Sunday, October 11, 2009

Filled Under:

ရဲစခန်း အထွေထွေ ဗဟုသုတ (ကဲယုံချင်ယုံ၊ မယုံချင်နေ အပိုင်း --၂ )

မင်းလွင်ဦး
အောက်တိုဘာလ ၁၁ရက်၊ ၂၀၀၉ ခုနှစ်

ရဲစခန်းအတွင်း နေထိုင်အိပ်စက်ဖို့ ကုန်ကျရမဲ့ ကိစ္စတွေကို ပြီးခဲ့တဲ့အပိုင်း ၁ မှာ ဖေါ်ပြပြီးပါပြီ။ ဒီတပတ်တော့ ရဲစခန်း ကနေတဆင့် တရားရုံးကို အမှုတင် တဲ့အခါမှာ ထပ်မံကုန်ကျရအုံးမဲ့ ငွေကြေးနဲ့ ပတ်သက်ပြီး ဆက်လက် ဖေါ်ပြပါမယ်…..။

မှုခင်းတခုဖြစ်ပြီဆိုရင် မပတ်သက်ချင်တဲ့ သူနဲ့လည်း ပတ်သက်ရမယ်။ မပြောချင် မတွေ့ချင်သူနဲ့လည်း ရင်ဆိုင်ရမယ်။ နောက်ဆုံး မရောက်သင့်တဲ့ နေရာလို့ သတ်မှတ်ထားတဲ့ အချုပ်ခန်း အတွင်းကိုတောင် ရောက်နေပြီဆိုမှတော့ ကျန်တဲ့ကိစ္စတွေက စဉ်းစားစရာတောင် မလိုတော့ပါဘူး။ သာမန်မှုခင်းတွေမှာ ရဲစခန်း ရောက်ပြီဆိုတာနဲ့ အမှုစစ်ရဲအရာရှိက အမှုဖွင့် တိုင်စာရေး၊ ရဲစစ်ချက်ယူ စတာတွေက ရဲရဲ့တာဝန်ဝတ္တရားပါ။

အမှုစစ် ရဲအရာရှိက ယခုအမှုဟာ ထောင်ဘယ်လောက်ထိ ကျနိုင်တဲ့အကြောင်း၊ ဒါပေမဲ့လည်း ရှေ့နေ ရှေ့ရပ် ဥပဒေနားလည်သူကို ငှားရမ်းပြီး ခုခံချေပမယ်ဆိုရင် လွတ်နိုင်တယ် ဆိုတဲ့အကြောင်း၊ မြို့နယ်တရားရုံး တရားသူကြီးနဲ့ အဆင်ပြေတဲ့ ရှေ့နေကို ဆက်သွယ်ပေးမယ် ဆိုတဲ့အကြောင်း စေတနာထားသလိုနဲ့ ပြောဆိုတာကို မလွဲမသွေ ကြုံရမှာပါ။ တရားရုံးနဲ့ ရဲစခန်း အတွေ့အကြုံ မရှိတဲ့ သာမန်ပြည်သူ၊ တောသူတောင်သား တွေကတော့ အားကိုးတကြီးနဲ့ ကူညီ ဆောင်ရွက်ပေးဖို့ အကူအညီ တောင်းလိုက်မယ်။ ရဲကပြောတဲ့ ရှေ့နေကို ငှားလိုက်မယ် ဆိုပါတော့ ရှေ့နေငှားခပေါ်မှာ ရဲက ရာခိုင်နှုန်းနဲ့ ငွေရတာလဲရှိတယ်။ အမှုပေါ်မှာမူတည်ပြီး တမှုကို ဘယ်လောက် သတ်မှတ်ထားတာလဲ ရှိတယ်။ ဥပမာ --- မူးယစ်ဆေးဝါး တမှုဆို ဘယ်လောက်၊ ချဲထီမှုဆို ဘယ်လောက် သတ်မှတ် ထားတာမျိုးပေါ့၊ အများအားဖြင့်တော့ ရှေ့နေငှားခပေါ်မှာ ရာခိုင်နှုန်းနဲ့ ယူကြတာများတယ်။

ရဲစခန်းနဲ့ပေါင်းထားတဲ့ ရှေ့နေကလည်း ရဲက အမှုပွဲစားလုပ်ပြီး အပ်လာတဲ့ အမှုပေါ်မှာ ဖမ်းဆီးမိတဲ့ သက်သေခံ ပစ္စည်းအပေါ် အမှု အကြီးအသေး အပေါ်မူတည်ပြီး ရဲကို ပေးဖို့က ဘယ်လောက်၊ တရားရုံးကို ပေးဖို့က ဘယ်လောက်၊ ဥပဒေအရာရှိ ဖြစ်သူကို ဘယ်လောက်၊ ရှေ့နေအဖြစ် လိုက်ပါမဲ့ သူ့အတွက်က ဘယ်လောက်စသဖြင့် တွက်ချက်ပြီးမှ အမှုသည်ဆီက တောင်းမှာမို့ သက်သာလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့….

ရဲနဲ့ပေါင်းပြီး သက်သေခံ ပစ္စည်းတွေကိုလည်းပါမယ်။ ရှာဖွေပုံစံ နည်းလမ်းတကျ မဖြစ်အောင်လည်း ရဲနဲ့ပေါင်းပြီး လုပ်မယ်။ ဥပဒေ ပြဌာန်းချက်တွေနဲ့ မညီအောင် အမှုပွဲစားရဲနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်။ ဥပဒေ ပြဌာန်းချက်တွေ၊ စီရင်ထုံး အကိုးအကားတွေက သိပ်အရေးမကြီးလှဘူး၊ တရားသူကြီးကို ငွေပေးပြီး စီရင်ချက်ကို ရေးခိုင်းမှာမို့ ဥပဒေ ပညာတတ်စရာတောင် မလိုဘူး။ ဒါကြောင့် လည်း တချို့မြို့နယ်တွေမှာ ရှိတဲ့အပိုင်စား ရှေ့နေတွေလို့ နာမည်ကြီးနေတဲ့ သူတွေထဲမှာ ဥပဒေပညာကို နှံ့နှံ့စပ်စပ် မသိ၊ မလေ့လာထားတဲ့ သူတွေ အများကြီးပါ။ ဥပဒေက မည်သို့ပင် ဆိုစေကာမူ အစောကပြောသလို ငွေတတ်နိုင်တဲ့ သူတွေက အမှုက လွတ်ဖို့ အကုန်အကျ ခံတဲ့အတွက် အမှန်တရား ဆိုတာကို ဘယ်လိုမှ ရှာဖွေလို့ မရနိုင်တော့ဘူး…… ဒါကြောင့်လည်း ငွေများ တရားနိုင် ဆိုတဲ့စကားက တွင်ကျယ်လာရတာပါ။

ဥပမာအားဖြင့် လိမ်လည်မှု တခုဖြစ်ခဲ့ပြီ ဆိုပါတော့ လိမ်သွားတဲ့ သူဆီမှာက ငွေလုံးငွေရင်း ရှိနေပြီ၊ အလိမ်ခံရတဲ့ သူကတော့ ဘာမှမကျန်တော့ဘူး။ အမှုရုံးရောက်၊ ရဲစခန်းရောက် စတဲ့ကိစ္စတွေမှာ ငွေကုန်ခံဖို့ မရှိတဲ့အတွက် ဘာမှ လျောလျောလျူလျူ မရှိနိုင်ဘူးလေ။ ရဲကနေပြီး တရားခံတွေ၊ သက်သေတွေ စစ်ပြီးတဲ့အခါမှာ အမှုကို တရားရုံးကို တင်ဖို့ ဥပဒေအရာရှိကို အမှုတင်ရတယ်လေ။ ဒီနေရာမှာ ဥပဒေအရာရှိဖြစ်သူက အမှုကို ဖတ်လေ့လာ သုံးသပ်ပြီး မည်သည့် ဥပဒေပုဒ်မနဲ့ အရေးယူရန်ဆိုပြီး မှတ်ချက်ပေးရ ပြန်တယ်။ ဒီနေရာမှာ ရဲက တင်လာပေမဲ့ ဥပဒေ၀န်ထမ်းကလည်း ငွေမရရင် သက်သေ အထောက်အထား မပြည့်စုံ၊ တပ်ထားတဲ့ ပုဒ်မနဲ့ အံမ၀င် ဒါကြောင့် လိုအပ်တဲ့ သက်သေ အထောက်အထားနဲ့ သက်သေထွက်ချက်တွေ ပြန်စစ်ပါအုံးလို့ အမှုကို တရားစွဲဖို့ ထောက်ခံတင်ပြခြင်း မပြုတာကိုလဲ ရင်ဆိုင်ရမှာပါ။ ဒါကြောင့်လည်း တချို့အမှုတွေမှာ ရဲက ဥပဒေအရာရှိကို တမှု ငွေ ၃၀၀၀၀ အနည်းဆုံး ပေးမှ ဥပဒေအရာရှိက အမှုတွဲတင်ပေးတာလည်း တွေ့ရတယ်။

မြို့ပေါ်မှာ ဆိုရင်တော့ ပုဒ်မတခုကို တသိန်း ပေးရတယ်လို့တောင် ဆိုတယ်။ ကိုယ်က တရားလိုလုပ်ပြီးအမှုစွဲမယ်ဆိုရင်လဲ ဥပဒေ အရာရှိကိုပေးမှသာ အဆင်ပြေတယ်။ ကိုယ်က တရားခံဖြစ်နေပြီ ဆိုရင်လည်း ပုဒ်မတွေဖြုတ်ဖို့ကို ဥပဒေအရာ ရှိကသာ စွမ်းဆောင်နိုင်တယ်။ ငိုစား၊ ရီစားဆိုတဲ့အထဲမှာ ရဲနဲ့ ဥပဒေအရာရှိလည်း တကြိတ်တည်း တဥာဏ်ထဲပါဘဲ။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ မှန်ကန်မျှတတဲ့ တရားစီရင်ရေး ဆိုတာက ရှားမရှားတယ်ဆိုတဲ့ အခြေအနေကို ရောက်နေပြီ။ တရားသူကြီး၊ ဥပဒေအရာရှိ၊ တရားခွင်စာရေးလို့ ခေါ်တဲ့ ရှေ့ပတ်စာရေး စတာ တွေကလည်း ၀န်ထမ်း လစာတွေနဲ့ မလောက်ငှတဲ့အခါမှာ လာဘ်စားလို့ ရတဲ့ငွေနဲ့သာ မိသားစု ပရိရေသန၀မ်းစာ ကိုဖြေရှင်း ကြရတယ်။ ဒါကြောင့်လည်း လာဘ်စားတာကို ဥပဒေနဲ့ မညီတဲ့အလုပ်လို့ မသတ်မှတ်တော့ဘူး။ အားလုံးလုပ်နေကြ လို့ တရားဝင် ခွင့်ပြုထားတဲ့အလုပ် တခုလို ထင်မှတ်လာကြတယ်……။ လာဘ်မစားတဲ့ သူအတွက်တော့ ၀မ်းရေး အဆင်မပြေဘူးပေါ့….။

အမှုတခု ဖြစ်လာမှတော့ သက်သေခံပစ္စည်းတွေ၊ ရှာဖွေတုန်းက ပါဝင်ခဲ့ပြီး ရှာဖွေပုံစံမှာ လက်မှတ်ရေးထိုး တဲ့ရှာဖွေပုံစံ သက်သေတွေကလည်း အမှုထဲမှာ အရေးပါတဲ့ နေရာကရှိနေတယ်။ ဥပမာအားဖြင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုတွေမှာ ရှာဖွေသူတွေ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားပါတယ်။ ပြဌာန်းချက်တွေ နဲ့အညီ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ရှာဖွေသိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေဟာ မှုခင်းဖြစ်စဉ်က တကယ်သိမ်းဆည်း ရမိတာဟုတ်မဟုတ် မသေချာတော့ဘူး။ ဥပဒေသမား တွေကတော့ ရှာဖွေပုံစံပျက်တယ်လို့ ပြောကြတယ်။ ရှာဖွေပုံစံနည်းလမ်းတကျ မဖြစ်တာကြောင့် မူးယစ်ဆေးဝါး တကီလိုကလည်း ၁၀၀၀ တန် ဘိန်းဖြူ ထုပ်တထုပ်လည်း ဖြစ်သွားနိုင်တယ်။ ပေါင်ဒါမှုန့်တွေလည်း ဖြစ်သွားနိုင်တယ်။ တချို့အမှုတွေမှာ ဘိန်းဖြူအစစ်ကို ရဲက ပေါင်ဒါမှုန့်နဲ့လဲပြီး အစစ်ကို မြို့နယ်အတွင်းက ရောင်းဝယ်သူတွေကို ပြန်လည် ရောင်းချတာလည်း ရှိတယ်။ ဓါတုဗေဒ ဌာနကလည်း တခါတလေ ဘိန်းဖြူအစစ် ဖြစ်ပေမဲ့လည်း ပေါင်ဒါမှုန့်တို့၊ မြေဖြူမှုန့်တို့ဆိုပြီး ငွေရတဲ့ အမှုတွေမှာ ရေးသား အကြောင်းပြန်တတ်ပါတယ်။ ငွေတတ်နိုင်ရင် တတ်နိုင်သလိုပေါ့လေ…..။ အမှုအခြေအနေတွေ ပြောင်းလဲ သွားနိုင်ပါတယ်။

အခုဖေါ်ပြနေတဲ့ အထိအမှုက တရားရုံးကို မရောက်သေးပါဘူး…..။ အမှုစွဲတင်ဖို့ အတွက် ရဲ၊ ဥပဒေ အရာရှိနဲ့ ရှာဖွေပုံစံ သက်သေတွေကို ငွေပေးပြီး အမှုတည်ဆောက်နေတဲ့ အဆင့်မှာဘဲ ရှိပါသေးတယ်။ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးနေတဲ့ တရားခံကို လိုက်ဖမ်းဖို့ ပေးရမဲ့ငွေ၊ အချို့ကိစ္စတွေမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ပူးတွဲတရားခံတွေကို ဖမ်းဖို့လိုတဲ့အခါမှာ ရဲက ၂ခါ ငွေရပါတယ်။ အမှုသည်က ပြစ်မှုကျူးလွန်တဲ့ တရားခံကို ဖမ်းဖို့ ရဲကို ငွေပေးရသလို၊ အဖမ်းခံရမဲ့ တရားခံတွေကလည်း မဖမ်းဖို့ ရဲကို ငွေပေး လာဘ်ထိုး ရပြန်တယ်။ အဲဒီအခါမှာ ရဲက ၂ဖက်စလုံးက ငွေကိုယူပြီး တရားခံတွေကို ရုံးချိန်းနေ့ကျရင် လာအဖမ်းခံဖို့ ညှိနှိုင်းပြီး လုပ်ဆောင် တတ်တာလည်း ရှိပါတယ်။

အကျင့်ပျက် ရဲဝန်ထမ်း၊ ဥပဒေအရာရှိနဲ့ အပိုင်စားရှေ့နေတွေက ဥပဒေကို လက်တလုံးခြားလုပ်၊ မမှန် သက်သေတွေ ဖန်တီးတဲ့ ကိစ္စရပ်တွေကို ဒီအတိုင်းပဲ ကြည့်နေတော့မှာလား၊ အထက်အာဏာပိုင် အဆင့်ဆင့်ကို တိုင်ကြားရင်ကော မရဘူးလား စသဖြင့် မတရားခံရတဲ့ သူတွေက စဉ်းစားမိပါလိမ့်မယ်။ မတရား အလုပ်ခံရတဲ့ ကိစ္စမို့ မကျေမနပ်ဖြစ်ပြီးလည်း တိုင်ကြ၊ တန်းကြတာတွေလည်း အများအပြားပါ။ ဒါက လူ့သဘာဝမဟုတ်လား….။

အထက်အာဏာပိုင် အဆင့်ဆင့်ကို တိုင်တန်းလို့ အပြစ်ပေး အရေးယူတဲ့အခါ အလွန်ဆုံး အလုပ်က ပင်စင်ပေးလိုက်တာ၊ ရာထူးတဆင့် ချထားလိုက်တာ၊ နယ်ပြောင်းရွှေ့ခံရတာ က အလွန်ဆုံးပါပဲ။ ထောင်ကျသွားတဲ့ ရဲအရာရှိ၊ ဥပဒေအရာရှိ ဆိုတာ လွန်စွာမှပင် ရှားပါးလှတယ်လို့ သိရပါတယ်။ ယခင် ထောက်လှမ်းရေးတွေ ခေတ်ကောင်းစဉ်အခါက တရားစွဲအဖွဲ့အစည်း အသီးသီးက ကျူးလွန်ခဲ့တဲ့ လာဘ်စားမှုတွေကို ၁၉၄၈ ခုနှစ်က ပြဌာန်းခဲ့တဲ့ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ ဆိုတာနဲ့ အရေးယူခဲ့ တာမဟုတ်ပါဘူး။ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ရာထူးချတာ၊ နယ်ပြောင်းတာနဲ့ သိပ်လွန်လွန်းတဲ့ သူကို အနားပေး လိုက်တာပဲ ရှိပါတယ်။ ထောင်မကျပါဘူး။

တရားရုံးမှာ ကုန်ကျရမည့်ငွေကို ရှေ့အပတ်တွင် ဆက်လက်ဖေါ်ပြပါမည်။

0 comments:

Post a Comment