို သွားခဲ့ရတဲ့ အခြေအနေ ဖြစ်တယ်။ တရားရုံးကို သွားတဲ့အခါလည်း တွေ့ခွင့်မပြုဘူး။ အများပြည်သူ တက်ရောက် နားထောင်ခွင့် မပြုဘူးလို့ ကျနော်တို့ သိရှိရပါတယ်။

မမာမာအေး ရုံးထုတ်တဲ့အချိန်မှာ ရှေ့နေက ခုခံချေပခွင့် မပေးဘူး။ စွဲချက် တင်ပြီးတော့ ဒီအမှုကို အကျဉ်းနည်းနဲ့ စီမံ ဆောင်ရွက် လိုက်တာကို ကျနော်တို့ သိရှိရပါတယ်။ ဒါတွေက ၂၀၀၀ ပြည့်နှစ် ပြဌာန်းထားတဲ့ တရားဥပဒေအရ လွတ်လပ်စွာ တရားစီရင်ရေး၊ အများပြည်သူရဲ့ ရှေ့မှောက်မှာ စစ်ဆေးစီရင်ရမယ် နောက်ပြီးတော့ ပြစ်မှုဆိုင်ရာ အမှုတွေမှာ ခုခံချေပခွင့်ပေးရမယ် ဆိုတဲ့ မူတွေကို ကျူးလွန်ဖေါက်ဖျက်တယ်လို့ ထောက်ပြပြီး အခုလို ပြောဆိုရခြင်း ဖြစ်ပါတယ် ခင်ဗျား။

မေး ----- မမာမာအေးက မိမိအတွက် ခုခံကာကွယ်မဲ့ အကျိုးဆောင်ရှေ့နေကို ရရှိနိုင်ခြင်း မရှိတာဟာ တရားရုံးက ရှေ့နေငှားရမ်းဖို့ ခွင့်မပြုတာလား။ ဒါမှမဟုတ်ရင် မမာမာအေးကိုယ်တိုင်က ရှေ့နေငှားဖို့ မတတ်နိုင်တာလား။ ဒါမှမဟုတ်ရင် ရှေ့နေ ငှားနိုင်တဲ့ အခြေအနေတရပ် မရှိတာလား ခင်ဗျား။

ဦးမင်းလွင်ဦး ------ မမာမာအေး အမှုကို လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေလည်း တရားရုံးကို ၀င်ခွင့်မရခဲ့ပါဘူး။ ထိုနည်းတူစွာ အများပြည်သူ တက်ရောက် နားထောင်ခွင့် မပြုခဲ့ပါဘူး။ ပြီးတော့ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေကိုလည်း ဒီအမှုမှာ လိုက်ပါ ဆောင်ရွက်ခြင်း မပြုနိုင်အောင် အာဏာပိုင်တွေကနေပြီး ဖိအားပေးထားတယ်လို့ ကျနော်တို့ သိရှိရပါတယ် ခင်ဗျား။

မေး ------ ဦးမင်းလွင်ဦးရေ၊ အစအဆုံးပေါ့လေ။ မမာမာအေးကို စပြီး ဖမ်းဆီးသွားတဲ့ အချိန်ကစပြီးတော့ တရားရုံးမှာ ပြစ်ဒဏ်ပေးလိုက်တဲ့ အချိန်အထိ စုစုပေါင်း ဘယ်လောက်အထိ ကြာပါသလဲခင်ဗျား။

ဦးမင်းလွင်ဦး ------ ဘယ်လောက်မကြာပါဘူး။ အလွန်ဆုံး ကြာမှ ၁၄ ရက်ဘဲ။ ၁၅ ရက်နေ့မှာ စတင်ဖမ်းပါတယ်။ ၂၆ ရက်နေ့မှာ အမိန့်ချ လိုက်တာဖြစ်တယ်။ ဒီလိုမျိုး အမိန့်ချလိုက်တာကလည်း ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရတဲ့ အပေါ်မှာ မမာမာအေးက နေပြီးတော့ အများပြည်သူလူထုကို စည်းရုံးပြီးတော့ ဆူပူ အုံကြွအောင် လှုံ့ဆော်မယ်၊ သွေးထိုးမယ်၊ နိုင်ငံတော် မငြိမ်မသက်ဖြစ်အောင် လုပ်မဲ့ ရည်ရွယ်ချက်တွေ ရှိတယ် ဆိုပြီးတော့ သံသယနဲ့ မမာမာအေးကို ဖမ်းဆီး အရေးယူတယ်လို့ ကျနော်တို့ သိရှိရတယ် ခင်ဗျား။

ဒါကတော့ ဒေါ်မာမာအေးကို ဖမ်းဆီးထောင်ချခဲ့ရာမှာ တရားဥပဒေနဲ့ မညီတဲ့ လုပ်ဆောင်ခဲ့ခြင်းအပေါ် အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ ရှေ့နေ ဦးမင်းလွင်ဦးကို ကျနော် ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

(အာရှလူ့အခွင့်အရေး ကော်မရှင်၏ အရေးပေါ် ပန်ကြားစာ အပြည့်အစုံကို ဤအင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။) http://www.ahrchk.net/ua/mainfile.php/2009/3257/

0 comments:

Post a Comment