Saturday, September 12, 2009

Filled Under:

ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် ထောင်နှစ်နှစ်ကျခံရ

VOA ------- 11/ 9/ 2009

မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးမှုနဲ့ ပြီးခဲ့တဲ့လက ထောင်ဒဏ်နှစ်နှစ် ချမှတ်ပြီးတော့ သူ့အပေါ် စီရင်ချက်နဲ့ ပတ်သက်လို့ ဥပဒေ အကြောင်းအရ မညီညွတ်ဘူးလို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်မှ ပြောဆိုလိုက်ပြီးတော့ တချိန်ထဲမှာဘဲ မမာမာအေးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း အရေးပေါ် မေတ္တာရပ်ခံစာတစ်ဆောင် ထုတ်ပြန်လိုက်ပါတယ်။ သူ့အပေါ် အာဏာပိုင်တွေက ဘာကြောင့် ဖမ်းဆီးခဲ့တယ်။ စီရင်ချက်နဲ့ ပတ်သက်ပြီး VOA မှ မမေငြိမ်း ကဆက်သွယ်ထားရာ ဥပဒေနဲ့ မညီကြောင်းကို AHRC မြန်မာဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေဦးမင်းလွင်က ထောက်ပြခဲ့ပါတယ်။

မမာမာအေးကို ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်မချခင် ၁၅ ရက်နေ့မှာ သူ့ရဲ့ ကြို့ပင်ကောက်အိမ်ကနေ ဒုလုံခြုံရေးတစ်ယောက်နဲ့ ရဲမေတယောက်က မရက ဥက္ကဌ တွေ့ချင်တယ်လို့ အကြောင်းပြချက်နဲ့ လာပြီးခေါ်သွားခဲ့တာပါ။ လာပြီးခေါ်သွားတဲ့အချိန်မှာ မမာမာအေးက အ၀တ်အစားတွေ ပစ္စည်းတွေ ယူခဲ့ရမှာလားလို့ မေးပေမဲ့ ညနေပြန်ရမှာ ဖြစ်လို့ မလိုပါဘူးလို့ သူက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြန်မလွှတ်ခဲ့ပေမဲ့ ၁၆ ရက်နေ့မှာတော့ ရှာဖွေဝရမ်း ပုံစံမပါဘဲ မမာမာအေးရဲ့ အိမ်ကို ၀င်ပြီးတော့ ရှာဖွေဖို့ လုပ်ခဲ့ပါတယ်။ အဲလို ၀င်ပြီးရှာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ T-Shirt နှစ်ထည်၊ No တံဆိပ်ပါတဲ့ T-Shirt နှစ်ထည်၊ ကြက်ခြေခတ် အမှတ်အသားပါတဲ့ T-Shirt နှစ်ထည်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စာတမ်းပါ စာအုပ် ၁၈ အုပ်ကို တွေ့ပြီး သိမ်းဆည်းသွားခဲ့ပါတယ်။ လူ့အခွင့်အရေးစာတမ်းပါတဲ့စာအုပ် ၁၈ အုပ်ကိုတော့ နောက်တနေ့မှာ ပြန်လာပေးပါတယ်။

အဲဒီနောက် ၁၇ ရက်နေ့မှာတော့ မမာမာအေးအေးကို တရားရုံးမှာ အမှုတင်ပြီး စွဲဆိုပါတယ်။ အဲဒီနေ့မှာဘဲ မမာမာအေး မေ့လဲသွားလို့ ပေါင်းတည်ဆေးရုံကို ပို့ရပါတယ်။ အဲဒီနောက်မှာမှ ပေါင်းတည်ထောင်ကို ရောက်သွားတာပါ။ ၂၆ ရက်နေ့မှာတော့ ရုံးထုတ်ပြီးတော့ အဲဒီနေ့မှာဘဲ တရားသူကြီး ဦးမြင့်သိန်းက ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခဲ့ပါတယ်။ မမာမာအေးကို အမှုစွဲပြီး တရားစီရင်တဲ့အချိန်မှာ တရားခွင်ကို ဘယ်သူမှ ၀င်လို့မရပါဘူး။ ပြီးတော့ လုံခြုံရေးလည်း တင်းတင်းကြပ်ကြပ် ချထားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီတရားစီရင်ရေးနဲ့ တပ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဦးမင်းလွင်ဦးကို မေးကြည့်တော့ -

“ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွေမှာ ပြန်ဌာန်းချက်တွေ ရှိပါတယ်။ လူ တဦးတယောက်ကို လာရောက် ဖမ်းဆီးတဲ့အခါမှာ ဘာကြောင့် ဖမ်းဆီးတယ် ဆိုတဲ့အကြောင်း ပြောရမယ်။ ဖမ်းဝရမ်း ပြရမယ်။ အဲဒီလိုမျိုး လုပ်ဆောင်ခဲ့ခြင်း မရှိတာကို ကျနော်တို့ တွေ့ရတယ်။ ဒုရဲအုပ် စိုးကျော်နဲ့ ရဲမေ နီနီမာ ကနေပြီးတော့ မရက ဥက္ကဌ တွေ့ချင်လို့ ခဏလိုက်ခဲ့ပါ ဆိုတဲ့ ပြောစကားနဲ့ဘဲ လိုက်သွားခဲ့တယ်။ ပြီးတော့မှ မမာမာအေးကို ဖမ်းဆီးလိုက်တယ်။ ဒါက ဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်မှု ဖြစ်တယ်။ နောက်ပြီးတော့ မမာမာအေးရဲ့ အိမ်ကို ၀င်ရောက် ရှာဖွေတာကလည်း ရှာဖွေဝါရမ်းမပါဘူး။ နောက်ပြီးတော့ ရှာဖွေပုံစံမှာ သက်သေတွေနဲ့ လက်မှတ်ထိုးမဲ့လူ ဘယ်သူမှ မပါဘူး။ ရပ်ရွာလူကြီးတွေ မပါဘဲနဲ့ ရဲတွေက နေပြီးတော့ ၀င်ရောက် ရှာဖွေတာ ဖြစ်တယ်။ ဒါတွေက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့ မညီဘူး။ အဲဒါကြောင့် ကျနော်တို့က ဥပဒေနဲ့ မညီဘူးလို့ တင်ပြပြောတယ်။

နောက်တခါ မမာမာအေးကို အမှုစစ်ဆေး စီရင်တဲ့အခါမှာလည်း ထိုက်သင့်တဲ့ ခုခံချေပခွင့်မပေးဘူး။ အများပြည်သူရဲ့ရှေ့မှောက်မှာ စစ်ဆေးစီရင်တာ မဟုတ်ဘူး။ ဒါတွေကို ကျနော်တို့ တွေ့ရှိရတယ်။”

အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ထုတ်ပြန်ခဲ့တဲ့ မေတ္တာရပ်ခံစာမှာရော ဘာတွေ တောင်းဆိုထားသလဲလို့ မေးကြည့်တဲ့အခါ ဦးမင်းလွင်ဦးက -

“ခုခံချေပခွင့် အပြည့်အ၀ မရဘဲနဲ့ မမာမာအေးက နေပြီးတော့ ထောင်ဒဏ် ၂ နှစ် ကျခံ နေရတာ ဖြစ်တဲ့အတွက် ဥပဒေနဲ့မညီဘဲ စစ်ဆေးစီရင်ထားတဲ့ အမှုကနေပြီးတော့ အမြန်ဆုံး လွှတ်ပေးဖို့ ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဒီနေ့ အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်တယ်။ ကျနော်တို့က နေပြီး နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းကို မေတ္တာရပ်ခံထားတဲ့ ကိစ္စရပ်တွေ ရှိပါတယ်။ မမာမာအေးက ကျန်းမာရေး မကောင်းတဲ့သူ ဖြစ်တဲ့အတွက် အခုလို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကာလအတွင်းမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ဖြစ်တဲ့ ICRC နဲ့ တွေ့ဆုံခွင့် သော်လည်းကောင်း ကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့ကို လည်းကောင်း ကျနော်တို့က မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်ခင်ဗျား။”

ဒါကတော့ သြဂုတ်လ ၂၆ ရက်နေ့တုန်းက ထောင်ဒဏ် ၂ နှစ် အပြစ်ခံရတဲ့ မမာမာအေးနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ထားတဲ့ မေတ္တာရပ်ခံစာနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေးကော်မရှင်မှာ မြန်မာ့အရေးကို ဆောင်ရွက်ပေးနေတဲ့ ဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment