Tuesday, October 13, 2009

Filled Under:

မောင်အောင်ကိုထွေးအား ပြစ်ဒဏ်ပေးတာဟာ ဥပဒေနဲ့ မညီဟု ဥပဒေပညာရှင်များပြော

RFA ----- 13/ 10/ 2009

၁၄ နှစ်သားအရွယ်မှာ ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး ၂၀၀၆ ခုနှစ် ကတည်းက ပျောက်ဆုံးနေတဲ့ မောင်အောင်ကိုထွေးဟာ လူသေမှုနဲ့ သေဒဏ်မိန့် ကျခံရပြီးမှ သူဘယ်ရောက်နေမှန်း မိသားစုမှ သိရပြီး သူ့ကို အခုလို ပြစ်ဒဏ်ကြီး ပေးတာဟာ ဥပဒေနဲ့ မညီဘူးလို့ ဥပဒေပညာရှင်များက ပြောပါတယ်။

မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီး အမနှစ်ယောက်က ထိန်းသိမ်းစောင့်ရှောက် ထားတဲ့ မောင်အောင်ကိုထွေးဟာ (၈) တန်းကျောင်းသားဘ၀မှာ ပျောက်ဆုံးသွား ပါတယ်။ အခုကြုံရတဲ့ ဖြစ်စဉ်ကိုတော့ ပဲခူးမြို့က လမ်းပြကျယ် အဖွဲ့ခေါင်းဆောင် ရှေ့နေဦးအေးမြင့်က ရှင်းပြပါတယ်။

“အောင်ကိုထွေးတဲ့။ အဖေ့နာမည် ဦးလှဝင်း၊ အမေ့နာမည် ဒေါ်သိန်းဌေး၊ ခ မ ရ ခြေမြန်တပ်ရင်း ၃၂၂ လောက်ကိုင်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကိုယ်ပိုင်နံပါတ်က (တ - ၃၅၁၈၀၇)။ သူက အခု သူတို့နဲ့ သင်တန်းအတူတူ တက်နေရင်း ငြိမ်းအဖွဲ့က သားတမီးနဲ့ တပ်ထဲမှာ ရန်ဖြစ်လို့ သူပစ်ကိုယ်ပစ်၊ သေနတ်ပစ်မယ်လုပ်တော့ တဖက်က သေသွားတယ်။ သူပစ်တာ မဟုတ်ဘူးလို့ ပြောတယ်။ ကလေးက သေဒဏ်ကျခံ၊ လားရှိုးထောင် ရောက်နေတယ်။”

မောင်အောင်ကိုထွေးက သူပစ်တာမဟုတ်ဘူးလို့ ပြောတဲ့အချက်နဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက ---

“အဲဒီလို ရုန့်ရင်းဆန်ခတ် ဖြစ်တဲ့အခြေအနေမှာ ဘယ်သူက ပစ်တယ်ဆိုတာကို ဘယ်သူမှ အတိအကျ မသိနိုင်ဘူး။ နောက် ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ Florence မရှိဘူးလေ။ ဥပမာ --- သူ့သေနတ်က ပစ်လိုက်တဲ့ ကြည်ဆံမျိုး ဖြစ်စေ၊ အဲဒီလိုမျိုး ဖြစ်တယ်ဆိုရင်တော့ အတိအကျ ပြောလို့ရတာပေါ့။ အဲဒီလိုမျိုး အတိအကျ မရှိတဲ့ အခါကျတော့ ထင်ကြေးနဲ့ဘဲ ပြောနေရတယ်။ အခု လောလောဆယ်မှာ ၂ ယောက် ပြေးနေတယ်လေ။ အဲဒီတော့ အဲဒီ ၂ ယောက်လည်း ဖြစ်နိုင်တာဘဲ။ သေချာမတိကျဘဲနဲ့ အဲဒီလိုမျိုး အရွယ်မရောက်တဲ့ ကလေးတယောက်ကို သေဒဏ်ပေးတယ် ဆိုတာက ပိုပြီး မဖြစ်သင့်ဘူး။”

မောင်အောင်ကိုထွေးကို သေဒဏ် ချမှတ်တာဟာ ဥပဒေနဲ့ မညီဘူးလို့ ဦးအေးမြင့်က ထောက်ပြသလို ဦးမင်းလွင်ဦးကလည်း
“မြန်မာနိုင်ငံအတွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေအရဆိုရင် ၂၁ နှစ်အောက် ကလေးဆိုရင်တော့ ပြစ်ဒဏ်စီရင်နိုင်တယ်။ ဒါတောင်မှ သေဒဏ် မစီရင်နိုင်ဘူး။ ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေမှာက ကလေးကို ၁၀ နှစ်ထက် ကြီးတဲ့ ပြစ်ဒဏ်ကို ပေးလို့မရတာ။ သေဒဏ်ဆိုတာ ဝေးသေး။”

မြန်မာနိုင်ငံမှာ ကလေးစစ်သား မရှိပါဘူးလို့ စစ်အစိုးရက ပြောဆိုနေပြီး ဒီလို ကလေးစစ်သားတွေ ဆက်လက် ရှိနေတာဟာ စစ်အစိုးရနဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်တို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ကို ချိုးဖေါက်တယ်လို့ လမ်းပြကျယ် အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်က ပြောကြားပါတယ်။

0 comments:

Post a Comment