Thursday, October 08, 2009

Filled Under:

ကလေးသူငယ် ဥပဒေပြဌာန်းချက် အပေါ်မှာ န အ ဖ အာဏာတွေ လိုက်နာကျင့်သုံးခြင်းမရှိ

VOA ----- 6/ 10/ 2009

မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ် ကတည်းက ကလေးသူငယ်များ ဆိုင်ရာ ဥပဒေကို ပြဌာန်းထားတာပါ။ အဲဒီပြဌာန်းချက် ထဲမှာ ပါတဲ့အတိုင်း ကလေးတွေ အားလုံးဟာ ဒီခံစားခွင့်တွေကို ညီတူညီမျှ ခံစားခွင့် ပေးနိုင်ဖို့အတွက် ဟောင်ကောင် အခြေစိုက် AHRC လို့ခေါ်တဲ့ အာရှ လူ့အခွင့်အရေး ကော်မရှင်က အောက်တိုဘာလ ၅ ရက် အရေးပေါ် ကြေငြာချက် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အခုလို တောင်းဆိုရတာက မြန်မာနိုင်ငံ တ၀ှမ်းလုံးက ကလေးသူငယ်တွေကို အာဏာပိုင်တွေက ပြဌာန်းချက်တွေမှာ ပါတဲ့အတိုင်း ဆက်ဆံမှုတွေ၊ စီမံ ဆောင်ရွက်မှုတွေ မရှိတဲ့ အခြေအနေတွေကို ကလေးငယ်တွေ ရင်ဆိုင်နေရတယ် ဖြစ်တယ်လို့ AHRC အဖွဲ့မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“မြန်မာနိုင်ငံ အတွင်းမှာ အခု အသက်မပြည့်တဲ့ ကလေး သူငယ်တွေကို စစ်ဆေးပြီး ထောင်ကို ပို့ထားတဲ့ ကိစ္စရပ်တွေရှိတယ်။ နောက်ပြီးတော့ အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အထိ လူငယ်လို့ သတ်မှတ်ထားတဲ့ သူတွေကို အဓမ္မ လုပ်အားပေး ခေါ်ယူခိုင်းစေတဲ့ ကိစ္စရပ်တွေ၊ နောက်ပြီးတော့ ကလေးစစ်သား အဖြစ် ခေါ်ယူအသုံးပြုတဲ့ ကိစ္စရပ်တွေ ရှိနေတယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

အဲဒီလို မလိုက်နာဘူး ဆိုလို့ရှိရင်လည်း အဲဒီလူငယ်တွေကို မြို့ပြဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူတာ ရှိတယ်။ နောက်ပြီးတော့ ကလေးစစ်သား အဖြစ် စုဆောင်းခံရတဲ့ ကလေးသူငယ်တွေက တပ်ထဲမှာ မနေချင်လို့ ထွက်ပြေးတဲ့ အခါမှာလည်း တပ်ပြေးတွေအဖြစ် စစ်ခုံရုံးတွေမှာ စစ်ဆေးစီရင်ခြင်း ခံရပြီးတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းကျ ခံနေရတယ် ဆိုတာကို ကျနော်တို့ သိရှိရတယ်။”

မြန်မာနိုင်ငံ အတွင်းမှာ လက်ရှိပြဌာန်းထားတဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေထဲက ပြဌာန်းချက် တချို့ကို ကုလသမဂ္ဂ ကလေးသူငယ်များ ဆိုင်ရာ ညီလာခံက ချမှတ်ထားတဲ့ အချက်အလက်နဲ့အညီ ပြင်ဆင်ဖို့ လိုတယ်လို့လည်း AHRC အဖွဲ့က ထောက်ပြ ပါတယ်။ အထူးသဖြင့် ၂၀၀၄ ခုနှစ် ကလေးသူငယ်ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံကနေ မြန်မာ စစ်အစိုးရရဲ့ ကလေးသူငယ် ဥပဒေအပေါ်မှာ အကြံပြုထားတဲ့ အချက်တွေကို အခုအချိန်အထိ မြန်မာ အာဏာပိုင်တွေက ပြင်ဆင်ဆောင်ရွက်ခြင်း မရှိ သေးဘူးလို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

“၁၉၉၃ ခုနှစ်မှာ ကလေးသူငယ် ဥပဒေကို ပြဌာန်းတယ်။ နောက်ပြီးတော့ နည်းဥပဒေတွေ ပြဌာန်းတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ညီလာခံက နေပြီးတော့ သူတို့ထောက်ပြ ထားတဲ့အချက်က အသက် ၁၈ နှစ်အောက် လူတွေကိုလည်း ကလေးသူငယ် ဥပဒေမှာပါတဲ့ ခံစားခွင့်တွေနဲ့အညီ ခံစားခွင့် ပေးသင့်တယ်။ ကလေးသူငယ် တရားရုံးတွေမှာ စစ်ဆေးစီရင် သင့်တယ်။ နောက်ပြီးတော့ ပြစ်ဒဏ်ချတဲ့အခါတွေမှာ ထောင်တွေကို မပို့ဘဲနဲ့ လူငယ် သင်တန်းကျောင်းတွေကို ပို့ဖို့ လိုအပ်တာကို ထောက်ပြပြီးတော့ ပြန်လည် ပြင်ဆင်ခိုင်းထားတာ ဖြစ်ပါတယ်ခင်ဗျား။”

ကလေးစစ်သား စုဆောင်းခံရမှု၊ အဓမ္မ ခိုင်းစေမှုတွေကို မြန်မာနိုင်ငံ တ၀ှမ်းလုံးမှ ကလေးသူငယ်တွေ ကြုံနေရတယ်လို့လည်း ဆက်ပြောပါတယ်။

“ကလေးစစ်သားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ လူငယ် တော်တော်များများက တပ်ပြေးမှုတွေနဲ့ လူကြီးတွေ ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွေ အထဲမှာ ထောင်ကျ ခံနေရတယ် ဆိုတာကို ကျနော်တို့ သိရှိရတယ်။ ဒါတွေက လူငယ်တွေအတွက် မဖြစ်သင့်တဲ့ အချက်အလက်တွေ ဖြစ်တယ်။ စစ်သား စုဆောင်းခံရတဲ့ အရာတွေက မြန်မာနိုင်ငံ တ၀ှမ်းလုံးမှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေပါ။ နောက်ပြီးတော့ အဓမ္မ လုပ်အားပေးအဖြစ် အတင်းအဓမ္မ စေ့ဆော်ခြင်း မပြုဘူးလို့ မြန်မာနိုင်ငံ အစိုးရက ပြဌာန်းထား ပေမဲ့လည်း နိုင်ငံတော်ရဲ့ စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကလေးသူငယ် မဟုတ်ပေမဲ့လည်း လူငယ်ဆိုပြီးတော့ကာ အဓမ္မ လုပ်အားပေး ခိုင်းစေတဲ့ ကိစ္စရပ်များ တော်တော်များများ ကြုံတွေ့နေရတယ် ဆိုတာကို ကျနော်တို့ မှတ်တမ်းတွေ အရရော၊ ILO ရဲ့ လက်ခံရရှိထားတဲ့ အချက်အလက် တွေအရပါ ကျနော်တို့ ပြောဆိုနေရခြင်း ဖြစ်ပါတယ်။”

AHRC အဖွဲ့မှ ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့ပါတယ်ရှင်။

0 comments:

Post a Comment