Tuesday, October 27, 2009

Filled Under:

ကိုရွှေဂျိုး၊ ကိုစိန်လှိုင်၊ မမြင့်မြင့်စန်း တို့ကို ဖမ်းဆီးခြင်းသည် ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ AHRC ပြော

RFA ---- 21/ 10/ 2009

ကိုရွှေဂျိုး အပါအ၀င် (၃) ဦးကို ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကိစ္စမှာ အာဏာပိုင်တွေ ဘက်က ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ရှိနေတာကြောင့် အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ထောက်ပြထားပါတယ်။ ဒီလို ထောက်ပြတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို သိရှိနိုင်ဖို့အတွက် အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဖြစ်တဲ့ ဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး ----- အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီ (၃) ဦးကို စစ်အစိုးရ အာဏာပိုင်တွေ ကနေပြီးတော့ တရားမ၀င် ဖမ်းဆီးတယ်လို့ ထောက်ပြထားတာ တွေ့ရပါတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်တာလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ကိုရွှေဂျိုး အပါအ၀င် ကိုစိန်လှိုင်၊ မချို (ခေါ်) မမြင့်မြင့်စန်း တို့ (၃) ယောက်စလုံးကို ရဲအုပ် စိန်လှိုင်ရယ်၊ သက်တင်ရယ်၊ သူတို့ကနေပြီးတော့ ခေါ်ယူစစ်ဆေး မေးမြန်းတဲ့ကာလက မေလအထိ ကြာသွားတယ်။ ဒါကြောင့် အဲဒီ အောင်သပြေ စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထားတဲ့ (၃) လ ကာလက ကိုရွှေဂျိုး အပါအ၀င် (၃) ဦးစလုံးကို မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်တယ်။ ကျနော်တို့ အနေနဲ့
လူတဦးတယောက်ကို ဖမ်းမယ်ဆိုလို့ရှိရင် တရားရုံးက ထုတ်ပေးထားတဲ့ လူဖမ်းဝါရမ်း ပါဖို့လိုပါတယ်။ လူကို ဆက်လက် ချုပ်နှောင်ထားဖို့ စစ်ဆေးမေးမြန်းစရာ ရှိတဲ့အတွက် ဆက်လက်ချုပ်နှောင်ထားမယ် ဆိုလို့ရှိရင် တရားရုံးရဲ့ ရမန်လိုပါတယ်။ အဲဒါတွေ မပါဘဲနဲ့ ဖမ်းဆီးချုပ်နှောင်ထား တဲ့အတွက် တနည်းအားဖြင့် ပြောရမယ် ဆိုလို့ရှိရင် ဒါဟာ အာဏာပိုင်တွေက နေပြီးတော့ ကိုရွှေဂျိုး၊ ကိုစိန်လှိုင်၊ မချို (ခေါ်) မြင့်မြင့်စန်းတို့ကို ပြန်ပေးဆွဲထားတဲ့ သဘောလို့တောင် ကျနော်တို့ အနေနဲ့ ပြောလို့ရပါတယ်။

မေး ----- ဒီ (၃) ဦးကို အခုဆိုလို့ရှိရင် တရားရုံးတင်ထားတယ်လို့ သိရပါတယ်။ အဲဒီတော့ သူတို့ကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ဘယ်လိုသုံးသပ်မိပါသလဲ။

ဦးမင်းလွင်ဦး ------ သူတို့ကို တရားစွဲဆိုထားတဲ့ ကိစ္စရပ်တွေမှာ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ တရားလိုဘက်ကနေပြီးတော့ တင်ပြနိုင်ခြင်း မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ ဒီစစ်ကြောရေး စခန်းမှာ (၃)လနီးပါး ဖမ်းဆီးနှိပ်စက်ပြီးတော့ ရရှိထားတဲ့ သက်သေထွက်ချက်တွေကို တရားရုံးမှာ သက်သေခံအဖြစ် လာရောက် ထွက်ဆိုနေတာကို ကျနော်တို့ မှတ်တမ်းတွေအရ သိရှိရတယ်။ ဒါတွေက ကျနော်တို့ ပြဌာန်းဥပဒေတွေနဲ့ မညီတဲ့ ကျူးလွန် ဖေါက်ဖျက်မှုတွေ ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အဓိကထား ပြောချင်ပါတယ်။

မေး ----- နောက်တခုက သူတို့ကို တရားရုံးမှာ တင်တဲ့သက်သေခံ အထောက်အထားက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ ဥပဒေ ချိုးဖေါက်မှုတွေ ရှိနေတယ်လို့ ပြေတယ်။ ဘာကြောင့် အဲဒီလို ပြောရတာလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ----- အဲဒီလိုမျိုး ကိုရွှေဂျိုးတို့၊ ကိုစိန်လှိုင်တို့၊ မချို (ခေါ်) မြင့်မြင့်စန်းတို့ (၃)ဦးကို ဒီအမှုမှာ အပြစ်ပေးနိုင်လောက်တဲ့ အထောက်အထား တစုံတရာ ကျနော်တို့ မတွေ့ရပါဘူး။ မတရားအသင်းနဲ့ ဆက်သွယ်တယ်၊ ငွေပေးငွေယူလုပ်တယ် ဆိုတဲ့ကိစ္စရပ်တွေမှာ တိတိကျကျနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြနိုင်ခြင်း မရှိပါဘူး။

မေး ----- နောက်တခုက ရိုက်နှက် စစ်ဆေးလို့ တွေ့ရှိတဲ့ ထွက်ချက်တွေက တရားရုံးမှာ တင်ရင် အမှန် ဖြစ်နိုင်ပါရဲ့လား။

ဦးမင်းလွင်ဦး ------ သက်သေခံဥပဒေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာပါတဲ့ ပြဌာန်းချက်တွေ အရကတော့ ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာ ဖြစ်တယ်။ ရဲထံမှ ထွက်တဲ့ ထွက်ဆိုချက်ကို တရားရုံးမှာ သက်သေခံအဖြစ် အမှုမှာ စဉ်းစားခြင်း မပြုရပါဘူး။ ရဲထံထွက်ချက်က သက်သေခံဥပဒေအရ သက်သေခံ မ၀င်ပါဘူး။ သို့သော်လည်း အဲဒီလို သက်သေခံဝင်တဲ့ သဘောရောက်အောင် ရဲအုပ်ကျော်စိုးနဲ့ ရဲအုပ်သက်တင်က စစ်ကြောချက်တွေကို တရားရုံးမှာ လာပြီးတော့ ထွက်ဆို တင်သွင်းတယ် တိုတာက ပြဌာန်းဥပဒေတွေကို အတိအလင်း ကျူးလွန်ဖေါက်ဖျက်တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီအမှုဟာ တရားမျှတ မှန်ကန်မှု မရှိဘူးဆိုတာကို ကျနော်တို့ ပြောဆိုရခြင်း ဖြစ်ပါတယ်။

ဒါတွေကတော့ လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကိုရွှေကျိုး (ခ) ကိုမြတ်စိုး အပါအ၀င် (၃) ဦး အမှုနဲ့ ပတ်သက်ပြီးတော့ အာရှလူ့အခွင့်အရေး ကော်မရှ လေ့လာသုံးသပ်ချက်တွေကို နားသောတဆင်ခဲ့ရတာဖြစ် ပါတယ် ခင်ဗျား။

0 comments:

Post a Comment