Friday, October 16, 2009

Filled Under:

လျှပ်စစ်မီးကိစ္စ တိုင်ကြားခဲ့လို့ အဖမ်းခံရ

RFA ---- 14/ 10/ 2009

ရန်ကုန်အလုံမြို့နယ်က လျှပ်စစ်မီးကိစ္စ တိုင်ကြားခဲ့တဲ့ ဦးခင်မောင်ကြည်ကို ဖမ်းဆီးထားတာဟာ ဥပဒေကြောင်းအရ မှားယွင်းစွာ အရေးယူထားတာ ဖြစ်တဲ့အကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် က ဒီကနေ့မှာ ထုတ်ပြန် ကြေငြာ လိုက်ပါတယ်။ ဆံသနဲ့ အလှပြင်ဆိုင်အတွက် အသုံးပြုနေတဲ့ လျှပ်စစ်မီး မီးအားအတက်အကျ မမှန်တဲ့ကိစ္စကြောင့် ဦးခင်မောင်ကြည်ဟာ နေပြည်တော်ကို တိုင်တန်းခဲ့ပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်စဉ် ရယက အကျိုးအကြောင်း ပြည့်စုံစွာ ပြောဆိုခြင်းမရှိဘဲ စေ့ဆော်ခဲ့တာကြောင့် ဦးခင်မောင်ကြည်က တာဝန်ရှိတဲ့ သူတွေကို သွားရောက်တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လျှပ်စစ် ဌာနက ဦးခင်မောင်ကြည်ကို ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုထားသလို ရယက ကလည်း ခြေချုပ်နဲ့ ဖမ်းဆီးထားပါတယ်။ အခုဆိုရင် ဦးခင်မောင်ကြည်ဟာ ခြေချုပ် ခံဝန်ချက်ကို လက်မှတ် မထိုးတဲ့အတွက် အာမခံချက်မရဘဲ အချုပ်မှာ ၂ လကျော် ဖမ်းဆီးခံထားရ ပါတယ်။

ဦးခင်မောင်ကြည်ကို ခြေချုပ်နဲ့ ဖမ်းဆီးထားတာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်သလို မြန်မာနိုင်ငံမှာ ဒီခြေချုပ် ဥပဒေကို နေရာတကာမှာ မှားယွင်းစွာ အသုံးပြု နေကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦးက အခုလို ပြောဆိုပါတယ်။

“ဟုတ်ကဲ့ခင်ဗျား။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ပြဌာန်းထားတဲ့ ခြေချုပ်နဲ့ ခံဝန်ချက် အက်ဥပဒေ (၅-၁/ စ-ဆ) ဆိုတာ ရှိပါတယ်။ အဲတော့ ခြေချုပ်နဲ့ ခံဝန် အက်ဥပဒေကို အသုံးပြုပြီးတော့ သာမန် ပြည်သူတွေအပေါ်မှာ နိုင်ငံရေးအရ လှုပ်ရှားဆောင်ရွက်တဲ့ သူတွေကိုလည်း ဒီခြေချုပ်နဲ့ ခံဝန်ချက် ဥပဒေနဲ့ အရေးယူနေတာကို ကျနော်တို့ တွေ့ရတယ်။ အဲတော့ ခြေချုပ်နဲ့ ခံဝန်ချက် အက်ဥပဒေက ရပ်ရွာအတွင်းမှာ ခိုးဆိုးလုယက်တဲ့သူတွေ၊ ရာဇ၀တ်မှု ကျူးလွန် တတ်တဲ့သူတွေ၊ ရာဇ၀တ်မှု ကျူးလွန်ကြောင်း ရာဇ၀င်ရှိတဲ့ သူတွေကို ခြေချုပ်နဲ့ ခံဝန်နဲ့ အရေးယူကြတာ ဖြစ်တယ်။ မြန်မာနိုင်ငံ အတွင်းမှာ အဲလိုမဟုတ်ဘဲနဲ့ သာမန် ပြည်သူတွေ အပေါ်မှာ ခြေချုပ်နဲ့ခံဝန် အက်ဥပဒေနဲ့ အရေးယူခြင်းဟာ လွန်စွာမှပင် မှားယွင်းတယ်။”

မြန်မာစစ်အစိုးရက ခွင့်ပြုထားခဲ့တဲ့ အတွက်သာ ဦးခင်မောင်ကြည်ဟာ အခုလို တိုင်ကြားခဲ့တာ ဖြစ်တဲ့အကြောင်း၊ သက်ဆိုင်ရာက လာရောက် ဆောင်ရွက်စဉ် အခုလို အရေးယူ ခံရတဲ့အထိ ဖြစ်လာရတာဟာ နည်းလမ်း မကျတဲ့အကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အဆင်ပြေနိုင်တဲ့ နည်းလမ်းများနဲ့တာ ဖြေရှင်းပေးရမှာဖြစ်ကြောင်း လူ့အခွင့်အရေး ရှေ့နေဖြစ်တဲ့ ဦးမင်းလွင်ဦးက ဆက်ပြီးရှင်းပြပါတယ်။

“တိုင်ကြားလိုတဲ့ ကိစ္စရပ်တွေ တိုင်ကြားဖို့အတွက် သူတို့ ဖုန်းနံပါတ်တွေ ပေးထားတယ်။ အဲတော့ ရပ်ရွာအတွင်းမှာ ကိုယ့်အိမ်အတွင်းမှာ မီးမလာတဲ့ကိစ္စ၊ မီးအား အတက်အကျ မမှန်တဲ့ကိစ္စတွေကို တင်ပြပြီးတော့ အကူအညီတောင်းတဲ့ ကိစ္စရပ်တွေက တာဝန်ဝတ္တရား နှောင့်ယှက်မှု မဟုတ်ပါဘူး။ အဲဒါတွေကို လျှပ်စစ်ဝန်ကြီးဌာနက ဆောင်ရွက်ပေးရမဲ့ တာဝန်ရှိပါတယ်။ လာပြီးဆွေးနွေးတဲ့ အခါကျတော့လည်း ဦးခင်မောင်ကြည်ကို ရ ယ က ကနေပြီးတော့ လာခေါ်တယ်။ လာခေါ်တဲ့အခါမှာ လျှပ်စစ်ဌာနက တာဝန်ရှိတဲ့ သူတွေက ဆွေးနွေးလိုတဲ့ အကြောင်းကို ဖွင့်ဟပြောဆိုခြင်း မရှိဘဲနဲ့ ဦးခင်မောင်ကြည်ကို --- ခင်ဗျားကို ရယက ကခေါ်တယ်။ ခင်ဗျားလိုက်ခဲ့ ဆိုတဲ့သဘောမျိုးနဲ့ လာရောက်ေ ခ်ါဆိုတဲ့အတွက် ဦးခင်မောင်ကြည်က သွားရောက်မတွေ့တာ ဖြစ်တယ်။ အဲတော့ အဲဒီလိုနဲ့ မတွေ့တဲ့အခါမှာ အခုလိုမျိုးပဲ တာဝန်ဝတ္တရား နှောင့်ယှက်တယ် ဆိုပြီးတော့ လျှပ်စစ်ဌာနက အရေးယူတဲ့ ဥစ္စာကလည်း ဥပဒေနဲ့မညီဘူး။ မှားယွင်းတယ်။”

သက်ဆိုင်ရာက ဖြေရှင်း ဆောင်ရွက်ပေးဖို့ တာဝန်ရှိသူတွေက တစုံတရာ လုပ်ဆောင်ပေးခြင်းမရှိဘဲ တိုင်တန်းသူတာ အကြောင်း အမျိုးမျိုးကြောင့် အချုပ်ထဲရောက်ရတဲ့ အဖြစ်ဟာလည်း စစ်အစိုးရ ပြောဆိုထားတာနဲ့ လက်တွေ့ ဖြစ်ရပ်ဟာ တခြားစီ ဖြစ်နေတာကို တွေ့ရတဲ့ အကြောင်းကိုလည်း အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဒီကနေ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် ဦးခင်မောင်ကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကြေငြာချက်မှာ တောင်းဆိုထားပါတယ် ခင်ဗျား။

1 comments:

  1. Hola, me gustaria saber de donde es este blog y todos esos signos.

    Gracias
    Saludos,,,

    ReplyDelete