Thursday, October 08, 2009

Filled Under:

စစ်အစိုးရ လူ့အခွင့်ရေး ချိုးဖေါက်မှုအား ကုလသမဂ္ဂ ညီလာခံတွင် ဆွေးနွေးတင်ပြသည့်အပေါ် AHRC ၏ အမြင်

RFA ----- 7/ 10/ 2009

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်ဖွယ် အခြေအနေတွေ ဖြစ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက ထုတ်ဖေါ် ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ အခုကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမယ်လို့လည်း RFA ကို ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အမြင်ကို အဖွဲ့မှ ဦးမင်းလွင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်။

မေး ----- ဦးမင်းလွင်ဦးခင်ဗျား။ မစ္စတာ ကင်တားနားက နေပြီး မြန်မာပြည်နဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာ တခုကို လာမဲ့ အောက်တိုဘာ အကုန်လောက်မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမယ်လို့ ပြောသွားပါတယ် ခင်ဗျား။ ဒီိကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုများ မြင်မိပါသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ဟုတ်ကဲ့ခင်ဗျား။ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မစ္စတာကင်တားနား တင်ပြမဲ့ ကိစ္စရပ်တွေက ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပျက်နေတဲ့ ကလေးစစ်သား စုဆောင်းမှုကိစ္စရပ် တွေ၊ နောက်ပြီး အဓမ္မလုပ်အား ခိုင်းစေမှု ကိစ္စရပ်တွေ၊ နောက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာပင် လူကုန်ကူးမှု တွေနဲ့ ဆိုတဲ့ကိစ္စရပ်တွေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အပြည်အစုံ တင်ပြ နိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်မြင် ယူဆပါတယ် ခင်ဗျား။

မေး ----- အခုတခေါက် သူပြောသွားတဲ့ အထဲမှာ သူ့အနေနဲ့ အစီရင်ခံစာ တော်တော်များများ ရထားတယ်လို့ ပြောပါတယ်။ အဲဒီမှာ သူအဓိက ထားပြီးပြောသွားတာက နယ်စပ်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ ဥပမာ တရုတ်မြန်မာနယ်စပ် ရှမ်းပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ ကရင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ သူက ပြောသွားပါတယ် ခင်ဗျား။ ဒီလို အချက်အလက်တွေကို သူ့အနေနဲ့ သူမသွားဘဲနဲ့ ဘယ်လိုများ သိရပါသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ကျနော်တို့ အဲဒီလိုမျိုး တရုတ်- မြန်မာ နယ်စပ်တွေမှာ ဖြစ်ပျက်တဲ့ ကိစ္စရပ်တွေအနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် မြန်မာဘက်က နေပြီးတော့ ကိုးကန့်နဲ့ မြန်မာဖြစ်တဲ့ ကိစ္စရပ်တွေမှာ လူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ ကိစ္စရပ်တွေ၊ အဓမ္မပြုကျင့် ခံရတဲ့ ကိစ္စရပ်တွေ အချို့အချက်တွေမှာ အထောက်အထား ခိုင်ခိုင်လုံလုံ ရရှိပြီးသား ဖြစ်နေတာ ဖြစ်တယ်။

အဲဒီဟာတွေကလည်း ဒေသဆိုင်ရာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ ကနေ ပေးပို့ပြီး သားဖြစ်တယ်။ ထိုနည်းတူစွာ ပြည်နယ် အသီးသီးမှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ အဖွဲ့အစည်း အသီးသီး ကနေပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရယ်၊ အထူး ကိုယ်စားလှယ်တွေ ဆီကို အစီရင်ခံတဲ့ ကိစ္စရပ်တွေ ရှိနေတဲ့အတွက် သူ့အနေနဲ့ သိနေတယ်လို့ ကျနော်တို့ ယူဆပါတယ် ခင်ဗျား။

မေး ----- ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ပေးပို့တယ် ဆိုလို့ရှိရင် အချက်အလက်တွေက မှန်ကန်တယ်၊ မမှန်ကန်ဘူး ဆိုတာက သူ့အနေနဲ့ ဘယ်လို အတည်ပြုချက် ရယူနိုင်မှာလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ----- လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ပတ်သက်လို့ အတည်ပြုဖို့ အတွက်ကို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေက အဓိကကျ ပါတယ်။ အဲတော့ အဲဒီလိုမျိုး ရှိလား၊ မရှိဘူး၊ နောက်ပြီးတော့ ဒေသဆိုင်ရာ အဖွဲ့အစည်း အသီးသီးက နေပြီးတော့ လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပြဌန်းထားတဲ့ အချက်အလက် တွေကို လိုက်နာဆောင်ရွက်တဲ့ ရှိတယ်၊ မရှိဘူး ဆိုတဲ့ အချက်အလက် အပေါ် မူတည်ပြီးတော့ သူကနေပြီးတော့ ကောက်ယူသုံးသပ်တာ ဖြစ်ပါတယ်ခင်ဗျား။

မေး ----- အခုရရှိတဲ့ အစီရင်ခံစာမှာ သူက အချက်အလက် အသစ်တွေလည်း တော်တော်များများ ရထားတယ်လို့ ပြောတယ်။ အဲဒီ အချက်အလက် တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမယ်။ တင်ပြပြီးတော့ နိုင်ငံတွေရဲ့ ထောက်ခံမှုကို ယူပြီးတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လိုက်နာမှုတွေ လုပ်ဖို့အတွက် သူ့အနေနဲ့ ဖိအားပေးမယ်လို့ ပြောပါတယ် ခင်ဗျား။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာတွေကလည်း အကြိမ်ကြိမ် တင်ပြပြီး ဖြစ်တယ်။ အစီရင်ခံစာတွေ တင်ခဲ့ပြီး ဖြစ်ပေမဲ့လည်း ဒီထက် ပိုဆိုးတာတဲ့ အခြေအနေတွေ သူကိုယ်တိုင်ကလည်း ၀န်ခံပြီးတော့ ပြောသွားတာ ရှိတယ်ခင်ဗျား။ ဒီတော့ အထွေထွေညီလာခံမှာ ထပ်တင်တဲ့အခါမှာ ဘာအကျိုး ကျေးဇူးတွေ ရနိုင်မယ်လို့ ထင်ပါသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ ဖြစ်နေနဲ့ ကိစ္စရပ်တွေ အပေါ်မှာ မြန်မာနိုင်ငံအတွက် ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် အနေနဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကို သူ့အနေနဲ့ အထူး ဂရုပြုမိတယ်လို့ ထင်ပါတယ်။

နောက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခက်အခဲ ပြဿနာတွေ၊ နောက်ပြီး ပြည်တွင်းမှာ ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ သူတွေရဲ့ အခက်အခဲတွေကို သူ့အနေနဲ့ ယခုအချိန်မှာ ပိုပြီးထိထိမိမိ ပြောဆို နိုင်မယ်လို့ ကျနော်တို့ ထင်မြင် ယူဆပါတယ် ခင်ဗျား။

ဒါကတော့ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ် ခင်ဗျား။

0 comments:

Post a Comment