Tuesday, October 27, 2009

Filled Under:

လှိုင်မြို့နယ်မှ NLD အဖွဲ့ဝင်များ ဖမ်းဆီးခြင်း ခံရမှု

RFA ----- 21/ 10/2009

လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကိုရွေးဂျိုး (ခေါ်) ကိုမြတ်စိုး အပါအ၀င် (၃) ဦးကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးတော့ တရားမ၀င်တဲ့ သက်သေထွက်ချက်တွေနဲ့ ရုံးတင်စစ်ဆေးနေတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC မှ ထုတ်ပြန်ကြေငြာ လိုက်ပါတယ် ခင်ဗျား။

ကိုရွှေဂျိုး၊ ဒေါ်မြင့်မြင့်စန်းနဲ့ ကိုစိန်လှိုင်တို့ (၃) ယောက်ကို တရားမ၀င် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လထဲမှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် မေလကျမှ သူတို့ကို တရားစွဲခဲ့ပါတယ်။ မတ်လကနေ မေလအထိ ဖမ်းထားတဲ့ကာလဟာ တရားမ၀င် ဖမ်းဆီးထားတာဖြစ်တယ်။ ဒီကိစ္စဟာ အာဏာပိုင်တွေက ရာဇ၀တ်မှု ကျူးလွန်လိုက်တယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက RFA ကို ပြောဆိုပါတယ်။

“မတ်လအတွင်းကနေ စတင်ဖမ်းဆီးထားတာ ဖြစ်တယ်။ မေလအထိ အောင်သပြေ စစ်ကြောရေးစခန်းမှာ မတရား ဖမ်းဆီး ချုပ်နှောင်ထားတာ ဖြစ်တယ်။ အဲတော့ မေလ ကျတော့မှ အင်းစိန်ထောင်အတွင်းကို ပို့ပေးပြီးတော့မှ စက်တင်ဘာလ ရောက်တဲ့အခါကျတော့မှဘဲ တရားရုံးကို အမှုစွဲဖွင့်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် မတ်လကနေ စက်တင်ဘာလအထိ ဖမ်းဆီးထားခြင်းဟာ မတရားချုပ်နှောင် ဖမ်းဆီးထားခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။ တရားလိုဘက်က တင်ပြတဲ့ သက်သေအားလုံးကလည်း ဖမ်းဆီးခံရစဉ် အတွင်းမှာ ကိုရွေဂျိုး၊ ကိုစိန်လှိုင်နဲ့ မချိုတို့ကို နှိပ်စက်ညှဉ်းပန်းပြီးတော့ ရရှိလာတဲ့ သက်သေထွက်ချက်ကိုဘဲ တရားရုံးမှာ သက်သေခံအဖြစ် လာရောက်ပြီးတော့ ဖတ်ကြား တင်သွင်းတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။”

ကိုရွှေဂျိုးတို့ ၃ ဦးစလုံးကို အောင်သပြေ စစ်ကြောရေးစခန်းမှာ အစိုးရ ထောက်လှမ်းရေး အရာရှိတွေက ညှဉ်းပမ်းပြီး နှိပ်စက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ကိုရွှေဂျိုး အပါအ၀င် ၃ ဦးဟာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကို ထောက်ပံ့ကူညီဖို့အတွက် ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ အတိုက်အခံ အဖွဲ့အစည်းတွေထံကနေ အမေရိကန်ဒေါ်လာ ၁၅၀၀၀ (တစ်သောင်းငါးထောင်) ရယူခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားကြောင်း သိရတယ်လို့ အာရှ လူ့အခွင့်အရေးကော်မရှင် က ပြောပါတယ်။

0 comments:

Post a Comment