Thursday, October 08, 2009

Filled Under:

မြန်မာနိုင်ငံ၏ ကလေးသူငယ်ဆိုင်ရာ ဥပဒေ ပြင်ဆင်ဖို့ လိုအပ်ကြောင်း AHRC ပြော

RFA ------ 5/ 10/ 2009

မြန်မာနိုင်ငံရဲ့တည်ဆဲ ကလေးသူငယ်ဆိုင်ရာ ဥပဒေဟာ လင့်ဟာချက်တွေ ရှိနေတာကြောင့် ပြင်ဆင်ဖြည့်စွက်ဖို့ အာရှ လူ့အခွင့်အရေးကော်မရှင် AHRC က အကြံပြု တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ အစိုးရလက်ထက် ၁၉၉၃ ခုနှစ်အတွင်း ထပ်မံ ပြဌာန်းခဲ့တဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေအရ အသက် (၁၆) နှစ် အထိသာ ကလေးသူငယ်အဖြစ် သတ်မှတ်ထားပြီး အသက် ၁၆ နှစ်မှ ၁၈ နှစ်အကြားကို လူငယ်အဖြစ် သတ်မှတ်ကာ အရွယ်ရောက်ပြီးသူ လူကြီးတွေနည်းတူ တရားစီရင် ပြစ်ဒဏ် ပေးနေတာတွေဟာ ကုလသမဂ္ဂမှ သတ်မှတ်ထားတဲ့ ကလေးသူငယ်ဆိုင်ရာ သတ်မှတ်ချက်တွေကို ချိုးဖေါက်ရာရောက်ကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင် က ထောက်ပြထားပါတယ်။

ကမ္ဘာ့ကုသမဂ္ဂ၏ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး သဘောတူညီချက်အရ ကလေးသူငယ်အဖြစ် သတ်မှတ်ချက်ဟာ အသက် (၁၈)နှစ် အထိဖြစ်ပြီး ဒီသဘောတူညီချက်ကို မြန်မာနိုင်ငံမှလည်း လက်မှတ် ရေးထိုးထားကြောင်း၊ ဒါပေမဲ့ လက်မှတ် ရေးထိုးပြီးနောက် ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကလေးသူငယ်ဆိုင်ရာ ဥပဒေမှာ အသက် (၁၆) နှစ်အထိသာ ဖြစ်နေတဲ့အတွက် ၂၀၀၄ ခုနှစ်မှာ ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ဖြည့်စွက်ပြင်ဆင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂမှ မြန်မာအစိုးရကို အကြောင်းကြား တိုက်တွန်းထားပေမဲ့လည်း အခုချိန်အထိ ပြင်ဆင်ခြင်း မရှိသေးကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးမှ အခုလို ပြောဆိုပါတယ်။

“ကုလသမဂ္ဂ မှနေပြီးတော့ ကလေးသူငယ်အဖြစ် သတ်မှတ်ထားတာက အသက် (၁၈) နှစ်အောက် ဖြစ်ပါတယ်။ အဲတော့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် အားလုံးက အခွင့်အရေးအားလုံး တန်းတူညီမျှ ဖြစ်ဖို့လိုပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေကို ကြည့်မယ်ဆိုလို့ ရှိရင်တော့ ၁၆ နှစ် နှင့် ၁၈ နှစ် ကလေးတွေက ကလေးသူငယ် ဥပဒေပါ ပြဌာန်းချက်အတိုင်း အပြည့်အ၀ ခံစားခွင့်ဘဲ ဖြစ်နေတာကို ကျနော်တို့ တွေ့ရှိရတယ်။

ကုလသမဂ္ဂ အဖွဲ့ကြီးက နေပြီးတော့ ၂၀၀၄ ခုနှစ်မှာဘဲ မြန်မာနိုင်ငံ အစိုးရကို အသက် ၁၈ နှစ်အောက် ကလေးတွေအားလုံး တန်းတူအခွင့်အရေး ပေးဖို့အတွက် ပြန်လည် ပြင်ဆင် ဖြည့်စွက်ပေးဖို့ အကြံပြု တင်ပြထားတာကို ကျနော်တို့ တွေ့ရှိရတယ်။ သို့သော်လည်း လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရက ဒီအချက်ကို ပြင်ဆင်ပေးခြင်း မရှိသေးဘူး ဆိုတာကို ကျနော်တို့ တွေ့နေရတယ်ခင်ဗျား။”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက AHRC က ဖေါ်ပြခဲ့ပြီးဖြစ်တဲ့ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က ချဲထီရောင်းတဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရတဲ့ မိန်းကလေးငယ်နှစ်ဦးဟာ အသက် ၁၆ နှစ်သာ ရှိတဲ့ကလေးငယ်တွေ ဖြစ်နေတာကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံမှာ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား ကလေးသူငယ်တွေကို ထောင်ဒဏ် အပြစ်ပေးနေတာကိုလည်း တွေ့နေရတဲ့အကြောင်း ဦးမင်းလွင်ဦးက အခုလို ဆက်လက် ပြောဆိုပါတယ်။

“ဟုတ်ကဲ့ အဲဒီလို အသက် ၁၆ နှစ်ကနေ ၁၈ နှစ် ကြားထဲက လူငယ်တွေ တန်းတူခံစားခွင့် မရတဲ့အတွက် ဘာတွေဆုံးရှုံးသလဲ ဆိုလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိရင်ဆိုင် ကြုံတွေ့နေရတဲ့ ကလေးစစ်သားတွေ ခေါ်ယူစုဆောင်းတဲ့ ကိစ္စတွေမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတွေကို စစ်ဘက်ဆိုင်ရာ ----- စစ်ဆေးတယ်။ ရဲဘက်ပြေး၊ စစ်ဘက်ပြေး၊ စစ်ဆိုပြီးတော့ အကျဉ်းထောင်တွေမှာ အကျဉ်းချ ခံနေရတယ်။ အဲတော့ အဲဒီ ကလေးသူငယ်တွေ အများစုဟာ အစောက ပြောသလို ၁၆ နှစ် နှင့် ၁၈ နှစ် ကြားထဲမှာရှိတဲ့ ကလေးသူငယ် အများစု ဖြစ်နေတာကို ကျနော်တို့ တွေ့ရှိရပါတယ် ခင်ဗျား။”

ကမ္ဘာ့ကုလသမဂ္ဂ၏ သဘောတူ ပြဌာန်းချက်အရ အသက် ၁၈ နှစ်အထိ ကလေးသူငယ် အားလုံးဟာ တန်းတူ အခွင့်အရေး ရှိစေရမယ်လို့ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖြည့်စွက်ဖို့ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မရှင်ရဲ့ မြန်မာနိုင်ငံအပေါ် ၂၀၀၄ ခုနှစ်က တိုက်တွန်းချက်ကို ထောက်ခံကြောင်းနဲ့ အမြန်ဆုံး ဖြည့်စွက် ပြင်ဆင်ဖို့ တိုက်တွန်းကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ထုတ်ပြန် ပြောဆိုထားတာ ဖြစ်ပါတယ်ခင်ဗျား။

0 comments:

Post a Comment