Wednesday, October 28, 2009

Filled Under:

မြန်မာနိုင်ငံသို့ သွားမည့် တရားသူကြီးများနဲ့ ရှေ့နေများအဖွဲ့ အထူးကိုယ်စားလှယ်ထံ AHRC မှ အိတ်ဖွင့်ပေးစာ ပေးပို့

RFA ----- 27/ 10/ 2009

သောတရှင်များခင်ဗျား။ လူ့အခွင့်အရေး ကောင်စီရဲ့ လက်အောက်ခံ ဌာန တခုဖြစ်တဲ့ လွတ်လပ်တဲ့ တရားသူကြီးများနဲ့ ရှေ့နေများဆိုင်ရာ ဌာန အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံ တရားသူကြီးချုပ် ဦးအောင်တိုးရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံက တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေကို လေ့လာဖို့ သွားရောက်မှာ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားက သတင်းထောက်တွေကို ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေကို သွားရောက်လေ့လာမဲ့ အထူးကိုယ်စားလှယ် Mrs Gabriela Carina Knaul de Albuquerque e Silva ဟာ အဓိကထား လေ့လာသင့်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင် ကနေ သူ့ကို အိတ်ဖွင့်ပေးစာ တစောင် ရေးသားလိုက်ပါတယ်။ အခုလို အိတ်ဖွင့်ပေးစာ ရေးသားတာနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ပြောဆိုပါတယ်။

“တရားသူကြီးချုပ် ဦးအောင်တိုး ကနေပြီးတော့ လွတ်လပ်တဲ့ တရားသူကြီးများနဲ့ ရှေ့နချုပ်များအဖွဲ့က အထူးကိုယ်စားလှယ်ကို အခုလို မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ တရားစီရင်ရေး စနစ်တွေကို လာရောက် လေ့လာနိုင်ဖို့အတွက် ဖိတ်ခေါ်တဲ့ ကိစ္စရပ်ကို ကျနော်တို့ အထူးတလည် ကြိုဆိုတာကို ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်။ အခုလိုသွားရောက်ဖို့ အခွင့်အလမ်း ကြုံတဲ့အခါမှာ အထူးလေ့လာ အကြံပြုဖို့အတွက် ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင် ကနေပြီးတော့ အကြံပြု တင်ပြထားတာ ဖြစ်ပါတယ် ခင်ဗျား။”

မြန်မာနိုင်ငံက တရားစီရင်ရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ် မစ္စခရယ်ဘီယ ဆယ်လဗားကို ရေးသားတဲ့ စာထဲမှာ မြန်မာနိုင်ငံက တရားစီရင်ရေးကဏ္ဍတွေဟာ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် မရှိရုံမကဘဲ ယိုယွင်းပျက်စီးမှုတွေ ရှိနေကြောင်း ဒီိကိစ္စနဲ့ ပတ်သက်ပြီး အဓိက အာရုံထား လေ့လာသင့်တဲ့ အချက် (၅) ချက်ကို ထောက်ပြ ရေးသားထားပါတယ်။

(၁) အချက်အနေနဲ့ မြန်မာနိုင်ငံက တရားစီရင်ရေး စနစ်ဟာ အချိန်တိုအတွင်း လူပုဂ္ဂိုလ် တဦးတယောက်၊ ဥပဒေ တစ်ခု၊ နှစ်ခုလောက် ပြင်ဆင်လိုက်ရုံနဲ့ ပြုပြင်လို့ ရနိုင်မှာ မဟုတ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ၁၉၆၂ ခုနှစ်၊ ဦးနေ၀င်း ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်း ကတည်းက အခုအချိန်အထိ နှစ်ပေါင်း (၅၀)လုံးလုံး မြန်မာနိုင်ငံက တရားစီရင်ရေးစနစ်ဟာ ယိုယွင်းပျက်စီးနေခဲ့တာ ဖြစ်ကြောင်း၊ ဒါကြောင့် လူတချို့၊ ဥပဒေတချို့ ပြင်ဆင်ရုံ ရေတို စီမံကိန်းနဲ့ ပြင်ဆင်လို့ ရနိုင်မှာ မဟုတ်ကြောင်း၊ တရားစီရင်ရေး ကဏ္ဍကြီး တခုလုံးကို ဆယ်စုနှစ်နဲ့ အချိန်ယူပြီး ရေရှည် ပြုပြင်ရမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

ဒုတိယ အချက်အနေနဲ့ မြန်မာနိုင်ငံက တရားစီရင်ရေး ကဏ္ဍအတွင်း ကျင့်ဝတ်သိက္ခာ ပျက်စီးမှုမှာ တရားသူကြီးတွေ၊ တရားရေး ၀န်ထမ်းတွေမက တရားခံ ရှေ့နေတွေဟာလည်း ဥပဒေအကျိုးဆောင် အလုပ်ထက် အမှုကြားပွဲစား အလုပ်ကို လုပ်ကိုင်နေရကြောင်း၊ ဘာကြောင့်လဲဆိုတော့ တရားသူကြီး၊ ရဲ၊ တရားလို တရားရေး ၀န်ထမ်း စတဲ့ သူတွေအကြား အမှုနဲ့ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ ကို တရားခံ ရှေ့နေက ကြားကညှိနှိုင်း ဆောင်ရွက်ပေးရတဲ့ အလုပ်ကိုသာ အဓိက လုပ်နေရကြောင်း။

တတိယ အချက်အနေနဲ့ အဂတိ လိုက်စားမှုနဲ့ ပြည့်နှက်နေတဲ့ မြန်မာ့ တရားစီရင်ရေးအပေါ် ပြည်သူတွေရဲ့ ယုံကြည်အားထားမှုဟာ သုညအဆင့်ကို ရောက်ရှိနေကြောင်း၊ တနည်းအားဖြင့် မြန်မာနိုင်ငံက တရားစီရင်ရေးအပေါ် ပြည်သူတွေဟာ လုံးဝ အယုံအကြည် မရှိတော့တဲ့ အချက်ဖြစ်ကြောင်း။

စတုတ္ထ အချက်နေနဲ့ မြန်မာနိုင်ငံဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဆိုနဲ့ အာဏာ (၃)ရပ်ဟာ သီးခြား တည်ရှိနေခြင်း မရှိတဲ့ အချက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တရားစီရင်ရေးဟာ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ဆိုသည့် အမိန့်များ၊ ပြဌာန်းချက်များဖြင့်လည်း အုပ်ချုပ်ခဲ့ဖူးကြောင်း၊ လွတ်လပ်တဲ့ ဥပဒေပြုရေး လွှတ်တော်လည်း မရှိခဲ့ကြောင်း၊ နောက် -----

ပဉ္ခမ အချက် အနေနဲ့ကတော့ တရားရုံးတွေဟာ အများပြည်သူ ကြားနာခွင့် ပြည့်ပြည့်၀၀ မရှိသလို တရားရုံးများ တရားစီရင်ရေးဆိုင်ရာ ကိစ္စများကို လွတ်လွတ်လပ်လပ် ရေးသား ဖေါ်ပြခွင့် မရှိတာဟာလည်း ပြဿနာတရပ် ဖြစ်နေရကြောင်း စတဲ့အချက်အလက်တွေကို မြန်မာနိုင်ငံကို သွားရောက်မဲ့ မစ္စတာ ခရယ်ဘာကို ပေးတဲ့စာထဲမှာ ရှင်းလင်း ရေးသားထားပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံက တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေကို အမြဲမပြတ် လေ့လာနေတာ ဖြစ်ပြီး အထူးသဖြင့် နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီး အရေးယူရာမှာ တရားရုံးတွေရဲ့ ဥပဒေကျင့်ထုံးနဲ့ မညီညွတ်တာတွေ၊ တရားရုံး တရားသူကြီးတွေနဲ့ တရားသူကြီးတွေရဲ့ ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ခြင်း မရှိတာတွေကို လေ့လာပြုစုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေ ထံကိုလည်း ပေးပို့နေတာ ဖြစ်ကြောင်း၊ အဲဒီလို အမှုကိစ္စတွေနဲ့ ပတ်သက်လို့လည်း သွားရောက်မဲ့ အထူးကိုယ်စားလှယ် အနေနဲ့ အလေးထား စေလိုကြောင်း လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက ဆက်လက် ပြောဆိုပါတယ်။

“တိုင်းရင်းသား ခေါင်းဆောင်တွေကို တရားခွင်တွေ ကနေပြီးတော့ ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ပေးထားတာရှိတယ်။ နောက်တခါ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဆေး စီရင်တဲ့အမှုတွေမှာ အမှန်မကန် ဖြစ်နေတဲ့ အချက်အလက်၊ ဆိုင်ကလုန်းနာဂစ်မှာ ကူညီတဲ့ သူတွေကို ပြစ်ဒဏ်တွေ ကြီးလေးစွာ ပေးထားတဲ့ ကိစ္စရပ်တွေကို ကျနော်တို့က အထောက်အထား စုံလင်စွာနဲ့ တင်ပြပြီးသား ဖြစ်တယ်။ အခုသွားမဲ့ ခရီးစဉ်အတွင်းမှာလည်း ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ တရားစီရင်ရေး စနစ်ရယ်။ နောက်ပြီး ဒီလိုမျိုး အမျှမတ၊ အမှန်မကန် စစ်ဆေး ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို ထိန်းကြောင်း ပဲ့တင် ပေးနိုင်မယ်လို့ ကျနော်တို့ အနေနဲ့ ယူဆပြီးတော့ ဒီနေ့ အိတ်ဖွင့်ပေးစာ ရေးသား ပေးပို့ရခြင်း ဖြစ်ပါတယ် ခင်ဗျား။”

ဦးမင်းလွင်ဦး ပြောဆိုခဲ့တာပါ။

(အာရှလူ့အခွင့်အရေး ကော်မရှင်မှ ပေးပို့သော အိတ်ဖွင့်ပေးစာကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။) http://www.ahrchk.net/statements/mainfile.php/2009statements/2273/

0 comments:

Post a Comment